သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ဦးတည်ချက်တချို့ ပြောင်း


အစိုးရသစ် ဦးတည်ချက်တချို့ ပြောင်း
အစိုးရသစ် ဦးတည်ချက်တချို့ ပြောင်း

အစိုးရသတင်းစာ မျက်နှာဖုံးတွေမှာ ရေးသားဖော်ပြနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဦးတည်ချက်တွေထဲက တချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ပြောင်းလဲဖော်ပြလာခဲ့ပါတယ်။ ဒီ ဦးတည်ချက်တွေဟာ နဂိုကတည်းက ဝါဒဖြန့်ချိရေးအတွက် အသုံးပြုခဲ့တာဖြစ်တဲ့အတွက် စာသား ပြောင်းပေမဲ့လည်း လက်တွေ့မှာ ထူးခြားမှုမရှိဘူးလို့ ဝေဖန် ပြောဆိုမှုတွေရှိသလို အစိုးရသစ်လက်ထက်မှာ ပြောင်းလဲမှု တစုံတရာ ရှိလာတယ်လို့ မြင်တဲ့သူတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အစိုးရအာဘော် နေ့စဉ်သတင်းစာတွေထဲမှာပါတဲ့ ဦးတည်ချက် ၁၂ ရပ်ထဲကနေ နိုင်ငံရေးဦးတည်ချက် ၃ ခု၊ စီးပွားရေးဦးတည်ချက် ၁ ခုနဲ့ လူမှုရေးဦးတည်ချက် ၁ ခု စုစုပေါင်း ဦးတည်ချက် ၅ ခုကို ရုတ်တရက် ပြင်ဆင် ဖော်ပြလိုက်တာပါ။ ဒီဦးတည်ချက် ၁၂ ခုဟာ အစိုးရရဲ့ လုပ်ငန်းစဉ် ဦးတည်ချက်တွေကို အတိုင်းတာတခု အထိ ထင်ဟပ်စေတယ်လို့ သူ့အနေနဲ့ ယူဆတဲ့အကြောင်း ဗဟု ဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျနော် မြင်တာကတော့ - ဒီသမ္မတရဲ့ မိန့်ခွန်း စထွက်လာတာကို ကျနော် ဖတ်ကြည့်တော့ သူ့ရဲ့ vision သဘောဆန်တာပေါ့ဗျာ။ ဆိုတော့ အခု ဦးတည်ချက် ၁၂ ရပ်မှာကျတော့ ကျနော်ထင်တာက mission သဘောမျိုး ပိုဆန်တယ်လို့ ထင်တယ်။ ယေဘုယျပြောရင်တော့ အစိုးရရဲ့ vision၊ mission လိုသဘောမျိုး ထုတ်လာတာလို့ ထင်တယ်။ ကျနော် ထင်တာကတော့ အများကြီးတော့ မပြောင်းဘူးခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာကိုယ်က အရင်ရရှိပြီးသား အောင်မြင်မှုတွေကနေ တိုင်းပြည်ကို နောက်တဆင့် ဆက်သွားမယ် ဆိုတာမျိုးပေါ့။ အဲဒီလိုအပေါ်မှာ တကယ် ယုံကြည်နေလို့လဲ အခုလိုမျိုး အရင်က အခြေခံကောင်းတွေ အပေါ် အခြေခံပြီးတော့ အခုဆက်သွားမယ် ဆိုတာမျိုး သုံးသပ်ချက်လဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရင် အခုလက်ရှိ mission မှာ ပြန်ကြည့်ဖို့လည်း လိုတာပေါ့နော်။ ခုနက သမ္မတ မိန့်ခွန်း ပြောသွားတဲ့ အနေအထားမှာဆိုရင် ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရေးတို့၊ သန့်ရှင်းတဲ့ လာဘ်စားမှုကင်းတဲ့ အစိုးရဖြစ်ရေးဆိုတဲ့ ကိစ္စတွေ၊ နောက်တခါ စီးပွားရေး ပွင့်လင်းစေရေး ဆိုတဲ့ကိစ္စတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့က လက်ရှိ mission တွေထဲမှာ ဘယ်လောက်အထိ ထင်ဟပ်သလဲပေါ့။ ဒါကိုလည်း ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ နောက်တခုကကျတော့ အစိုးရကနေပြီးတော့ သမ္မတရဲ့ မိန့်ခွန်းထဲမှာလည်း ပါတာပေါ့ဗျာ။ လူ့အခွင့်အရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေလည်း ပါတော့ ဒီကိစ္စတွေ အခုလက်ရှိ mission ထဲမှာ ဘယ်လောက်အထိ ပြန်ပြီးတော့ ထင်ဟပ်သလဲပေါ့။ ဒါကလဲ ကျနော်တို့ ပြန်ကြည့်ဖို့လိုတယ် ထင်တယ်။”

လက်တွေ့နဲ့ အပြော ကွာခြားမှုတွေကတော့ ရှိနေတာပါ။ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ဘယ်လောက်ပဲ ကြည့်ကောင်းအောင် ဝေေ၀ဆာဆာ ဖော်ပြနေပေမဲ့ အားလုံးကို လက်ခံယုံကြည်လို့ မရနိုင်ဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။ အရင်စစ်အစိုးရလက်ထက်နဲ့ အခု အသစ်တက်လာတဲ့ အစိုးရကြား ကွားခြားချက်တွေကို တိုင်းလို့ရတဲ့ ပေတံနဲ့ တိုင်းပြီး လက်ရှိအစိုးရအနေနဲ့ ဘယ်လောက်အထိ ပြောင်းလဲမှု တွေကို လုပ်ဆောင်ပေးမလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လောလောဆယ် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်တာကို တွေ့နေရ တယ်လို့ ဦးအောင်သူငြိမ်းက ဆက်ပြောပါတယ်။

“ကျနော် မြင်တာကတော့ အခုအနေအထားမှာ အပြောင်းအလဲတွေကတော့ တစုံတရာတော့သွားတယ်လို့ ကျနော် မြင်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကမျိုးဆက်တွေကို တချို့ အာဏာလွှဲ သွားပြီးတော့ ဆင်းသွားတဲ့ နားသွားတဲ့သဘောမျိုး ကျနော် ပိုပြီးတော့မြင်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်နေသေး သလဲ ဆိုတော့ အရင် အတိတ်ကာလကဖြစ်ခဲ့တဲ့ အရိပ်မဲက ဆက်ရှိနေသေးတယ်။ နောက်တခါကျတော့ ဗျူရိုကရေစီ ယန္တယားတစုံလုံးမှာလည်း ခြစားတာတွေ၊ အရည်အချင်း မထက်မြက်တာတွေကလည်း ရှိနေတဲ့အခါကျတော့ ကိုယ်ရှေ့ကို တကယ်သွားချင်ရင်တောင်မှ ဒီယန္တယားတွေက ဘယ်လောက်အထိ အလုပ်လုပ်နိုင်ပါ့မလဲ၊ ဘယ်လောက်အထိ ဖြစ်ပါ့မလဲ ပေါ့။ ဒီလိုမေးခွန်းတွေလည်း အများကြီးရှိတယ်။”

အစိုးရက ဘယ်လောက်ပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို ပြသနေပေမဲ့ ဒါတွေအားလုံးဟာ ဝါဒဖြန့်ချိရေးအတွက်သက်သက်သာ ဖြစ်ပြီး အနှစ်သာရပါတဲ့ ပြောင်းလဲမှုတွေ မဟုတ်တဲ့အကြောင်း ဝါရင့် သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ကြေးမုံ ဦးသာဘန်းက ပြောပါတယ်။

“ကျနော်တို့မြင်တာကတော့ သူတို့ လူသစ်၊ အစိုးရသစ်ဆိုတော့ အဟောင်းတွေ အောင်မြင်ခဲ့လို့ အသစ်ကို ဦးဆောင်တယ်ဆိုတာက sham (အတုအယောင်) ပဲဗျ။ သူတို့က လိမ်လည်နေတာပဲ။ လိမ်နည်းအသစ် ပေါ့ဗျာ။”

တကယ်တော့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက သတင်းစာတွေထဲမှာ စနစ်တကျ တာဝန်ပေး လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့ ဦးသာဘန်းကသုံးသပ်ပါတယ်။

“ဒါတွေအားလုံးဟာ ကျနော်တို့ မဆလခေတ်ကတည်းကပေါ့ဗျာ။ ပြည်သူပိုင်အသိမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ ဒီပေါ်လစီသတင်းတွေက အပေါ်ကနေ သူတို့ ဘုတ်အဖွဲ့ရှိတယ်ဗျ။ သူတို့ဘုတ်မှာ ပါတီ ဗဟိုကော်မတီတို့ ဘာတို့၊ ကောင်စီတောင် မပါဘူးဗျ။ အဲဒီလူတွေက လုပ်တာပဲ။ လူထုကိုလိမ်ဖို့အတွက် လုပ်တဲ့ကိစ္စပဲဗျ။ စစ်အာဏာရှင်ဟာ ဦးနေဝင်း ၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်အာဏာကို အလျှော့မှ မပေးခဲ့ဘဲ။ အခုဆက်လက်ပြီးတော့ စစ်အာဏာရှင်စနစ်ကို လိမ်လည်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာပြောတာပဲလေ။ အဲဒီဟာနဲ့ လိုက်လျောညီထွေတဲ့ Slogan တွေချတာပဲ။”

နေ့စဉ် သတင်းစာထဲမှာ ထည့်သွင်း ဖော်ပြနေတဲ့ ဦးတည်ချက် ၁၂ ခုထဲက တချို့ကို ဧပြီလ ၁၁ ရက်နေ့မှာ အခုလို ပြောင်းလဲဖော်ပြခြင်း မလုပ်ခင် ပြီးခဲတဲ့ ဧပြီလ ၈ ရက်နေ့က ဦးတည်ချက် အဟောင်းတွေကို နောက်ဆုံး ဖော်ပြခဲ့တာပါ။ ကြားထဲမှာ ဧပြီလ ၉ ရက်နဲ့ ၁၀ ရက် ၂ နားပြီး ဦးတည်ချက်သစ်တချို့နဲ့ ပြောင်းလဲ ဖော်ပြလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG