သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီရင်ခံမည်


မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီရင်ခံမည်

၁၆ ကြိမ်မြောက် ကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံအတွင်း လာမယ့် မတ်လ ၁၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Mr. Thomas Ojea Quintana) က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ကတိက၀တ် ပြုခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ဘာမှ မတွေ့ရသေးဘူးလို့ မစ္စတာ ကင်တားနားက သုံးသပ်ထားပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်ခေါ်ယူပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုကို အခုအချိန်အထိ မမြင်ရသေးဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ လာမယ့် အစိုးရသစ်၊ အာဏာပိုင်သစ် အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစိုးရ လုပ်ငန်းစဉ်တွေထဲမှာ အစီအစဉ်တခု အနေနဲ့ ထားသင့်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ အားရစရာ မတွေ့သေးပါဘူးလို့ သူက အခုလို ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်လို့ ကတိပြုထားပေမဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ပြောင်းလဲမှု မရှိပါဘူး။ မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပါပဲ။ လွှတ်တော်ခေါ်ယူပြီ ဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ကတိပေးခဲ့တာ ရှိပါတယ်။

“ကျနော့်အနေနဲ့တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အသစ်တက်လာမယ့် မြန်မာအာဏာပိုင်တွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အာဏာပိုင် အသစ်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာလည်း စောင့်ကြည့်ချင်ပါတယ်။”

မစ္စတာ ကင်တားနား အနေနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် အခု လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့အခါ လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ထင်ဟပ်နိုင်ပါ့မလား စဉ်းစားစရာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ မသွားနိုင်ပေမဲ့ အိမ်နီးချင်း ဒေသတွင်းအထိ သွားပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းတာတွေ၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

“အရှေ့တောင်အာရှ ဒေသကနေ ကျနော် မကြာခင်ကပဲ ပြန်လာတာပါ။ မလေးရှားနိုင်ငံကိုလည်း ရောက်ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာသူတွေပါ။ အခု အစီရင်ခံစာ တင်သွင်းတဲ့အခါ ဒီကိစ္စတွေကလည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မယ်။ တခြား အကြောင်းရပ်တွေနဲ့လည်း သတင်းအချက်အလက်တွေ စုဆောင်း ရရှိခဲ့ပါတယ်။ ဒီ ရထားတဲ့ အချက်အလက်တွေနဲ့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။”

အခုတင်ပြမယ့် အချက်အလက်တွေကို မြန်မာအာဏာပိုင်တွေကို ပေးပို့ခဲ့တာကြောင့်လည်း မြန်မာအာဏာပိုင်တွေဘက်က ပြန်လည်ချေပနိုင်တဲ့ အခြေအနေ အခွင့်အလမ်း ရှိတာကြောင့် သူ့ဘက်ကတော့ အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် လုပ်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အခု ကျနော်ရေးထားတဲ့ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် အစီရင်ခံစာကို မြန်မာအာဏာပိုင်တွေကိုလည်း ပေးပို့ထားပါတယ်။ သူတို့ဘက်က တစုံတရာ တုံ့ပြန်မှု ရှိမရှိတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျနော် တင်ပြ အစီရင်ခံမယ့် အကြောင်းအရာတွေကို သူတို့ဘက်က ပြန်လည် တုံ့ပြန်နိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။

“တကယ်တော့ အခု လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာအာဏာပိုင်တွေကို ခွင့်တောင်းခဲ့ပါတယ်။ အစိုးရသစ် ဖွဲ့ရေးနဲ့ အလုပ်ရှုပ်နေတာမို့ ကျနော့်ခရီးစဉ်ကို စီစဉ်မပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ မြန်မာနိုင်ငံကို သွားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ မစ္စတာ ကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မနှစ်တုန်းက အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ကို အခြေခံပြီး ကုလသမဂ္ဂ အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ရှိနေပြီး ဒီအပေါ် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လို လိုက်ပါ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ အရေးကြီးတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ဒီကိစ္စအပေါ် အရင်ဆုံး တာဝန်ရှိတာကတော့ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင် ဖြစ်ပါတယ်။ တပြိုင်တည်းမှာလည်း အစိုးရ အာဏာပိုင်တွေဘက်က အခုလို တာဝန်ယူနိုင်အောင် ကုလသမဂ္ဂဘက်က အကူအညီ၊ အထောက်အပံ့ ပေးဖို့လည်း ကုလသမဂ္ဂမှာ တာဝန်ရှိပါတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ ကိစ္စဟာ အခု ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာတင် မဟုတ်ပါဘူး၊ နယူးယောက်ခ် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုပါ တင်ပြထားပါတယ်။ ဒါဟာ ဆွေးနွေးဆဲအဆင့်မှာ ရှိပါတယ်။ တနည်းမဟုတ်တနည်း ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။”

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကိုတော့ ဥရောပ၊ အမေရိကန် အပါအ၀င် အနောက်နိုင်ငံ အတော်များများက ထောက်ခံထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို မဲခွဲဆုံးဖြတ်တာမျိုး၊ ဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းတာမျိုးတွေကိုတော့ ပြီးခဲ့တဲ့ တနှစ်လုံး မတွေ့ရသေးပါဘူး။

အခု လစ်ဗျားကိစ္စ အပါအ၀င် အရှေ့အလယ်ပိုင်းက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ အခြား ကုလသမဂ္ဂ အေဂျင်စီတွေ အားလုံး ပူးပေါင်းစဉ်းစား ကိုင်တွယ်နေတာကြောင့် ကမ္ဘာအ၀န်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုပ်ငန်းစဉ်တွေ အတွင်းမှာ ထိရောက်တဲ့ စနစ်တွေ၊ ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ပေါ်လာမလား ဆိုတာဟာလည်း စိတ်ဝင်စားစရာ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက သုံးသပ်ပြောခဲ့ပါတယ်။

XS
SM
MD
LG