သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးမှာ မြန်မာအခြေအနေ တိုးတက်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry - လူမှောင်ခိုကူးမှု အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောကြားနေစဉ် (၁၉ ဇွန် ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry - လူမှောင်ခိုကူးမှု အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောကြားနေစဉ် (၁၉ ဇွန် ၂၀၁၃)
အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာထဲမှာ လူကုန်ကူးမှု ကျူးလွန်တဲ့ အဆိုးရွားဆုံးအဆင့် Tier 3 အဆင့်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံကို အခုအခါမှာတော့ Tier 2 စောင့်ကြည့်စာရင်းထဲမှာ ပြောင်းလဲ ထည့်သွင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သားသုံးတာ၊ အဓမ္မ လုပ်အားခိုင်းစေတာနဲ့ လူကုန်ကူးမှုတွေ ပပျောက်စေဖို့အတွက် ပြီးခဲ့တဲ့နှစ်ထဲမှာ ထူးထူးခြားခြား ကြိုးစား ဆောင်ရွက်ခဲ့ပေမဲ့ လူကုန်ကူးမှု ပပျောက်အောင် လုပ်ဆောင်ရမယ့် အနိမ့်ဆုံးစံချိန်မှီအောင် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၂ ခုနှစ်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ လူမသိ သူမသိ သူတစ်ပါး အမြတ်ထုတ်တာ ခံနေရတဲ့သူ သန်းပေါင်း ၂၇ သန်းကျော် ရှိနေတာမို့ ဒီလူတွေအတွက် အရေးယူ ဆောင်ရွက်တဲ့အနေနဲ့ အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာလို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။

“ခေတ်သစ် ကျွန်ပြုတဲ့အလုပ်ဖြစ်တဲ့ လူကုန်ကူးမှုကိုကြည့်ရင် ကမ္ဘာပေါ်မှာ လူပေါင်း ကုဋေနဲ့ချီပြီး အမြတ်ထုတ်တာကို ခံနေရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါကို ပပျောက်အောင်လုပ်ဖို့ သိပ်မလွယ်လှပေမဲ့ ဒါဟာ လုပ်ကို လုပ်ရမယ့်ကိစ္စပါ။”

မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေကို လုပ်အား အဓမ္မစေခိုင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေသလို အမျိုးသမီးနဲ့ ကလေးငယ်တွေကို တခြားနိုင်ငံတွေကို လိင်ဖျော်ဖြေရေးအတွက် လူမှောင်ခို ခိုးပြီးပို့တာ ခံနေရတဲ့ နိုင်ငံလည်းဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီပြစ်မှုတွေကို ကျူးလွန်နေသူတွေထဲမှာ ပုဂ္ဂလိက ပွဲစားတွေသာမက အစိုးရ အရာရှိတွေပါ ပါနေတာက ပြဿနာကို ပိုပြီး ကြီးထွားစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အခုထိ မရပ်စဲသေးတာမို့ အဲ့ဒီဒေသတွေမှာ ပေါ်တာဆွဲတာ၊ လုပ်အားအဓမ္မ ခိုင်းစေတာနဲ့ ကလေးစစ်သား သုံးတာကို အများဆုံး တွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရပ်ခြားမှာ အဓမ္မ လက်ထပ်တာအပါအဝင် နယ်စပ်ဒေသ လူမှောင်ခိုကူးမှု ပပျောက်အောင် မနှစ်က မြန်မာအစိုးရဘက်က ဥပဒေတွေ ပြဌာန်းပြီး ကြိုးစားခဲ့ပေမဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးတာနဲ့ အပြစ်ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးတာမျိုး ဆက်ပြီး လုပ်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ၉ ဦးကို ဖမ်းဆီးခဲ့တာနဲ့ စစ်ဘက်က တာဝန်ရှိသူတွေပါလာရင် အဂတိလိုက်စားတာနဲ့ တာဝန်ယူမှုမရှိတာတွေကို တွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က အမေရိကန်အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာမှာ တာဝန်ယူ လုပ်ဆောင်မှု အဆင့်လိုက်ခွဲပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အစီရင်ခံစာတွေကြောင့် တိုးတက်လာတဲ့နိုင်ငံတွေ ရှိလာခဲ့တယ်လို့ ပြောပါတယ်။

“အခုလို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ရတဲ့ အကြောင်းရင်းကလည်း ဒီအစီရင်ခံစာဟာ မှန်မှန်ကန်ကန် ရိုးသားစွာနဲ့ တင်ပြထားတာမို့ အားလုံးက အလေးထားပြီး ဒီကိစ္စကို ဆွေးနွေးလာကြတာ တွေ့ရပါတယ်။ အခု လေ့လာချက်တွေအရ Tier 3 လို့ ဆိုးရွားတဲ့ စာရင်းမှာ ထည့်ထားတဲ့ နိုင်ငံတွေက ၂ ဆတိုးပြီး အရေးယူလုပ်ဆောင်လာတာ တွေ့ရပါတယ်။”

အရင် Tier 3 ကနေ အခု Tier 2 စောင့်ကြည့်အဆင့်ကို ရောက်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့နှစ်ထဲမှာ အဖွဲ့အစည်း ၂၆ ခုနဲ့ NGO တွေ ပါဝင်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုဌာနကို ဖွဲ့စည်းပြီး ကလေးစစ်သားအပါအဝင် လူကုန်ကူးခံရမှု မျိုးစုံအတွက် ကာကွယ်မှုတွေကို တိုးပြီး လုပ်ဆောင်လာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ပထမဆုံးအကြိမ်အဖြစ်နဲ့ စစ်ဘက်အရာရှိ ၃၇ ဦးကို တရားမဝင် စစ်သားစုဆောင်းမှုနဲ့ အရေးယူခဲ့သလို၊ လွှတ်တော်က အဓမ္မလုပ်အားပေး ခိုင်းစေမှု လုပ်နိုင်တဲ့ ဥပဒေနှစ်ခုကို ဖျက်သိမ်းပေးခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူကုန်ကူးခံရသူ ဘယ်သူဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အကူအညီတွေ ပေးခဲ့သလို ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ အရေးပေါ်အကူအညီအတွက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ချထားပေးခဲ့တာမို့ လူကုန်ကူးခံရတဲ့ သားကောင် ၅၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းမှာရော ပြည်ပရောက် နိုင်ငံသားတွေကို အကူအညီပေးတာတွေ တိုးလုပ်လာခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ကူညီဖို့အတွက် စခန်း ၅ ခု ဖွင့်ပေးခဲ့သလို၊ ပြည်တွင်း လူအများသွားလာတဲ့ နေရာတွေမှာ အသိပညာပေး စာရွက်စာတမ်းတွေ ဝေငှာတာနဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တိုးပြီးလုပ်လာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG