သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ စီးပွားရေး ဆက်ဆံမှု ရှေ့အလားအလာ


မြန်မာ-အိန္ဒိယ စီးပွားရေး ဆက်ဆံမှု ရှေ့အလားအလာ
မြန်မာ-အိန္ဒိယ စီးပွားရေး ဆက်ဆံမှု ရှေ့အလားအလာ

အောက်တိုဘာ ၁၇၊ ၂၀၁၁-စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်သွားဖို့ မြန်မာနဲ့ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေ သဘောတူ လိုက်ကြပါတယ်။

မြန်မာအစိုးရသစ် ခေါင်းဆောင် အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အိန္ဒိယနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်မယ့် သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်လို့ ဆိုပေမဲ့လည်း၊ နောက်ထပ် အိမ်နီးချင်း နိုင်ငံတခုဖြစ်ပြီး မြန်မာအစိုးရနဲ့ နီးစပ်မှု ရှိတယ်လို့ အများက ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါတွေ လျော့ပါးစေဖို့ ရည်ရွယ်တဲ့ ခြေလှမ်းတလှမ်း အဖြစ်နဲ့လည်း ကျွမ်းကျင်သူတွေက မြင်နေကြတာပါ။ အိန္ဒိယ-မြန်မာ အပြန်အလှန် ဆက်ဆံရေး အခြေအနေတွေနဲ့ ရှေ့အလားအလာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနဲ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ နယ်စပ်ကုန်သွယ်မှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ စတာတွေ အပါအဝင် စီးပွားရေး သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။ အိန္ဒိယသမ္မတ ပရတိပ ပတေး (Pratibha Patil) ရဲ့ ဖိတ်ကြားချက်နဲ့ ချစ်ကြည်ရေး အလည်အပတ်အဖြစ် သွားရောက်တာ ဖြစ်တယ်ဆိုပေမဲ့၊ မြန်မာနိုင်ငံက ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စွမ်းအင် ကဏ္ဍတွေက ဝန်ကြီးတွေ အများစု လိုက်ပါသွားကြတဲ့ ဒီခရီးစဉ်အတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေကို သဘောတူညီခဲ့ ကြတာပါ။

အိန္ဒိယနိုင်ငံက ကြီးထွားလာနေတဲ့ သူ့ရဲ့ စီးပွားရေးအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ ထုတ်ကုန်တွေအတွက် ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ၊ မြန်မာနိုင်ငံ အနေနဲ့လည်း ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့နဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်မှန်းနေချိန်မှာ အခုလို ဆက်ဆံရေးတွေ တိုးချဲ့သွားမယ့် အလားအလာတွေကို တွေ့မြင်လာရတာလည်း ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကတော့၊ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံစလုံးမှာ ဆက်ဆံရေးတွေ တိုးတက်အောင် လုပ်ရမယ့် အခြေခံကျတဲ့ အကျိုးစီးပွားတွေ ရှိနေကြတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံကနေ အခွင့်အလန်းတွေ ကြီးကြီးမားမားရအောင် အိန္ဒိယနိုင်ငံက ကြိုးစားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံ အနေနဲ့လည်း တရုတ်နိုင်ငံရဲ့ လောင်းရိပ်အောက်ကနေ ထွက်ဖို့ စိတ်အားထက်သန်နေတယ်လို့ ကျနော် ယူဆပါတယ်။ ဒါကြောင့်လည်းပဲ လတ်တလော ၂ နိုင်ငံဆက်ဆံရေးဟာ အင်မတန် နောက်တန်း ရောက်နေပေမဲ့ ရှေ့လျှောက် အိန္ဒိယဘက်က ဆက်ဆံရေးတွေ တိုးမြှင့်လုပ်ဆောင် လာနိုင်သလို၊ အနာဂတ်မှာ အကြီးအကျယ် တိုးတက်လာတာမျိုး တွေ့ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဆက်ဆံရေးတွေ တိုးချဲ့တယ်ဆိုတဲ့ နေရာမှာတော့ အထူးသဖြင့် စီးပွားရေး ကဏ္ဍတွေမှာ သိသိသာသာ တွေ့မြင်နေကြရတာပါ။ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး ကာလအတွင်း ၂ နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှု တန်ဘိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၀၀၀ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံက အိန္ဒိယကို တင်ပို့တဲ့ ပမာဏဟာ သန်းပေါင်း ၈၇၀ ကျော် ရှိသလို၊ အိန္ဒိယဘက်က မြန်မာနိုင်ငံကို တင်ပို့နေတဲ့ ကုန်ပစ္စည်း တန်ဘိုးကတော့ သန်းပေါင်း ၁၉၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံဘက်က အဓိကအနေနဲ့ ပဲအပါအဝင် စိုက်ပျိုးရေးနဲ့ သစ်တော ထွက်ကုန်တွေကို တင်ပို့နေတာ ဖြစ်သလို၊ အိန္ဒိယနိုင်ငံ ဘက်ကတော့ ဆေးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အဓိက တင်သွင်းနေတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ပမာဏ သန်းပေါင်း ၄,၄၀၀ အထိရှိနေတဲ့ နောက်ထပ် အိမ်နီးချင်း နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုတော့ အိန္ဒိယနိုင်ငံက မမှီသေးပါဘူး။ ဒီလို တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း စီးပွားရေးအရ အခိုင်အမာ ခြေကုတ်နေရာ ယူထားတဲ့အတွက် အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံ စလုံးမှာ စိတ်မသက်သာစရာ အခြေအနေတွေ ရှိနေတယ်လို့လည်း အကဲခတ်တွေက မြင်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးနေဇင်လတ် ကတော့ မြန်မာ့စီးပွားရေးမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတယ် ဆိုတာကို အသိအမှတ်ပြု ပြောဆိုခဲ့သလို၊ ဒီအခြေအနေကို ချိန်ခွင်လျှာ ထိန်းညှိဖို့ လိုအပ်နေတယ်လို့လည်း ပြောဆိုခဲ့တာပါ။
“ယေဘုယျအားဖြင့်ကတော့ ဒီအမြင်ကတော့ မှန်တဲ့အမြင်ပါပဲ။ ဈေးရောင်းရင်တောင်မှ ဖောက်သည်တယောက်တည်း အပေါ်မှာ လုံးဝဥသုံသွားမှီတယ် ဆိုတဲ့အခါကျတော့ အန္တာရာယ်ရှိတယ်ပေါ့။ ဖောက်သည်များလေ ပိုကောင်းလေပေါ့၊ ဒီသဘောတော့ ရှိတာပေါ့။ အဲဒီတော့ ကျနော်တို့က တနိုင်ငံတည်းပေါ့ဗျာ၊ အကြောင်းအမျိုးမျိုးကြောင့် အရင်တုန်းကတော့ အိမ်နီးနားချင်း နိုင်ငံမှာ ကိုယ်နဲ့အဆင်ပြေပြေ ဆက်ဆံတဲ့ နိုင်ငံကတော့ တရုတ်ပဲရှိတဲ့ အခါကျတော့၊ တရုတ်ဘက်ကတော့ အထူးသဖြင့် Business ties (စီးပွားရေး ဆက်ဆံမှုတွေ) ကတော့ များသွားတာပေါ့ဗျာ။ သို့သော်လည်း သဘာဝတရား အရကတော့ ရှိတဲ့နိုင်ငံတွေ အကုန်လုံးနဲ့တော့ ရသလောက် ဆက်ဆံမှုတွေကတော့ ရှိရမှာပေါ့။ အဲဒီတော့ သာမာန်ဆက်ဆံမှုအပြင် Business (စီးပွားရေးတွေ) ရှိလာတဲ့ အခါကျတော့ ပိုပြီးကောင်းတာပေါ့ဗျာ။ ဆက်ဆံရေးက ပိုပြီးခိုင်မြဲသွားတာပေါ့။”

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဗိရှနူး ပရာကတ်ရှ် (Vishnu Prakash) ကတော့ တရုတ်နိုင်ငံကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေတာမျိုး မရှိဘူးလို့ မြန်မာသမ္မတ ဦးသိန်းစိန် ရောက်နေတုန်းမှာပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် ကုန်သွယ်ဘက် အဖြစ်နဲ့သာမက တခြားတိုင်းပြည်တွေနဲ့ ဆက်သွယ်ရာမှာ အခရာကျတဲ့ တိုင်းပြည်တခု ဖြစ်တာမို့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ရည်ရွယ်နေတာသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“မြန်မာနိုင်ငံ တနိုင်ငံတည်းကသာ ကျနော်တို့နဲ့ ကုန်းပိုင်းမှာ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အရှေ့တောင်အာရှ တိုင်းပြည်တခုပါ။ ဒီကနေမှ တောင်အာရှနဲ့ အရှေ့တောင်အာရှ၊ အာဆီယံ ဒေသတခုလုံးအတွက် တံခါးပေါက် အဖြစ်နဲ့လည်း ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် မန်းဂ်မိုဟန်ဆင်း (Manmohan Singh) နဲ့ သမ္မတ ဦးသိန်းစိန် နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စွမ်းအင်ကဏ္ဍမှာ ဖူလုံမှုရှိစေဖို့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်မယ့် အကြောင်း အလေးထား ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏကတော့ ဒီနှစ်လယ်ပိုင်းအထိ ဒေါ်လာ ၁၈၉ သန်းလောက် ရှိနေပြီး၊ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေ ထဲမှာတော့ အဆင့် ၁၃ နေရာမှာသာ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုမှာ ထိပ်ဆုံးမှာ ရောက်နေတာကတော့ တရုတ်နိုင်ငံပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ဆုံ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး စီမံကိန်းကို ဆိုင်းငံ့ထားဖို့ သမ္မတဦးသိန်းစိန် မကြာသေးခင်တုန်းကပဲ ကြေညာလိုက်တဲ့နောက် ဒီလုပ်ငန်းမှာ ငွေကြေးအကုန်အကျခံ စိုက်ထုတ်ထားတဲ့ တရုတ်နိုင်ငံနဲ့ အချေအတင် ဖြစ်စရာတွေလည်း ကြုံနေရတာပါ။ ဒီအတွက် အခုအခါ အိန္ဒိယနိုင်ငံသာမက နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆက်ဆံရေးတွေမှာ မြန်မာအစိုးရက ပုံစံသစ်နဲ့ ချဉ်းကပ်လာလေမလား စောင့်ကြည့်ဖို့ လိုလာပြီလို့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ တာနဲလ် ကသုံးသပ်ပါတယ်။
“မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို ဆိုင်းငံ့ထားဖို့ သမ္မတ ဦးသိန်းစိန် ကြေညာခဲ့တာမို့ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေ ဆက်ဆံရေးအပေါ် အားလုံးက စောင့်ကြည့်နေကြပါတယ်။ ဒီလို အိန္ဒိယနဲ့ ဆက်ဆံရေး သာမက အမေရိကန် ပြည်ထောင်စုတို့လို တခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးတွေ တိုးတက်လာမလား စောင့်ကြည့်ဖို့ ကောင်းတယ်လို့လည်း ကျနော်ထင်ပါတယ်။”

အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှု အများစုကတော့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းတွေအတွက် ဒေါ်လာသန်း ၅၀၀ ချေးငှားသွားဖို့ အတွက်လည်း သမ္မတဦးသိန်းစိန် ရဲ့ ခရီးစဉ် အတွင်း အိန္ဒိယဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုပဲ အိန္ဒိယရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ဒေါ်လာသန်းပေါင်း ၁၂၀ တန်ဘိုးရှိတဲ့ စစ်တွေ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင် အသုံးပြုနိုင်အောင် မြန်မြန်ဆန်ဆန် အပြီးသတ်ဖို့ အတွက်လည်း ဆွေးနွေး သဘောတူညီမှု ရခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆိပ်ကမ်း တည်ဆောက် ပြီးစီးသွားရင်တော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ကုန်းတွင်းပိတ် ပြည်နယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ကုလားတန်မြစ် ရေလမ်းကြောင်းကတဆင့် အရှေ့အာရှ ဒေသကို ဆက်သွယ်ဖို့ လမ်းပွင့်သွားမှာ ဖြစ်သလို၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာလည်း ပိုပြီးတွင်ကျယ်လာစရာ အလားအလာတွေ ရှိနေတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG