သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ချုပ်ချယ်မှု မြန်မာဒုတိယ အဆိုးဆုံး


အင်တာနက်ချုပ်ချယ်မှု မြန်မာဒုတိယ အဆိုးဆုံး
အင်တာနက်ချုပ်ချယ်မှု မြန်မာဒုတိယ အဆိုးဆုံး

အင်တာနက်သုံးစွဲမှု လွတ်လပ်ခွင့် (Internet Freedom) နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံ အကြား အီရန်နိုင်ငံပြီးရင် အောက်ဆုံးအဆင့်မှာ သတ်မှတ်ခြင်း ခံထားရပါတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Freedom House ရဲ့ ၂၀၁၁ နိုင်ငံတကာ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာ ထဲမှာ မြန်မာအာဏာပိုင်တွေဟာ အင်တာနက်သုံးစွဲတဲ့ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချနေသလို အရပ်သားတွေအတွက် အင်တာနက်သုံးစွဲမှု ကန့်သတ်တာတွေကို ပိုပြီး စနစ်တကျလုပ်လာတယ်လို့ ဖော်ပြ ပါတယ်။ ဒီအစီရင်ခံစာ ရေးသားပြုစုသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲမှုတွေ အရင်ကထက် ပိုများလာတယ်ဆိုပေမဲ့ တချိန်တည်းမှာပဲ အင်တာနက် သုံးစွဲမှုကို ကန့်သတ်ပိတ်ဆို့တာတွေ ပိုကြီးလာတယ်လို့ Freedom House အဖွဲ့ကြီးက သုံးသပ် ထားပါတယ်။ စီးပွားရေးကိစ္စတွေနဲ့ အစိုးရဝါဒဖြန့်ချိရေးအတွက် အင်တာနက်ကို အစိုးရ အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် ပိုသုံးလာပေမဲ့ တဖက်မှာ အတိုက်အခံတွေက အင်တာနက် အသုံးမပြုနိုင်အောင် ဥပဒေ တွေနဲ့တမျိုး နည်းပညာနဲ့တမျိုး ပိတ်ပင် ကန်သတ်မှုတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အရပ်ဖက်သုံးနဲ့ ကာကွယ်ရေးဌာနသုံး အင်တာနက်ဝန်ဆောင်မှု စနစ်တွေကို ခွဲထုတ်လိုက်တာကို ထောက်ပြ ပါတယ်။ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာပါ မြန်မာနိုင်ငံအခြေအနေကို ပြုစုရေးသားသူ ကယ်လီဖိုနီးယားပြည်နယ် ဘာကလေတက္ကသိုလ်က ကိုမင်းဇင်က နိုင်ငံရေးအရ အင်တာနက် အသုံးပြုသူတွေကို ဖိနှိပ်တားမြစ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဥပဒေကို အသုံးပြုပြီးတော့ပဲဖြစ်ဖြစ်၊ ဥပဒေမဲ့ လုပ်တာပဲဖြစ်ဖြစ်ပေါ့လေ၊ ပုံသဏ္ဍန်မျိုးစုံနဲ့ ဖိနှိပ်မှုတွေကတော့ အင်တာနက်နယ်ပယ်မှာ ရှိတာတွေ့ရပါတယ်။ အထူးသဖြင့် အီလက်ထရောနစ် ဥပဒေပေါ့လေ။ ဒီဥပဒေကို သုံးပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူမှုရေးလှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် အရေးယူတာတွေ ရှိပါတယ်။ ဒီဥပဒေအရဆိုရင် လူတယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိတောင် ချနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို မကြာခင်ကဆိုရင် ဒီ အီလက်ထရောနစ်ဥပဒေကို အသုံးပြုပြီးတော့ ထောင်ဒဏ် ပြစ်ဒဏ်တွေ နှစ်ရှည်ချမှတ်တာတွေ တွေ့ရပါတယ်။ ဒါ ၂၀၀၉-၁၀ ခုနှစ်တွေမှာ အထင်အရှား ကျနော်တို့ တွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်တာနက်ကို တိုးချဲ့ဖို့ တဘက်က ကြိုးစား သော်လည်း တဘက်ကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပြင်းပြင်းထန်ထန် အရေးယူပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာ မလုပ်ရဲမကိုင်ရဲအောင် လုပ်လာတာတွေ တွေ့ရပါတယ်။”

ခုနကပြောသလို အခုအစိုးရသစ်လည်း ပေါ်လာပြီ။ တဖက်မှာ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် သူတို့လုပ်ရမယ် ဆိုတဲ့အခါကျတော့ နည်းပညာဆိုင်ရာ တစုံတရာ ဖွင့်ပေးရမှာပဲ။ အဲဒီတော့ ရေရှည်မှာ ဒီအင်တာနက်ကို ကန့်သတ်တာ၊ ဆင်ဆာလုပ်တာတွေကို အစိုးရသစ်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်ပါ့မလဲ။ -

“လုပ်နိုင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာက ကျနော်တို့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အထောက်အကူ ဖြစ်တယ်လို့ ယူဆရသလို အခြားတဘက်မှာလည်း အစိုးရဖက်က ဒီနည်းပညာကိုသုံးပြီးတော့ ဒီမိုကရေစီလှုပ်ရှားသူတွေ အတိုက်အခံတွေ ဖိနှိပ်တာဖြစ်ပါတယ်။ ဥပမာဆိုရင် ၂၀၁၀ အောက်တိုဘာလကစပြီး စစ်အစိုးရကနေပြီး တိုင်းပြည်တပြည်လုံးရဲ့ အင်တာနက်ကို ထိန်းချုပ် ထားတဲ့ လမ်းကြောင်းကို နှစ်ခုခွဲလိုက်ပါတယ်။ တခုက အရပ်သားတွေနဲ့ ဝန်ကြီးဌာနတွေသုံးဖို့ ဖြစ်ပါတယ်။ အခြားတခုကတော့ ကာကွယ်ရေးဝန်ကြီးဌာနကပဲ သုံးဖို့ဖြစ်ပါတယ်။ အကယ်၍များ တစုံတရာပေါ့လေ၊ ၂၀၁၀ ခုနှစ် သံဃာ့အရေးတော်ပုံကြီးလို ဖြစ်လာမယ်ဆိုရင်၊ အဲဒီတုန်းကတော့ တတိုင်းပြည်လုံးကို အင်တာနက်ကို သုံးပတ်လောက်နီးနီး ပိတ်လိုက်ရတာ ဖြစ်သွားပါတယ်။ အဲဒီလိုမျိုး တတိုင်းပြည်လုံး အင်တာနက် အဆက်အသွယ်ကို ပိတ်စရာမလိုဘဲနဲ့ တခုခုဖြစ်လာလို့ရှိရင် ဒီအရပ်သားတွေကို အရင်ပိတ်မယ်။ ဒီထက် ပိုဆိုးလာရင် စီးပွားရေးသမားတွေသုံးတဲ့ အင်တာနက်ကို ပိတ်မယ်။ ဒီထက်ပိုဆိုးလာရင် ဝန်ကြီးဌာနတွေကို ပိတ်မယ်၊ ဒါတွေ အကုန်လုံး ပိတ်လိုက်ရင်တောင်မှ ကာကွယ်ရေးဦးစီးဌာနက စစ်တပ်အတွက် အသုံးပြုတဲ့ အင်တာနက်ကို ပိတ်စရာမလိုဘဲ ဆက်ပြီးတော့ သုံးလို့ရတယ်။”

နောက်တခုက မြန်မာနိုင်ငံထဲမှာ အင်တာနက်သုံးစွဲမှုက ဘယ်လိုရှိပါသလဲ။ ကျနော်တို့ သတိထားမိသလောက် အင်တာနက်ကဖေးတွေ တော်တော်များများ ဖွင့်လာပါတယ်။ အဲဒီတော့ သုံးစွဲမှု အခြေအနေရော လွယ်လွယ်ကူကူ ရှိလား၊ အခြေအနေ ဘယ်လိုရှိပါသလဲ။ -

“အင်တာနက်သုံးစွဲမှုကတော့ မြန်မာနိုင်ငံထဲမှာ များလာပါတယ်။ နောက်ဆုံးရတဲ့ ကိန်းဂဏန်းအရတော့ အင်တာနက် အသုံးပြုသူ ၄ သိန်းလောက် ရှိမယ်လို့ပြောပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူဟာ လူဦးရေနဲ့တွက်ရင် ၁ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ အများကြီး နည်းပါသေးတယ်။ ဒါပေမဲ့ ဟိုးအရင်ကနဲ့ စာရင်တော့ တိုးတက်လာတာ ဖြစ်ပါတယ်။ ဟိုတုန်းကဆိုရင် အင်တာနက်သုံးတဲ့သူက ထောင်ဂဏန်း လောက်ပဲ ရှိပါတယ်။ အခုတော့ ပိုများလာတာတွေ့တယ်။ ၄ သိန်းလောက် ဖြစ်လာတယ်ဆိုတော့။ အင်တာနက် အသုံးပြုသူတွေကတော့ ပိုပြီးတော့ များလာပါတယ်။ နောက်တခုက လက်ကိုင်ဖုန်းတွေကို အသုံးပြုပြီးတော့ အင်တာနက်တွေကို ဘယ်လောက် သုံးနိုင်မလဲ။ ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ အင်တာနက် သုံးစွဲနိုင်မှု လွတ်လပ်မှုအတိုင်းအတာပေါ့၊ နိုင်ငံတကာနဲ့ယှဉ်ရင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဘယ်လိုရှိပါလဲ။

“မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှုကတော့ စာရင်းမှာလည်း ကျနော်တို့ တွေ့ရပါတယ်။ အခုကျနော်တို့ သုတေသနပြုထားတဲ့အထဲမှာ အီရန်က အဆိုးဆုံးပေါ့လေ။ အီရန်ပြီးရင် မြန်မာနိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေထဲမှာဆိုရင် ထိုင်းနိုင်ငံက မကြာခင်က အာဏာသိမ်းမှုတွေ၊ ရှပ်နီနဲ့ရှပ်ဝါ ပဋိပက္ခဖြစ်မှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံမှာလည်း အင်တာနက် အသုံးပြုမှုတွေအပေါ်မှာ ချုပ်ချယ်တာ၊ တားမြစ် တာ၊ ဘုရင်ကို ထိခိုက်မယ့်ဟာမျိုးတွေ မပြောရဘူး၊ မဆိုရဘူးဆိုပြီးတော့ ကန့်သတ်တာတွေတော့ ကျနော်တို့ တိုးလာတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံက အဆိုးဆုံးဖြစ်ပါတယ်။”

မကြာခင်ကဖြစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း လူထုလှုပ်ရှားမှုတွေမှာ အင်တာနက် လူမှုကွန်ယက်တွေကို အသုံးပြု တာတွေ ရှိတာကြောင့် ဒီဂယက်ဟာ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုရှိပါတယ်။ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖက်က အင်တာနက်အသုံးပြုပြီး လှုပ်ရှားဖို့ စဉ်းစားကြသလို တဘက်မှာ အာဏာပိုင်တွေ ဘက်ကလည်း အင်တာနက်နည်းပညာကိုပဲ သုံးပြီး ပိတ်ပင်မှုတွေ လုပ်လာနိုင်တယ်လို့ ကိုမင်းဇင်က ပြောပါတယ်။ အထူးသဖြင့်တော့ အင်တာနက် ဝန်ဆောင်မှုစနစ်ကို ဘယ်သူပိုင်တယ်၊ ဘယ်သူက အဓိက ချုပ်ကိုင်ထားသလဲဆိုတာ အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပက အတိုက်အခံ သတင်းမီဒီယာတွေနဲ့ အတိုက်အခံ ဘလော့ဂ်ဆိုက်တွေကို အင်တာနက်ကတဆင့် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အကြောင်း Freedom House အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ အင်တာနက်ဆိုင်ရာ နည်းပညာရပ်တွေ အတွက်လည်း မြန်မာအာဏာပိုင်တွေဟာ သူတို့ရဲ့ အစိုးရအရာရှိတွေကို စင်ကာပူ၊ ရုရှား၊ မြောက်ကိုရီယား နိုင်ငံတွေကို ပညာတော်သင် စေလွတ်ခဲတယ်လို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံကလည်း အင်တာနက် နည်းပညာ ဆိုင်ရာ အကူအညီတွေ ပေးနေတယ် ဆိုတာကိုတော့ CPJ သတင်းထောက်များ ကာကွယ်ရေး အသင်းရဲ့ ဖော်ပြချက်ကို ပြန်လည် ကိုးကားဖော်ပြထားပါတယ်။

XS
SM
MD
LG