သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်အကူအညီ ပြန်ရရေး ဆွေးနွေးမည်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်အကူအညီ ပြန်ရရေး ဆွေးနွေးမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်အကူအညီ ပြန်ရရေး ဆွေးနွေးမည်

ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ကတိပေးပြီး ဒီနှစ်ဆန်းပိုင်းမှာပဲ တက်လာတဲ့ မြန်မာအစိုးရသစ်ကို နှစ်အတော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ (ODA) ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးမှုအထောက်အပံ့တွေ ပြန်လည် ပေးအပ်သွားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ အထောက်အပံ့တွေ ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်တွေအပါအဝင် ၂ နိုင်ငံခြား ကိစ္စရပ်တွေ ဆွေးနွေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် ဟာလည်း ဒီတပတ်ထဲ ဂျပန်နိုင်ငံကို သွားရောက်မှာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအကူအညီတွေ ခြွင်းချက်နဲ့ ပြန်လည်ပံ့ပိုးရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အလားအလာတွေကို ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ တိုကျိုမြို့ကို လာရောက်ဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်မှူး ရှင်ဂျိ မိနာမိ (Shinji Minami) က ဗွီအိုအေကို အတည်ပြု ပြောဆိုလိုက်ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဍမောင်လွင် ဂျပန်နိုင်ငံကို ရောက်တဲ့ ခရီးစဉ်အပါအဝင် ဂျပန်နိုင်ငံက ခြွင်းချက်နဲ့ဲ့ ပြန်လည်ပေးဖို့ စီစဉ်နေတဲ့ ODA ခေါ် ဖွံ့ဖြိုးမှု အကူအညီပေးရေး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုအပြင် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်စတဲ့ ကိစ္စရပ်ကြီးလေးခုကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်။” - လို့ ပြောပြသွားတာပါ။

ဂျပန်နိုင်ငံကနေ ပေးအပ်နေတဲ့ ODA ဖွံ့ဖြိုးမှု အကူအညီတွေကို ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် ဂျပန်သတင်းထောက်တစ်ဦး သေဆုံးခဲ့ပြီးနောက် ဒီနှစ်ဇွန်လအထိ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ ယခုခြွင်းချက်သုံးခုနဲ့ ထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း၊ အဲ့ဒီခြွင်းချက်သုံးခုနဲ့ ပတ်သက်လို့ မစ္စတာ ရှင်ဂျိမိနားမိက အခုလို ရှင်းပြပါတယ်။

“ပထမအချက်ကတော့ လူလူချင်းစာနာမှုဆိုင်ရာ စီမံကိန်းတွေအတွက် ထောက်ပံ့မှု ဖြစ်ပါတယ်။ နောက်ဒုတိယအချက်ကတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို ရှေးရှုတဲ့စီမံကိန်းတွေနဲ့ ဈေးကွက် ပွင့်လင်းမှုရှိစေတဲ့ စီမံကိန်းတွေအတွက် ခြွင်းချက်ထားပေးပါ။ နောက်ဆုံး တတိယအချက်ကတော့ တခြားအာဆီယံနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ တနည်းအားဖြင့် ဂျပန်နိုင်ငံကနေ အာဆီယံနိုင်ငံတွေ အားလုံးကို ကမ်းလှမ်းနေတဲ့ ကူညီနေတဲ့ စီမံကိန်းတွေမှာ မြန်မာနိုင်ငံကိုလည်း ချန်လှပ်မထားပါဘူး။”

မြန်မာအစိုးရက မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာ နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးတာအပါအဝင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အထိုက်အလျောက် ရှိလာတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ODA အထောက်အပံ့တွေကို ခြွင်းချက်နဲ့ပြန်ပေးဖို့ စီစဉ်နေတာ လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဂျပန် ဒိုင်းယက်လွှတ်တော် နိုင်ငံခြားရေးရာ ဒု-ဝန်ကြီး မစ်စ် မာကီကို ကီကူတာ (Makiko Kikuta) က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ODA အကူအညီပေးရေး မူဝါဒပြောင်းလဲရေးကို စတင် ဆွေးနွေးခဲ့တာဖြစ်လို့ မစ္စတာ ရှင်ဂျိမိနားမိက အခုလို ဆိုပါတယ်။

“အဲဒီခရီးစဉ်အတွင်းမှာ မစ် ကီကူတာ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ODA မူဝါဒပြောင်းလဲရေးကို ကြေညာခဲ့ပါတယ်။ မြန်မာပြည်သူလူထု အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် စီမံကိန်းမျိုး တွေမှာ ခြွင်းချက်နဲ့ အကူအညီ ပေးသွားမယ်။ ဂျပန်အစိုးရ အနေနဲ့ ကိစ္စရပ်တစ်ခုချင်းစီအလိုက် သီးခြား စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။”

ဒီနှစ်ဇွန်လအထိ စီမံကိန်းအသစ်တွေအတွက် ODA အထောက်အပံ့တွေ ဆိုင်းငံ့ ထားခဲ့ပေမဲ့လို့ ၂၀၀၉ ခုနှစ် တစ်နှစ်တည်းမှာပဲ ODA ဖွံ့ဖြိုးမှု အကူအညီ ဂျပန်ယန်းငွေ သန်းပေါင်း၂,၅၀၀ ပံ့ပိုးခဲ့ပြီးတော့ ဂျပန် ကျွမ်းကျင်သူတွေ စေလွှတ်တာ၊ မြန်မာ ဝန်ထမ်းတွေကို ဂျပန်နိုင်ငံမှာ ကျွမ်းကျင်မှုသင်တန်းတွေ ပေးတာ အပါအဝင် နည်းပညာအကူအညီ အတွက်တော့ ဂျပန်ယန်းငွေ သန်းပေါင်း ၁,၈၀၀ ပံ့ပိုးခဲ့ပြီးဖြစ်ပါတယ်။

ယခုခြွင်းချက်နဲ့ ထပ်ပြီးကမ်းလှမ်းမယ့် ဂျပန်နိုင်ငံရဲ့ ODA အထောက်အပံ့တွေကို ဘယ်လိုကဏ္ဍတွေမှာ သုံးစွဲမှာလဲဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လာတဲ့အခါ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG