သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကြွေး ဒေါ်လာသန်းထောင်ချီ ဂျပန်လျှော်မည်


Syrian refugee children look at their Korean taekwondo instructor at Zaatari refugee camp near Mafraq, Jordan, Sept. 17, 2013.
Syrian refugee children look at their Korean taekwondo instructor at Zaatari refugee camp near Mafraq, Jordan, Sept. 17, 2013.

ဂျပန်နိုင်ငံအပေါ် မြန်မာတင်နေတဲ့ ဒေါ်လာသန်းပေါင်း ၃,၀၀၀ ကျော်ကို လျှော်ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ (Yoshihiko Noda) က ကြေညာလိုက်ပါတယ်။ အခြေတည်စ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲရေး လုပ်ငန်းတွေမှာ ကူညီနိုင်ရေးအတွက် ခုလို အကြွေးတွေကို လျှော်ပေးမှာ ဖြစ်သလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက်လည်း အကြွေးပြန်ပေးတော့မယ်လို့ ဂျပန်က ပြောခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဂျပန်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီးစည်းဝေးပွဲ အပြီး သမ္မတဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ တို့ စနေနေ့က တိုကျို မြို့တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ဒေါ်လာသန်းပေါင်း ၃,၇၀၀ ကျော်နဲ့ ညီမျှတဲ့ ယန်း သန်းပေါင်း ၃ သိန်းကျော် အကြွေးတွေရော အတိုးတွေကိုပါ လျှော်ပေးမယ်လို့ ဝန်ကြီးချုပ် နိုဒ က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် ငွေပြန်ချေးမယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ကဏ္ဍစုံမှာ ပြုပြင်ပြောင်းလဲရေးကို အားထုတ် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဂျပန်က အားပေးထောက်ခံတဲ့ အနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အကူအညီတွေကို တိုးပေးသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမယ့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။”

ဒီမိုကရေစီ ဖော်ဆောင်ရေးကို အခိုင်အမာဆက်ပြီး လုပ်သွားပါမယ်လို့ သူ့ကို အာမခံခဲ့တဲ့ သမ္မတဦးသိန်းစိန်ကို ကြားဖြတ်ရွေးကောက်ပွဲ လွတ်လွတ်လပ်လပ် ကျင်းပ ပေးခဲ့တာ အပါအဝင် သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အတွက်လည်း ကြိုဆိုခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပြပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ နိုဒ က ပြောပါတယ်။

နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် လုပ်လာတဲ့အပေါ် နိုင်ငံတကာက အံ့အားသင့်ခဲ့ကြပါတယ်။ မြန်မာအစိုးရအပေါ် အကြီးအကျယ် ဒဏ်ခတ် အရေးယူလာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကစပြီး ဦးသိန်းစိန်အစိုးရနဲ့ ဆက်ဆံရေးသစ် တည်ဆောက်ပြီး သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ တဆင့်ချင်း တုံ့ပြန်နေပါတယ်။ EU ဥရောပသမဂ္ဂ ဘက်ကလည်း ဒီရက်ပိုင်းထဲမှာကို အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ လျှော့ပေါ့ပေးလိမ့်မယ်လို့ မျှော်လင့်နေချိန်မှာ ဂျပန်နိုင်ငံက နှစ်ပေါင်းများစွာကတည်းက မြန်မာအစိုးရပြန်မဆပ်တဲ့ အကြွေးဒေါ်လာ သန်းထောင်ချီကို လျှော်ပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

“လူနည်းစု တိုင်းရင်းသား ပြည်သူတွေကို ကူညီထောက်ပံ့ပေးတာ အပါအဝင် ပြည်သူတွေရဲ့ဘဝ နေထိုင်မှုတွေ တိုးတက်ရေး၊ ပြည်သူတွေရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို သူ့အစိုးရက အာရုံစိုက်လုပ်နေတဲ့ အကြောင်းကို သမ္မတဦးသိန်းစိန်က ရှင်းပြပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေးနိုင်ဖို့ ဥပဒေပြဌာန်းချက် တချို့ကို ပြန်လည် သုံးသပ်နေတာကိုလည်း သမ္မတက ပြောပြပါတယ်။ ဒီအချက်တွေကြောင့် မြန်မာဘက်က တင်နေတဲ့ အကြွေးတွေကို လျှော်ပေးဖို့ ကျနော်တို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။”

နှစ်ပေါင်း ၃၀ နီးပါးအတွင်း ဂျပန်နိုင်ငံကို မြန်မာက နိုင်ငံတော်အကြီးအကဲ အနေနဲ့ ပထမဆုံးသွားတဲ့ သမ္မတဦးသိန်းစိန်ကလည်း ခုလိုဂျပန်က အကြွေးတွေ အတိုးတွေကို လျှော်ပေးတဲ့အတွက် မြန်မာနိုင်ငံက ပြောင်းလဲရေး လုပ်ငန်းတွေမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက ပြန်လည် ပေးဆပ်ရမယ့် ကြွေးမြီကိစ္စများ ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့နဲ့ နှစ်ဦးနှစ်ဘက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်အစိုးရနဲ့ တာဝန်ရှိသူများ၊ ဂျပန်ပြည်သူများ အားလုံးကို မြန်မာပြည်သူများရဲ့ ကိုယ်စား များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။ အဲဒီလို ကြွေးမြီကိစ္စ ဖြေရှင်းနိုင်ရေး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနဲ့ အကူအညီပေးမှုများ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ အတွက် မြန်မာပြည်သူများရဲ့ ကြိုးပမ်းမှုအပေါ်မှာ လွန်စွာ အထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။”

တကယ်တော့ ဂျပန်နိုင်ငံဟာ အရင်ကတည်းက မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီတွေကို အများဆုံးပေးခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဂျပန်စီးပွားရေး လုပ်ငန်းတွေဟာလည်း မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက စီးပွားရေးလုပ်နေကြပါတယ်။ အခုကတော့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အစိုးရကြောင့်ရော အထူးစီးပွားရေးဇုံတွေ ဖန်တီးလာတဲ့ အတွက်ပါ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ဂျပန်ကုမ္ပဏီတွေ ပိုပြီး စိတ်ဝင်စားနေကြ၊ စီးပွားရေး အခွင့်အလမ်းတွေကို လေ့လာနေကြပါတယ်။

ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သောကြာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အခွင့်အလမ်းတွေ ပွင့်နေပါပြီလို့ ပြောပြီး ဖိတ်ခေါ်ခဲ့တာပါ၊ ဦးသိန်းစိန် သမ္မတတာဝန် ယူပြီးတဲ့နောက် ဒေသတွင်းက အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီကို သွားရောက်ခဲ့ပေမဲ့ ဂျပန်နိုင်ငံလို စက်မှုအင်အားကြီး နိုင်ငံတခုဆီကို အခုမှ ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ တောင်ပိုင်းမှာ လုပ်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုံ အတွက် အသေးစိတ် စီမံကိန်းတွေကို ဂျပန်က ကူညီရေးဆွဲပေးမှာ ဖြစ်တယ်လို့ Reuters သတင်းထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သီလဝါ အထူး စီးပွားရေးဇုံထဲမှာ အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံကိန်း Project တွေကို ပြိုင်ဘက်တွေထက် ဂျပန်ကုမ္ပဏီတွေက ရနိုင်ဖို့ ပိုတပန်းသာတဲ့ အနေအထားမှာ ရှိနေပါတယ်။

XS
SM
MD
LG