သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်


မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်
မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားအစိုးရဆိုတာ တက်လာပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာကတော့ အတော်လေးကို အကောင်းမြင်သဘောနဲ့ တုန့်ပြန်လာကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက ထောက်ခံထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုနဲ့ ကူညီ ထောက်ပံ့တာတွေလည်း ဝင်လာဖွယ်ရှိနေပြီလို့ ဗွီအိုအေ သတင်းထောက် Brian Padden က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတာကနေ လွှတ်ပေးခဲ့ပြီးတဲ့နောက် လူတွေရဲ့ အခြေခံ လိုအပ်ချက်အတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဂျပန်နိုင်ငံက ပြန်ပေးခဲ့တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kimihiro Ishikane က က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးအကြို၊ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တာတွေ ပြန်စတဲ့အဆင့်ထိတော့ ကျနော်တို့ မရောက်သေး ပါဘူး။ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ သတိ ကြီးကြီးထားပြီး ဆက်လက် စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရက နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ အခုလမ်းကြောင်း ကို ထောက်ခံပေးသွားဖို့ ကတော့ ကျနော်တို့ အသေအချာကို အဆင်သင့်ရှိနေပါတယ်။”

အဖွဲ့ဝင် ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ထမ်းဆောင်ရေး အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေက တညီတညွတ်ထဲ ထောက်ခံခဲ့ကြပြီးတဲ့နောက်မှာ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောခဲ့တာပါ။

မြန်မာအစိုးရက ဆက်ပြီး အကျဉ်းချထားဆဲရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အတိုက်အခံ ပါတီတွေအားလုံးကို နိုင်ငံရေးစနစ်ထဲမှာ အပြည့်အ၀ ပါဝင်ခွင့် ပေးရေးတို့ဟာ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ စီးပွားရေး အကျိုးဖြစ်ထွန်းဖို့ပါပဲလို့ Ishikane က ပြောပါတယ်။

အာဆီယံ ဒေသတခုလုံးအနေနဲ့ ဆိုရင် စီးပွားရေး တိုးတက်နေပြီး ဂျပန်၊ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေဆီကနေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလန်းတွေ ဝင်လာနေတယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုက ပြောပါတယ်။

အာဆီယံဒေသရဲ့ အားနည်းချက်တခုက အခြေခံအဆောက်အအုံပိုင်း လျော့နည်းတာဖြစ်တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Ishikane က ပြောပါတယ်။

မြန်မာနိုင်ငံ ကိစ္စမှာဆိုရင် အခြေခံအဆောက်အအုံပိုင်း အားနည်းချို့တဲ့တာနဲ့ စီးပွားရေး အရ တသီးတခြား အထီးကျန် ဖြစ်နေတာတွေက မဲခေါင်ဒေသကနေ အိန္ဒိယနိုင်ငံဆီ တိုက်ရိုက် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ဖို့ရာမှာ အတားအဆီး ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“လမ်းတွေ၊ ဆိပ်ကမ်းတွေ အများကြီးရှိတယ် ဆိုပေမဲ့ မဲခေါင်ဒေသရဲ့ တခြား အစိတ်အပိုင်းတွေကနေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ အသုံးပြုနိုင် တဲ့အဆင့်မှာ ရှိမနေပါဘူး။ ဒီ ပျောက်နေတဲ့ အစိတ်အပိုင်းကိုသာ ချိတ်ဆက်နိုင်မယ် ဆိုရင် မာလက္ကာ ရေလက်ကြားကို ဖြတ်စရာ မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာထဲကို တိုက်ရိုက် ရောက်နိုင်ပြီးတော့ အာဆီယံဒေသ၊ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်း ဒေသကို အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။”

အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေ ဒေါ်လာ ၂၀ ဘီလီယံနီးပါးကို ဂျပန်နိုင်ငံက ထောက်ပံ့နေတယ်လို့ Ishikane က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သိသာထင်ရှားပြီး ရေရှည်ခံတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ်ဆိုရင် အဲဒီထောက်ပံ့ငွေထဲက အများအပြားကို မြန်မာနိုင်ငံအတွက် ပေးချင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသားတချို့ကိုလွှတ်ပေးတာ၊ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ခဲ့တာတွေကို အတန်ငယ် လျှော့ပေါ့ သက်သာပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ စသည်အားဖြင့် ပြုပြင် ပြောင်းလဲနေပါတယ်ဆိုတာကို ရည်ညွှန်းတဲ့ လုပ်ရပ်တချို့ကို ပြီးခဲ့တဲ့လပိုင်းအတွင်း လုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ကြောင်း ပြန်လှည့်လို့မရအောင် ခိုင်မာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံအများအပြားက မြန်မာအစိုးရကို ဆက်ပြီး တောင်းဆိုနေပါတယ်။

XS
SM
MD
LG