သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ဖွဲ့မည်


မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ဖွဲ့မည်
မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ဖွဲ့မည်

မြန်မာနိုင်ငံတွင်း သတင်းဂျာနယ်အသီးသီးက သတင်းထောက်တွေကို အကာအကွယ် အကူအညီပေးဖို့ အဖွဲ့တဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေနဲ့ စာနယ်ဇင်းအဖွဲ့နဲ့ သတင်းဂျာနယ် အယ်ဒီတာတွေ စုစည်းပြီး ဖွဲ့စည်းနိုင်ဖို့ စတင် လုံးပမ်းနေပြီဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ စာပေသတင်းသမားတွေ အကြား အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်လာနိုင်မယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ပိုရလာနိုင်တယ်လို့ စာနယ်ဇင်းတာဝန်ရှိသူအချို့ ယူဆပေမဲ့ သတင်းစာနယ်ဇင်းသမားတွေကတော့ ဒီအဖွဲ့ရဲ့ လက်တွေ့ လုပ်နိုင်ချေကိုပဲ သံသယနဲ့ စောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သတင်းယူနေတဲ့သတင်းထောက်တွေကို အကူအညီ အကာအကွယ်ပေးနိုင်ဖို့ ဦးတည်ဖွဲ့စည်းတဲ့ ဒီကော်မတီကိုတော့ Committee for Professional Conduct လို့ အမည်ပေးထားပါတယ်။ သတင်းထောက်တွေရဲ့ ကျင့်ဝတ်ဆိုင်ရာကို ထိန်းညှိပေးမှာဖြစ်သလို တဘက်မှာ သတင်းထောက်တွေကို အကာအကွယ်ပေးသွားဖို့လည်း ရည်ရွယ်ပါတယ်လို့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ကိုကို(စက်မှုတက္ကသိုလ်) က ရှင်းပြပါတယ်။

“သတင်းများလိုက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ကျနော်တို့ ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့၊ အကယ်၍ သတင်းများရယူရမှာလည်း ကျနော်တို့ အဖွဲ့အစည်းတွေ၊ တခြားသော အဲန်ဂျီအို ဒါမှမဟုတ် တခြားသော အာဏာပိုင် အဖွဲ့အစည်းတွေ ကြားထဲမှာ မမျှော်လင့်တဲ့ နားလည်မှုလွဲမှားတာတွေ ဖြစ်ရင်လည်း ဒီကော်မတီအနေနဲ့ ဝိုင်းဝန်းပြီးတော့ ကျနော်တို့ လိုအပ်တာတွေ ညှိနှိုင်းဖြေရှင်းပေးဖို့ပါ။”

အဲဒီတော့ ဒါက ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ကြီးကြပ်ပြီး စီစဉ်တာဆိုတော့ တဘက်မှာ သတင်းထောက်တွေရဲ့ ခုနကပြောတဲ့အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေကို အကာအကွယ်ပေးမယ် ဆိုတော့ နည်းနည်း conflict ဖြစ်မနေဘူးလား။ ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်ပါ့မလဲ။ -

“ပြန်ကြားရေးဝန်ကြီးဌာန ပါနေတယ်လို့ ပြောတဲ့အတွက်ကြောင့် independent ဖြစ်ပါ့မလားဆိုတာတော့ မေးခွန်းမေးစရာ ရှိပါတယ်။ သို့သော် ဖွဲ့ရမယ့်ကိစ္စက သူ့အရပ်နဲ့သူ့ဇာတ်ဆိုတဲ့သဘောလည်း ဖြစ်တယ်ဗျ။ တခါတခါကျရင် နိုင်ငံတကာစံညွှန်းစံထားတွေနဲ့ ချိန်မယ်၊ အဲဒီ စံညွှန်းစံထားတွေနဲ့ကျမှပဲ ကျနော်တို့ လုပ်မယ်ဆိုရင် ရနိုင်ဖို့က နှောင့်နှေးသွားနိုင်တယ်။ တဖက်ကလည်း အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုမပါဘဲနဲ့ ကျနော်တို့ နိုင်ငံမှာ တိုက်ရိုက် အဖွဲ့တခုကနေ လုံးဝလွတ်လပ်တဲ့ အဖွဲ့အစည်း တခုကနေပြီးတော့ ဝင်ရောက်ဖြေရှင်းပေးဖို့ ဆိုတာကတော့ လောလောဆယ်အနေအထားတွေမှာ ခက်ဦးမယ်ထင်ပါတယ်။”

ဒီကော်မတီကနေပြီးတော့ သတင်းထောက်တွေရဲ့ တဦးချင်း လူမှုရေး၊ တခြား ရပိုင်ခွင့်တွေကို ဝိုင်းဝန်း ဆောင်ရွက်ပေးမယ် ဆိုတော့ တဖက်မှာ စာနယ်ဇင်းလောကမှာဖြစ်နေတဲ့ သတင်းလွတ်လပ်ခွင့်၊ ဆင်ဆာကိစ္စတွေနဲ့ပတ်သက်လို့ရော တစုံတရာ ဝင်ရောက်ဖြေရှင်းဖို့ စဉ်းစားချက် ရှိပါသလား။ -

“ကျနော်တို့ ဖြည်းဖြည်းချင်း လုပ်ယူရမယ့်ကိစ္စတခုလို့ မြင်တယ်။ ကျနော်ကတော့ အဲဒီဟာကို စလာ ကတည်းက ကျနော်တို့က press freedom ကိစ္စတို့၊ censorship ကိစ္စတို့ဘာတို့ဆိုတဲ့ ဟာတွေပေါ့ဗျာ။ အဲဒီလိုမျိုး သွားနေမယ်ဆိုရင်တော့ ဒီအဖွဲ့ကြီးက ပေါ်ပေါက်လာဖို့မလွယ်ဘူး။ အဲဒီတော့ ကျနော်တို့ လုပ်လို့ရသလောက်လေးနဲ့ စလုပ်မယ်။ ကျနော်တို့ အာဏာပိုင်တွေရဲ့ ယုံကြည်မှုကိုလည်း ရဖို့လိုတယ်။ ဒီအဖွဲ့ပေါ်မှာ ပူးပေါင်းပါဝင်မယ့် ဂျာနယ်လောကသားတွေရဲ့ ယုံကြည်မှုလည်း လိုတယ်။ အဲဒီယုံကြည်မှု နှစ်ခုဟာ တကယ်ရလာပြီဆိုရင် ခုနကပြောတဲ့ censorship ကိစ္စတို့၊ press freedom ကိစ္စတို့ကိုလည်း ကျနော်တို့ ကူညီဆောင်ရွက်ပေးဖို့က သိပ်ခက်ခဲလိမ့်မယ် မထင်ဘူး။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ ယုံကြည်ကြဖို့အတွက်ကို အရင်ဆုံး လုပ်ကြရဦးမယ်။”

သတင်းထောက်တွေ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပိုရလာဖို့ဆိုရင် အာဏာပိုင်တွေနဲ့ အပြန်အလှန် ယုံကြည်နားလည်မှုရှိဖို့ လိုတယ်လို့ ကိုကို(စက်မှုတက္ကသိုလ်) က ပြောပေမဲ့ သတင်းသမားတွေကို တကယ်ပဲ ကူညီကာကွယ်ပေးနိုင်မလား ဆိုတာကို သတင်းသမားတွေ စာနယ်ဇင်းသမား အတော် များများကတော့ သံသယရှိနေဆဲပါ။ လက်တွေ့ ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ချင်တယ်လို့ နိုင်ငံရေးဆောင်းပါးတွေ ဆက်တိုက်ရေးလာတဲ့ ရုပ်ရှင် ဒါရိုက်တာချိုတူးဇော်က ပြောပါတယ်။

“လုပ်ပေးခါမှပဲ လုပ်ပေးတယ်လို့ ကျနော်တို့ လက်ခံရမှာပဲဗျ။ လောလောဆယ် အခု ကိုသားညွှန့်ဦးနဲ့ စကားပြောနေတဲ့အချိန်မှာ ကျနော် အင်တာနက်သုံးမယ်ဗျာ။ ကျနော် သုံးလို့မရဘူးခင်ဗျ။ ကျနော့်ကို ဖေ့စ်ဘုက် ပိတ်ထားတယ်။ ကျနော့်ရဲ့ ဖေ့စ်ဘုက်ကို တိုက်ခိုက်ထားတာပေါ့။”

တခြား သတင်းလောကသားတွေကရော အခုဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုမြင်ကြလဲခင်ဗျ။ -

“တချို့လူတွေက ဒီလိုမျိုး လုပ်ပေးတာကိုပဲ သူတို့စိတ်ထဲမှာ ဒါဟာ အရမ်းလုပ်ပေးတယ်လို့ မြင်တဲ့သူတွေ ရှိသလို တချို့ ကျနော်တို့ပေါ့နော် ဒီဘက်က ကျနော်တို့လူတွေကတော့ ဒါက လုပ်ပေးတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ နဂိုကတည်းက ကျနော်တို့ အခွင့်အရေးလေဗျာ။ ဘယ်သူကမှ ဘယ်လိုလူမျိုးကမှ ကျနော်တို့ကို ပိတ်ပင်ပိုင်ခွင့်ကို မရှိတာဗျ။”

ဒါပေမဲ့ ခုနကပြောသလိုပေါ့ သတင်းထောက်တွေအတွက် တကယ်တမ်း ဘာမှ ရပ်တည်ပေးမယ့် အဖွဲ့အစည်း မရှိတာနဲ့စာရင် ဒီလိုအဖွဲ့အစည်းလေးတရပ်ပေါ်လာရင်ရော ပိုမကောင်းလာနိုင်ဘူးလား။ အဲဒီလိုထောင့်ကရော ကြည့်လို့မရဘူးလား။ -

“အခုဆိုရင် ကျနော်တို့ သတင်းကြည့်နေရင်းနဲ့ အောက်ကနေ စာတမ်းတွေ ထိုးနေတယ်ဗျာ။ ပြည်သူ့ အစိုးရတရပ် ပေါ်လာတော့မည်တို့ဘာတို့ပေါ့။ အဲဒီလိုမျိုးဆိုရင် ဒီသတင်းထောက် အဖွဲ့အစည်းတွေ ဘာတွေထက်ကိုဗျာ၊ ကျနော် ပြောပြီးပြီပဲ ၁၉၄၈ ကနေ ၁၉၆၉ လောက်ထိနဲ့တူပါတယ်ဗျာ။ စာပေ စိစစ်ရေးတခုက လုံးဝမရှိခဲ့ဘူးဗျ။ ပြီးတော့ ကျနော်တို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ ပြည်သူ့ဟစ်တိုင်တို့လို ဟာမျိုးကလည်း ရှိတယ်ဗျ။ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်ဆိုတာလည်း ရှိတယ်။ ကျနော်တို့ အခု တက်လာမယ့်အစိုးရသည် ဖဆပလ လောက်တောင်မှ မပေးနိုင်ရင် ဒါကို ပြည်သူအစိုးရလို့ ခေါ်ဖို့ မသင့်ဘူးလို့ ကျနော် ထင်တာပဲဗျာ။”

ဒီ အဖွဲ့ဖြစ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေနဲ့စာနယ်ဇင်းအဖွဲ့နဲ့ သတင်းဂျာနယ်တွေက သုံးပွင့်ဆိုင် စီစဉ်နေကြတာ ဖြစ်ပေမဲ့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေ ရွေးခြယ်တဲ့နေရာမှာတော့ သတင်းဂျာနယ်ဖက်က ပုဂ္ဂိုလ်တွေနဲ့ပဲ အဓိကထားဖွဲ့ဖို့ သတင်းဂျာနယ်ဖက်က တောင်းဆိုထားပါတယ်။ သတင်းဂျာနယ် သမားတွေပဲ တာဝန်ယူဖွဲ့ဖို့ အာဏာပိုင်တွေဖက်ကလည်း ခွင့်ပြုထားပြီဖြစ်တယ်လို့ ဂျာနယ် အယ်ဒီတာချုပ်တဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

XS
SM
MD
LG