သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအေးချမ်းသာယာရေး ဥပဒေပညာရှင်တွေ ဝိုင်းဝန်းဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


မတူညီတဲ့ သဘောထားတာတွေကို အေးအေးချမ်းချမ်းနဲ့ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ညီညွတ်ရေးနဲ့ အေးချမ်းသာယာရေးကို အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီအတွက် ဥပဒေပညာရှင်တွေအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းရဲ့ မိတ်ဆက်ပွဲအခမ်းအနားမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဥပဒေပညာရှင်တွေကို ဖိနှိပ်ခဲ့တာကြောင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက်မှာ အခုလို မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းကို ပထမဆုံးအကြိမ် တရားဝင်ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ မရှိမဖြစ် လိုအပ်နေတဲ့ ဥပဒေပညာရှင်အဖွဲ့ ပေါ်ပေါက်လာတာကို ဂုဏ်ယူမိကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ အသင်းမိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

“တရားဥပဒေစိုးမိုးမှု ရှိမှ ဒီနိုင်ငံက ပြည်သူတွေ စိတ်လုံခြုံမှု ရှိမှာပေါ့နော်။ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိမှလည်း နိုင်ငံရဲ့သိက္ခာကို ကျမတို့ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားများ စိတ်လုံခြုံမှု မရှိတဲ့ နိုင်ငံဟာ အင်မတန်မှ သိက္ခာမဲ့တဲ့ နိုင်ငံလို့ ကျမတို့ ပြောရမှာပါ။”

တရားဥပဒေစိုးမိုးရေးအတွက် တောင့်တင်းခိုင်မာတဲ့ ဥပဒေနဲ့ပတ်သက်တဲ့ အဆောက်အဦးတွေ လိုအပ်တဲ့နေရာမှာ အရည်အချင်း ပြည့်မှီတဲ့ ဥပဒေပညာရှင်တွေ မွေးထုတ်နိုင်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

“ဥပဒေနဲ့ ပတ်သက်တဲ့ အဆောက်အဦးတွေ ဆိုတာဟာ ကျမတို့ လွှတ်တော်အဆောက်အဦး တခုထဲနဲ့ မပြီးပါဘူး။ ကျမတို့ တရားသူကြီး၊ တရားရုံးတွေနဲ့လည်း မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည်ပြည့်စုံတဲ့ ကျမတို့ ဥပဒေပညာရှင်များ လိုပါတယ်။ ဒီလို ဥပဒေပညာရှင်တွေ ထွက်ပေါ်ဖို့ ဆိုတာကတော့ ကျမတို့ ပညာရေး စနစ်နဲ့လည်း ဆိုင်ပါတယ်။”

ဥပဒေပညာရှင်တွေဘက်ကလည်း မြန်မာပြည်သူတွေအတွက်လိုအပ်နေတဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ စံနမူနာပြကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားမိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

“ကျမတို့နိုင်ငံ တနိုင်ငံလုံးရဲ့ ပြသနာဟာ ကျမတို့ အားလုံးအတူတူ ညီညီညွတ်ညွတ်အေးအေးချမ်းချမ်းနဲ့ နေနိုင်ဖို့ပဲဖြစ်ပါတယ်။ ကျမတို့ နိုင်ငံအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ဒါပေါ်မှာ အခြေခံပါတယ်။ ကျမတို့နိုင်ငံ တည်ငြိမ်ဖို့အတွက် အေးချမ်းဖို့အတွက် တိုးတက်ဖို့အတွက် အားလုံးကနေပြီးတော့ တတ်နိုင်သမျှ ကြိုးစားရမှာပါ၊ ဒီတော့ ကျမတို့ရဲ့ ဥပဒေပညာရှင်ကြီးများအနေနဲ့ စံနမူနာအဖြစ်နဲ့ ရပ်တည်ပေးစေချင်ပါတယ်။ ရှေ့နေတွေတောင်မှ တည့်အောင်နေနိုင်ရင် တခြားသူတွေ ဘာလို့ တည့်အောင်မနေနိုင်ရမှာလဲဆိုပြီး အဲလို ပြည်သူတွေက နေရမယ်၊ ရှေ့နေများရဲ့ အလုပ်ကိုက ငြင်းရတာ ခုံရတာ၊ ကိုယ့်အလုပ်အတွက် ငြင်းရတာ ခုံရတာဆိုရင် အလုပ်ရဲ့ ဦးတည်ချက်က တရားဥပဒေ စိုးမိုးရေးပဲဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ကျမတို့နိုင်ငံ တည်ငြိမ်ဖို့အတွက် ကျမတို့နိုင်ငံ လုံခြုံဖို့အတွက်၊ ကျမတို့ နိုင်ငံ လွတ်လပ်ဖို့အတွက် အဲဒီအတွက် ငြင်းတာခုံတာပဲဖြစ်ရမယ်။”

လွတ်လပ်သောရှေ့နေများအသင်းဟာ မြန်မာတနိုင်ငံလုံးကိုကိုယ်စားပြုတဲ့ ဥပဒေပညာရှင်အဖွဲ့ကြီးလည်းဖြစ်ပြီး အဖွဲ့ဝင်ရှေ့နေပေါင်း (၁၂၀) ကျော်ပါဝင်ပါတယ်။ အသင်းကြီးဖွဲ့စည်းနိုင်ဖို့ ၂၀၁၃ ခုနှစ်က စတင်ကြိုးပမ်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြောင်း အသင်းပေါ်ပေါက်ရေး ဦးဆောင် ကြိုးပမ်းခဲ့သူတဦးလည်းဖြစ်၊ ဗဟိုကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ က ပြောပါတယ်။

“ဒီအသင်းကိုဖွဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရှေ့နေတွေရဲ့တာဝန်တွေ၊ အခွင့်အရေးတွေကို မြှင့်တင်ပေးဖို့နဲ့ ကာကွယ်ပေးဖို့၊ နောက်တခါ မြန်မာနိုင်ငံမှာရှိတဲ့ ရှေ့နေအားလုံးကို ကိုယ်စားပြုတဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ရှေ့နေအသင်းကြီးအဖြစ် ရပ်တည်ပြီး ဆောင်ရွက်သွားဖို့၊ နောက်တခါရှေ့နေ ပညာ၊ ဥပဒေပညာ တိုးတက်ရေးတွေကို ဆောင်ရွက်ဖို့၊ နောက်တခါ နိုင်ငံတော်ရဲ့ ဥပဒေပြု ကဏ္ဍနဲ့ တရားစီရင်မှု ကဏ္ဍများ အဆင့်အတန်း မြှင့်တင်တဲ့ နေရာမှာလည်း ကျနော်တို့က အကြံပေးအဖြစ် ပြန်ဆွေးနွေးသွားဖို့၊ နောက်တခါ တရားဥပဒေစိုးမိုးရေး ကူညီပံ့ပိုးပေးသွားဖို့၊ ဒါ အဖွဲ့ကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေပေါ့ဗျာ၊”

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ပေါ်ပေါက်လာရေးအတွက် နိုင်ငံတကာ ရှေ့နေများအသင်းကလည်း ကူညီပံပိုးပေးခဲ့တယ်လို့ ဦးကိုနီ က ပြောပါတယ်။ အသင်းကြီးရဲ့ အစည်းအဝေးကိုတော့ ဇန်နဝါရီလ (၂၀) ရက်နေ့ကနေ ၂၂ ရက်နေ့ထိ နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမှာဖြစ်ပြီး အသင်းရဲ့ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်တွေကို ဆုံးဖြတ်အတည်ပြုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG