သုံးရလွယ်ကူစေသည့် Link များ

အပစ်ရပ်ကိစ္စ ကေအိုင်အိုနဲ့အစိုးရကြား ညှိလို့မရ


တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကချင် KIO အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမဲ့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ နှစ်ဘက် သဘောထား ထုတ်ပြန်ချက်တစ်စောင်ကိုသာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တပ်စခန်း ချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ စောင့်ကြပ်မှုအောက်မှာ ရေးထိုးရေးဆိုတဲ့ အချက်တွေကို ညှိနှိုင်းမရသေးတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် မထိုးနိုင်ခဲ့သေးပါဘူး။ ဒါပေမဲ့ အချက် ၅ ချက်ပါတဲ့ နှစ်ဘက်အဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကိုတော့ ထုတ်ပြန်ခဲ့တယ်လို့ ကချင် KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ ဇန်နဝါရီ ၁၈၊ ၁၉ မှာ ကျနော်တို့ တင်ပြထားတဲ့ ဆွေးနွေးရေးပုံစံ အဆင့်သုံးဆင့်ကိုတော့ မူအရ လက်ခံနိုင်တယ်လို့ ဒီလိုပဲ သဘောပေါက်ရတယ်။ အဓိက ကတော့ ကျနော်တို့ ဆွေးနွေးရေးကို ယုံကြည်မှု တည်ဆောက်ရေးအတွက် လုပ်နေတယ်။ ကျေနပ်အားရမှု ရှိတယ်။ နောက်တစ်ချက်က ဆက်လက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံပွဲတွေ လုပ်သွားမယ်။ စစ်အရှိန်တွေ လျော့နည်းလာအောင် ပြုလုပ်မယ် ဆိုတဲ့ဟာနဲ့ ကျနော်တို့ ပြဿနာ ဖြစ်နိုင်တဲ့ဒေသမှာ ရှိနေတဲ့ တပ်တွေကိစ္စကို နောက်တစ်ကြိမ် ဆွေးနွေးသွားမယ်ဆိုတာကို အဓိကားပြီး ကျနော်တို့က ထုတ်ပြန်ချက် လုပ်တာပါ။”

ဒီနှစ် ၂၀၁၂ ထဲမှာ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင် KIO အဖွဲတို့ တွေ့တာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ဇန်နဝါရီလ ၁၈ နဲ့ ၁၉ နှစ်ရက်ကြာ ရွှေလီမှာပဲ ဆုံပြီး ညှိကြပါသေးတယ်။ အဲဒီတုန်းက မပြီးပြတ်တဲ့ ညှိနှိုင်းမှုတွေကို အခုထပ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကချင်ပြည်နယ်တွင်း တပ်စခန်းများ နေရာချထားရေး ကိစ္စ၊ အပစ်ရပ် သဘောတူညီချက် လက်မှတ်ကို KIO ဘက်က နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ် ထိုးချင်တယ်ဆိုတဲ့ အချက်တွေကို အဓိက ညှိနှိုင်းလို့ မရသေးတာကြောင့် ဒီတစ်ခေါက်မှာလည်း သဘောတူညီချက် လက်မှတ်ကို မထိုးနိုင်ကြသေးတာ ဖြစ်ပါတယ်။

“အဓိက အခက်အခဲကတော့ ကျနော်တို့နဲ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တာက များတဲ့အခါကျတော့ တပ်တွေက အများကြီး နီးနီးကပ်ကပ်နဲ့ ကျနော်တို့က နေရာယူထားကြတာ။ အဲဒီတော့ ဒီတပ်တွေကို ဘယ်လိုလုပ်ပြီးမှ ရုတ်သိမ်းကြမလဲ ဆိုတာ အခက်အခဲတစ်ခုပါ။ လက်မှတ်ရေးထိုးနိုင်ရေး အတွက်ကတော့ ဒီ ပြဿနာ ဖြစ်နိုင်မယ့်ဒေသမှာ ရှိတဲ့တပ်တွေ ကိစ္စရယ်၊ နောက်ပြီး ကျနော်တို့ ပြောဆိုနေတဲ့ နိုင်ငံတကာ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးရေး ဆိုတဲ့ ဒီအချက်နှစ်ချက် အောက်မှာ ကျနော်တို့ ညှိနှိုင်းနေတုန်းပါ။”

KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဖြစ်ပါတယ်။ KIO ဘက်ကတော့ ခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိပြီးမှ အပစ်ရပ်ချင်တယ် ဆိုတဲ့ သဘောထားနဲ့အတူ အစိုးရ အဖွဲ့ဘက်က အပစ်အခတ် အရင်ရပ်ပြီးမှ နိုင်ငံရေး ဆက်ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ဆက်ပြီး ဆွေးနွေးသွားကြမယ်လို့ ပြောပါတယ်။ အခု မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေကို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ မကြာခင် နှစ်ဘက်အဖွဲ့တွေ ပြန်လည်တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

၉ လကျော်ရှိနေပြီ ဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက မတည်မှုတွေကို အမြန်ရုတ်သိမ်းနိုင်ဖို့အတွက် နှစ်ဘက် ယုံကြည်မှုတွေ တည်ဆောက်ပြီး သဘောတူညီချက်တွေ ရဖို့ လိုနေပြီလို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့လည်း သူက မြင်ပါတယ်။

“အပစ် မရပ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးလို့ မရပါဘူး။ ဒါကတော့ ကျမ အမြင်ပါ။ ဒါကတော့ ကျမတို့က ယုံကြည်မှုဆိုတာ အချင်းချင်း တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ့် မောင်နှမချင်း ဖြစ်တဲ့အပေါ်မှာ ဒီယုံကြည်မှု မရှိလို့ရှိရင်တော့၊ နောက်ပိုင်း ဒီလို အချင်းချင်း ယုံကြည်မှုတောင် မရှိဘူးဆိုတော့ နောက်ပိုင်း ဆွေးနွေးဖို့က ကျမတို့ ခက်ခဲပါတယ်။ အဲဒီတော့ တကယ်ပဲ ကျမတို့ ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် တပြည်နယ်လုံး ပေါ့နော်။ ငြိမ်းချမ်းရေးပါ လက်တွဲ ပါဝင်ချင်တယ်ဆိုရင်တော့ ကျမတို့က ဒါ အချင်းချင်း ယုံကြည်စွာနဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာကို ကျမနေနဲ့ မြင်ပါတယ်။”

စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ရဲ့ အမြင် ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲနဲ့ ကချင် KI O တို့ တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေကို သတင်းသမားတွေလည်း သတင်းလိုက်ယူခွင့် ရခဲ့ကြပါတယ်။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်ရေး သဘောတူညီချက်တွေ လုပ်ဆောင်နေတဲ့အထဲ ကရင် KNU လို အဖွဲ့ကြီးအပြင် ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ တခြားတိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ ပဏာမအဆင့် သဘောတူညီချက် လက်မှတ် ရေးထိုးထားနိုင်ပြီ ဖြစ်ပေမဲ့ အခုချိန်ထိ ကချင် KIO အဖွဲ့နဲ့ ညှိနှိုင်းလို့ မရသေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG