မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ကျင့်သုံးလာတဲ့ အလုပ်သမားဥပဒေကို ပြင်ဆင်ဖို့ အစိုးရသစ် လက်ထက် လွှတ်တော်တွင်းမှာ ကြိုးပမ်းလာကြပါတယ်။ ဒီအတွက် အလုပ်သမား အခွင့်အရေးတွေ ရလာတော့မယ့် အလားအလာတွေ ရှိလာလိမ့်မယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက မျှော်လင့်နေ ကြပါတယ်။ ဒီကနေ့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
အစိုးရရုံးဆိုက်ရာ နေပြည်တော်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း အလုပ်သမား ဥပဒေသစ်အတွက် ဆွေးနွေးခဲ့ကြတာပါ။ ၁၉၆၄ ခုနှစ်က ဥပဒေကို ပြင်ဆင်ပြီး ရေးဆွဲခဲ့တဲ့ ဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က စိစစ်ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုကို လွှတ်တော် ၂ ရပ်စလုံးမှာ ပြင်ဆင်ချက်တချို့ရှိခဲပေမဲ့ အများစုရဲ့ ထောက်ခံမှုရခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက အခုလို ပြောပြပါတယ်။
“ဒီနေ့ကတော့ ၁၉၆၄ ခုနှစ် အလုပ်သမားဥပဒေကို ပြန်ပြီးတော့ အခုချိန် ပါတီစုံခေတ်မှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေမူကြမ်းကို တင်သွင်းထားခြင်း ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ အမျိုးသားလွှတ်တော်မှာ စိစစ်လိုက်ပြီးပြီ။ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီမှာ ဆွေးနွေးကြတယ်ပေါ့။ ဆွေးနွေးကြတော့ အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ထားတာတွေကို ဆွေးနွေးကြတော့ ဒီဥပဒေကြမ်းကတော့ ပြည်ထောင်စုလွှတ်တော်ကိုတောင် ရောက်မှာမဟုတ်ဘဲ အဆင်ပြေသွားမယ့်ဥပဒေ။
“အလုပ်သမားအဖွဲ့အစည်း အနေအထားကတော့ အတည်တောင်ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ အမျိုးသားလွှတ်တော်ကလည်း သဘောတူပြီးပြီ။ ပြည်သူ့လွှတ်တော်ကလည်း သဘောတူပြီးပြီဆိုတော့ ပြည်ထောင်စုမှာ မဲခွဲဖို့တောင် မလိုတော့ဘူးလေ။ ”
ဒီဥပဒေကို နောက်ဆုံးအဆင့် အတည်ပြုဖို့အတွက် မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမှာဖြစ်ပြီး ဒီဥပဒေ အတည်ပြုပြီးရင်တော့ နောင်မှာ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး အပြည့်အ၀ရရှိကြမှာ ဖြစ်တယ်လို့ အဲ့ဒီလွှတ်တော်အမတ်က ဆက်ပြောပြပါတယ်။
“ဒီဥပဒေမှာ အလုပ်သမားတွေရဲ့ တာဝန်တွေ အခွင့်အရေးတွေ ပြည့်ပြည့်စုံစုံ လုပ်ထားတယ်။ အလုပ်သမားအဖွဲ့အစည်းတွေမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို မဆန့်ကျင်လို့ရှိရင်၊ စုဝေးခွင့်၊ ပြောဆိုခွင့်၊ ဆန္ဒပြခွင့် ဆိုတဲ့ဟာတွေကို ဒီဥပဒေကန့်သတ်ချက်တွေကို မဆန့်ကျင်လို့ရှိရင် အဲဒီအခွင့်အရေးတွေလည်း နောက်ခါ ရလာကြမှာပေါ့။ နောက်ပြီးတော့ အလုပ်သမားအဖွဲ့အစည်းတွေလည်း တရားဝင် အဖွဲ့အစည်းအဖြစ်နဲ့ တရားဝင် အခွင့်အရေးတွေ ပြောနိုင်ဆိုနိုင်လာကြမှာပေါ့။ တပါတီခေတ် လမ်းစဉ်ပါတီခေတ်နဲ့ စာလို့ရှိရင်တော့ ဒီခေတ်မှာ ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးတွေ ရှိလာပြီပေါ့။”
မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ် အလုပ်သမားဥပဒေနဲ့ ၁၉၅၁ ခုနှစ် စက်ရုံဥပဒေတွေအရ အစိုးရလုပ်ငန်းတွေမှာ တပတ်ကို ၅ ရက် ၃၅ နာရီ လုပ်ကိုင်ဖို့နဲ့ ပုဂ္ဂလိကပိုင် ကဏ္ဍမှာတော့ တပတ်ကို ၆ ရက် ၄၄ နာရီ အများဆုံး လုပ်ကိုင်ဖို့ သတ်မှတ်ထားပါတယ်။ ဒီထက်ပိုရင် အချိန်ပိုလုပ်ခအဖြစ် ပေးရမှာဖြစ်ပါတယ်။
ဥပဒေအရ တပတ်ကို ၂၄ နာရီ နားခွင့်ရမယ်လို့ ပြဌာန်းထားပေမဲ့ လက်တွေ့မှာတော့ အလုပ်သမားထု အများစုက ဒီလို ခံစားခွင့်တွေ မရှိဘူးလို့လည်း အလုပ်သမားအခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း ရယက အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ရယကအုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်တဲ့နေရာမှာ မဲပေးစနစ်နဲ့ ရွေးချယ်ဖို့ တင်ပြကြတဲ့ လွှတ်တော်အမတ်တွေလည်း ရှိသလို ညှိနှိုင်းဆုံးဖြတ်တဲ့ ပုံစံမျိုးနဲ့ ရွေးချယ်ဖို့ တင်ပြခဲ့ကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအဆိုကို အရင်နဲ့မတူဘဲ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြကြတာ၊ ကန့်ကွက်ကြတာ ထောက်ခံကြတာမျိုးတွေကို တွေ့မြင်ရတယ်လို့လည်း ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့တဲ့ အမတ်တဦးက ပြောပြခဲ့ပါတယ်။