သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို


အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို
အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ဆိုတဲ့ ကိစ္စဟာ အားရစရာကောင်းတယ် ဆိုပေမဲ့ ကလေးတွေကို အရပ်ဘက်နဲ့ စစ်တပ်အတွင်းမှာ အဓမ္မသွင်းပြီး သုံးစွဲနေတာကတော့ စိုးရိမ်နေရတဲ့ကိစ္စ ဖြစ်နေတုန်းပဲလို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွန် ကော်ဘင် (Ron Corben) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတယ်လို့ ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် စတိဗ် မာရှဲလ် (Steve Marshall) က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ပြင်ဆင်နေတဲ့ အလုပ်သမား သမဂ္ဂဆိုင်ရာ ကိစ္စတွေထဲမှာ သပိတ်မှောက်ခွင့် ဆိုတာလည်း ပါဝင်ပါလိမ့်မယ်။ ဒီလုပ်ရပ်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် ရှေ့ကိုတက်လာမယ့် ခြေလှမ်းတရပ်ရဲ့ လက္ခဏာတွေပဲလို့ စတိဗ် မာရှဲလ်က ဆိုပါတယ်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမှုဟာ အခုလကုန်ပိုင်းမှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်ထားတာပါ။ ဒါဟာ မြန်မာပြည်ရဲ့ အလုပ်သမား အခွင့်အရေး ကိစ္စအတွက် ကြီးမားတဲ့ အဆင့်တခုပဲလို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

“လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုတာ သိပ်ရှင်းပါတယ်။ သပိတ်မှောက်ခွင့် အပါအဝင် မကျေနပ်ချက်ကို တဘက်နဲ့တဘက် ညှိနှိုင်းတာမျိုးတွေကို ပြည်သူတွေအနေနဲ့ တင်ပြရေး ကိစ္စတွေမှာလည်း ထိရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီကိစ္စတွေကို ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့မယ် ဆိုရင်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုး တိုးတက်လာတော့မယ် ဆိုတဲ့ လမ်းကြောင်းကို ရောက်သွားမယ့် ကြီးမားတဲ့ ပြောင်းလဲမှုတခုပါ။” လို့ စတိဗ် မာရှဲလ်က ပြောသွားပါတယ်။

မြန်မာစစ်အစိုးရက ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ အသင်းအဖွဲ့ ထူထောင်ခွင့်ကို အသိအမှတ်ပြုရေး တရားဝင် အတည်ပြုထားပြီးသားပါ။ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးမယ့် ကိစ္စဟာ မြန်မာပြည်က အလုပ်သမားဈေးကွက် တိုးတက်လာဖို့ ရှေ့တိုးလာမယ့် ခြေလှမ်းပဲလို့ ဆိုပေမဲ့ တစုံလုံး ပြောင်းလဲဖို့ကတော့ လိုနေသေးတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဘ၀ ပုံစံတခုဖြစ်တဲ့ အသင်းအဖွဲ့နဲ့ သမဂ္ဂတွေဟာ စစ်အစိုးရရဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုကို ခံနေခဲ့ရတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောကြပါတယ်။ အလုပ်သမား သမဂ္ဂအရေး လှုပ်ရှားကြသူတွေကိုလည်း မြန်မာစစ်အစိုးရက ဖမ်းဆီးထားပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ထဲမှာ အလုပ်သမားအရေး လှုပ်ရှားသူ ၄၄ ဦး လောလောဆယ် အဖမ်းခံထားရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) က ပြောပါတယ်။

ILO အဖွဲ့ အကြီးအကဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အတင်းအဓမ္မ ခိုင်းစေမှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာပြည်မှာ ဖွင့်ထားတဲ့ ILO ရုံးကို အလုပ်သမားရေးဆိုင်ရာ မကျေနပ်ချက်တွေ တိုင်တန်းခွင့်ရှိရေး စစ်အစိုးရနဲ့ သဘောတူချက်တခု ရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မကျေနပ်ချက် တိုင်တန်းမှုပေါင်း ၃၇၀ ကို ရန်ကုန်မှာ ဖွင့်ထားတဲ့ ILO ရုံးက လက်ခံရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တော်တော်ကို များခဲ့တာပါ။

ကလေးအလုပ်သမားကိစ္စနဲ့ ကလေးစစ်သားတွေ စုဆောင်းနေတဲ့ ကိစ္စတွေ ဆက်ဖြစ်နေတာကိုတော့ ILO အဖွဲ့ချုပ်က စိုးရိမ်နေရတုန်းပဲ ဖြစ်တယ်၊ ဒီကိစ္စတွေ တိုးတက် ကောင်းမွန်လာရေး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်မှတ်ထိုးထားတာတွေ ရှိတယ်လို့လည်း စတိဗ် မာရှဲလ်က ပြောပါတယ်။

“ကလေးစစ်သား ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေလို့ အကြမ်းအားဖြင့် ဆိုလို့ရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်တုန်းက ILO ဆီ ရောက်လာတဲ့ တိုင်တန်းချက်တွေအရ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေး ၇၃ ဦးကို တပ်ကနေ ပြန်ပြီး နှုတ်ပေးနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။” လို့ ပြောသွားခဲ့တာပါ။

မြန်မာ့တပ်မတော်အတွင်းမှာ အမျိုးသမီးရော အမျိုးသားရော စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ မကြာခင်ကပဲ ထွက်လာခဲ့ပါတယ်။ ဒီဥပဒေဟာ လာမယ့်နှစ် ၂၀၁၂ မှာ စပြီး အသက်ဝင်လာဖို့ ရှိနေပါတယ်။ မြန်မာစစ်တပ်မှာ စစ်သားစုဆောင်းရေးနဲ့ တပ်ပြေးကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဿနာတွေ ကြုံနေရပါတယ်။ အလုပ်သမား ပွဲစားတွေကနေ တဆင့် အရွယ်မရောက်သေးတဲ့ လူတွေကို စစ်တပ်အတွက် စုဆောင်းတာတွေ ရှိနေပါတယ်။ အဲဒီ စစ်မှုထမ်း ဥပဒေက ကလေးစစ်သား စုဆောင်းမှုကို ရိုက်ခတ်မှုတွေ တိုက်ရိုက် ရှိလာနိုင်ပါတယ်။

မြန်မာပြည်မှာ ကလေးငယ် တော်တော်များများ စစ်တပ်ထဲ ရောက်လာရတဲ့ အချက်တွေထဲမှာ သူတို့ရဲ့ မိသားစုတွေက ဆင်းရဲပြီး ကလေးတွေအတွက် ပညာသင်စရိတ် အကုန်အကျ မခံနိုင်တာလည်း ပါတယ်လို့ ဆိုပါတယ်။ အတင်းအဓမ္မ္မ လုပ်အားပေး ခိုင်းစေမှုတွေကတော့ မြန်မာပြည်တဝန်းမှာ ကြုံတွေ့နေရတုန်းဖြစ်တဲ့ အဓိကပြဿနာ တခုပါ။ လမ်းဖောက်လုပ်ရေးနဲ့ စစ်တပ်အတွက် လုပ်ပေးရတဲ့ ကိစ္စတွေကို ရွာသူရွာသားတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အကျဉ်းသားတွေဟာလည်း အဓမ္မ လုပ်အားပေး အခိုင်းခံနေရပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေသစ်နဲ့ အလုပ်သမားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ILO အဖွဲ့ရဲ့ အလုပ်သမားရေး ကျွမ်းကျင်သူတွေက လေ့လာပြီး အခုလာမယ့် ဖေဖော်ဝါရီလမှာ ပြန်လည်သုံးသပ် ဆွေးနွေးမှုတွေကို ILO အဖွဲ့ကြီးက လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG