သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကြွေးမြီတွေပြန်ဆပ်ဖို့ အလားအလာကောင်းမွန်


မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် မတိုင်ခင်က ကြွေးမြီသန်းပေါင်း ခြောက်ထောင်လောက် ရှိသလို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သန်းပေါင်း ငါးထောင်ကျော် တင်နေသေးတယ်လို့ ဘဏ္ဍာအခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တနင်္ဂနွေနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာလုပ်တဲ့ ဝန်ကြီးဌာနနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က မြီရှင်နိုင်ငံတွေအားလုံး ပါဝင်တဲ့အဖွဲ့ဖြစ်တဲ့ Paris Club ကို တင်ရှိနေတဲ့ ကြွေးမြီတဝက်ကျော် ကို လျှော်ပစ်ပေးခဲ့တဲ့အကြောင်းနဲ့ ကျန် ကြွေးမြီတွေ အားလုံးကိုတော့ ပြန်ဆပ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကိုယ်စားလှယ်အဖြစ်နဲ့ သွားရောက်ခဲ့တဲ့ ဒေါက်တာ ဇော်ဦးက ပြောပြပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုသူရစိုးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက ခုလို စပြောပါတယ်။

ကိုသူရစိုး။ ။ “အဓိက ကတော့ ဒီနေ့အခမ်းအနား ခေါ်ယူခြင်းက ၁၉၈၈ ခုနှစ်မတိုင်ခင်က အကြွေးတွေနဲ့ ပတ်သက်တာ ရှင်းပြတယ်။ နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရှိခဲ့တဲ့အကြွေးတွေ၊ အခု ဘယ်လောက်ကျန်နေသေးလဲ ဆိုတာတွေကို ရှင်းပြတာပေါ့နော်။ ၈၈ မတိုင်ခင်တုန်းကတော့ အကြွေးက World Bank တို့၊ ADB တို့၊ Paris Club တို့ကို ပေးဖို့ပေါ့။ နောက်ပိုင်းကျတော့ ADB တို့၊ World Bank တို့က မရတော့ဘဲနဲ့ ဂျပန်တို့၊ ထိုင်းတို့၊ တရုတ်တို့၊ ရုရှားတို့ကနေ ချေးထားတဲ့ပိုက်ဆံတွေ စုစုပေါင်း ၃,၆၅၉.၀၈၁ သန်းပေါ့။ အဲဒီဟာ ပေးဖို့ ကျန်နေသေးတာပေါ့နော်။ အဲဒီအထဲက တရုတ်ကိုကျတော့ ၃.၁၉ ဘီလျံ ပေးဖို့ရှိတယ်ခင်ဗျ။ အဲဒါတွေ သူ ရှင်းပြသွားတယ်ခင်ဗျ။”

ဝန်ကြီး ဦးဝင်းရှိန်။ ။ “၈၈ မတိုင်ခင်ရှိတဲ့ ကြွေးမြီပေါင်း ၅၉၉၂.၁၂၇ သန်း ရှိပါတယ်။ ၅၉၉၂.၁၂၇ သန်း ဖြစ်ပါတယ်။ ဒါက ၈၈ မတိုင်ခင်က စာရင်းတွေရှင်းတဲ့အခါ ဒီကနေ့ လက်ကျန်တွေဖြစ်တယ်။ နောက်... ၈၈ နောက်ပိုင်း အကြွေးတွေမှာ၊ ၈၈ နောက်ပိုင်းမှာ ချေးထားတဲ့ နိုင်ငံတွေချေးငွေတွေ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဂျပန်က ထုတ်ချေးတာရှိပါတယ်။ ထိုင်းချေးငွေ ရှိပါတယ်။ မလေးရှား ချေးငွေ ရှိပါတယ်။ ဆားဗီးယားချေးငွေ ရှိပါတယ်။ တရုတ်ချေးငွေ ရှိပါတယ်။ နောက် အိန္ဒိယချေးငွေ ဖြစ်ပါတယ်။ အဲဒီ ၈၈ နောက်ပိုင်းချေးငွေဟာ ၃၆၅၆.၀၈၁ သန်း ဖြစ်ပါတယ်။”

ကိုသူရစိုး။ ။ “ဒါကို နှစ်စဉ် သူတို့ သန်း ၃၀၀ ကျော် နှုန်းထားနဲ့ ဆပ်သွားမယ်လို့ ပြောတယ်။”

ဒေါ်ခင်မျိုးသက်။ ။ အဓိက သူတို့ အကြွေးလျှော်ပစ်တာက မကြာသေးခင်ကမှ Paris Club ပေါ့နော်။ ဦးဇော်ဦးက Paris Club ရဲ့ အကြွေးလျှော်တာနဲ့ ပတ်သက်ပြီး ဘာတွေ ပြောသွားလဲရှင့်။

ကိုသူရစိုး။ ။ “သူတို့ Paris Club မှာဆိုရင် မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ အကြွေးတွေရှင်းဖို့ သူတို့ အတော်လေး အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ ဒီ Paris Club မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကို အကြွေးလျှော်တဲ့နှုန်းထားက သူက တော်တော်များတယ်ပေါ့နော်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အများဆုံး လျှော်ပစ်လိုက်တာလို့ သူတို့ပြောတယ်ခင်ဗျ။”

ဦးဇော်ဦး။ ။ “ကျနော်တို့ အကြွေး ကျန်နေပါသေးတယ်။ သို့သော်လည်းပဲ ကျန်နေတဲ့အကြွေးတွေဟာ ကျနော်တို့ ဆပ်နိုင်မှာပါ။ ဒီ ဆပ်နိုင်ဖို့အတွက်လည်း ကျနော်တို့ ဒီ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကလည်း အခုဆိုရင် ပိုပြီးတော့ တရှိန်ထိုး ရှေ့ကို ဆပ်နိုင်မယ့် အနေအထားမျိုးတွေ ရှိတယ်ဆိုတာကို ကျနော်တို့နိုင်ငံရဲ့ အလားအလာကောင်းတွေ အများကြီး ရှိနေတယ်။”

ဒေါ်ခင်မျိုးသက်။ ။ ဒီလို အကြွေးတွေ လျှော်တာနဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ဘာလိုအပ်တယ်ဆိုတာ အဓိက ပြောသွားလဲရှင့်။

ကိုသူရစိုး။ ။ “သူတို့ အကြွေးတွေ အဓိက တင်ရတဲ့အကြောင်းရင်းက - ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေရယ်၊ project တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေ ချေးငွေယူပြီး လုပ်ခဲ့တာတွေပေါ့နော်။ အဲဒီအတွက် ဒီအကြွေးတွေ တင်သွားတာပေါ့နော်။ ဒါကြောင့်မိုလို့ နောက်ပိုင်းကျလို့ရှိရင် ဒီ project တွေကို သူတို့က သေသေချာချာ စေ့စေ့စပ်စပ် လုပ်ဖို့ရယ်၊ နောက်ပြီးတော့ အခွန်ဘဏ္ဍာကိုလည်း ရသင့်ရထိုက်တာရဖို့၊ နောက် အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့။ အဲဒါမျိုးတွေ သူတို့ စဉ်းစားပြီးတော့ နောက်ပိုင်းတော့ သူတို့ အကြွေးနည်းသွားအောင် လုပ်သွားမယ်လို့ ပြောတာပဲ။”

ဒေါ်ခင်မျိုးသက်။ ။ မီဒီယာထဲကရော ပြန်ပြီးတော့ ထူးထူးခြားခြား မေးခွန်းထုတ်တာတွေ ကြားရလား။

ကိုသူရစိုး။ ။ “အထူးသဖြင့်တော့ ဒီ ဘဏ္ဍာအခွန်နဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်ကြ တာပေါ့နော်။ နောက်အကြွေးတွေကို ဘယ်လို ပုံစံနဲ့ ဆပ်မလဲဆိုတာတွေပေါ့နော်။ နောက် အခွန်နဲ့ပတ်သက်ပြီးတော့ ဦးပိုင်က အခွန်ကင်းလွတ်ခွင့် ရနေတာ၊ အဲဒါနဲ့ပတ်သက်ပြီး အခွန်ကောက်ဖို့ ရှိမရှိ မေးတဲ့အခါကျတော့ သူကတော့ အခု အသစ်ပြဌာန်းမယ့် အခွန်ဥပဒေအရ လူတိုင်းက အခွန်ပေးဆောင်ရမယ်ဆိုတော့၊ ဦးပိုင်ကလည်း အခွန်ပေးဆောင်ရတဲ့သူ ဖြစ်လာမှာပဲလို့ သူကတော့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း ထပ်ပြီး ရှင်းပြတာပေါ့နော်။ တချို့ကိစ္စတွေမှာ ချက်ချင်း လုပ်လို့ရပေမဲ့ တချို့ဟာတွေမှာတော့ ချက်ချင်း လုပ်လို့မရဘဲ အဆင့်လိုက်အဆင့်လိုက် သွားရတာတွေ ရှိတယ်ပေါ့နော်။ နောက်ပိုင်းမှာတော့ အားလုံးက အခွန်ထမ်းရမယ့်သူတိုင်းက အခွန်ပေးဆောင်ရမယ့်စနစ်မျိုး သူတို့သွားနေပါပြီလို့ ပြောသွားတာပေါ့နော်။”

ဒေါ်ခင်မျိုးသက်။ ။ ထူးထူးခြားခြား အခွန်ဘဏ္ဍာအပြင် ဘာအကြောင်းအရာတွေကို ဆွေးနွေးသေးလဲ။

ကိုသူရစိုး။ ။ “ထူးထူခြားခြားဆိုရင် ဧရာဝတီမြစ်ကမ်းပေါ်မှာရှိတဲ့ ရန္တပို မြစ်မှာ သူတို့ တံတားဆောက်မယ်။ တံတားဆောက်ပြီးတော့ ရေအားလျှပ်စစ်ထုတ်တဲ့စီမံကိန်းကို ဘယ်လ်ဂျီယံနိုင်ငံကနေ ယူရို ၈ သိန်း ချေးပြီးတော့ စမ်းသပ်ပြီး လုပ်နေတာပေါ့နော်။ ရေအား လျှပ်စစ်တွေ ဆိုရင် ဆည်ဆောက်ပြီးမှ ရေအားလျှပ်စစ်ထုတ်တာကိုး။ အခုကကျတော့ ဆည်တွေဆောက်တဲ့စနစ် မဟုတ်ဘဲနဲ့ တံတား ဆောက်လိုက်မယ်၊ တံတားဓာတ်တိုင်တွေမှာ တာဘိုင်တွေ တပ်ပြီးတော့ ရေအားလျှပ်စစ်ထုတ်တဲ့၊ ဘယ်လ်ဂျီယံတို့၊ နယ်သာလန်တို့မှာလုပ်တဲ့ စနစ်ကို မြန်မာပြည်မှာ စတင်စမ်းသပ်လုပ်ဖို့ အတွက် ရန္တပိုဒေသမှာ စပြီးတော့ စမ်းသပ်မှုတွေ လုပ်နေပြီလို့ ပြောတယ်။ နောက်ပြီးတော့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ အကျဉ်းသားတွေ လက်ကျန်စာရင်းကို အကုန်ရှင်းဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကနေ အားလုံး စာရင်း တောင်းခံနေတာပေါ့နော်။ အဲဒီစာရင်းရလို့ ဒီလူ ဒီလူတွေဟာ တကယ့် နိုင်ငံရေး အကျဉ်းသားပါ ဆိုရင် သူတို့ အကုန် လွှတ်ပေးမယ်ပေါ့နော်။ နောက်တခုက ၂၀၁၃ ဇွန်လထဲမှာ အာရှစီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ လုပ်မယ်ပေါ့နော်။ အဲဒီပွဲကျရင် နိုင်ငံတော် အကြီးအကဲရော၊ ဒေါ်အောင်ဆန်းစုကြည်ရော တက်မယ်လို့ သူ ပြောသွားတယ်။”

ဒါကတော့ ဒီနေ့ နေပြည်တော်မှာ ဝန်ကြီးဌာနတွေနဲ့ မီဒီယာ တွေ့ဆုံပွဲကို သွားပြီးတက်ရောက်ခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသူရစိုးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG