မြန်မာနိုင်ငံမှာ ပထမဆုံး မီဒီယာ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် သတင်းသမားတွေ ကိုယ်စားပြု အားထားရာ သမဂ္ဂတစ်ခု လိုအပ်နေသလို ပြဌာန်းသင့်တဲ့ မီဒီယာဥပဒေတွေကို ကိုယ်စားပြုအဖွဲ့နဲ့ တိုင်ပင် မူကြမ်း ပြုစုပြီးမှ လွှတ်တော်ကို တင်သွင်းသင့်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ရန်ကုန်မြို့က အင်းယားကန် ဟိုတယ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းပနေတဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြဌာန်းသင့်တဲ့ မီဒီယာ ဥပဒေတွေနဲ့အတူ သတင်းကျင့်ဝတ် ဆိုင်ရာတွေကို အဓိကထားပြီး ဆွေးနွေးနေကြတာပါ။
သတင်းမီဒီယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ်နဲ့ ပြည်တွင်း ပြည်ပ သတင်းသမားတွေ စုပေါင်း ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို အခုလို ကျင်းပနိုင်တာ အတွက် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကနေ ကြိုဆိုလိုက်ပေမဲ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍ တကယ် ဖွံ့ဖြိုးးလာစေချင်ရင် ပထမဆုံး သတင်းသမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ လိုအပ်တယ်လို့ မြန်မာ သတင်းသမဂ္ဂအဖွဲ့ တာဝန်ခံ ဦးမောင်မောင်မြင့် က ပြောပါတယ်။
“အခုလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီးတော့ အစိုးရက ပြုစုမယ်ဆိုတဲ့ မီဒီယာ ဥပဒေတွေကို အကြံပေးနိုင်မယ့် ကိစ္စဟာ ကြိုဆိုထိုက်ပါတယ်။ သို့သော် တဘက်က ပြန်ကြည့်တဲ့အခါမှာလည်း ဒါဟာ တဆင့်ကျော်သွားသလိုမျိုး ကျနော်တို့ ခံစားရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မီဒီယာသမားတွေကို အမှန်တကယ် ကိုယ်စားပြုမယ့် သမဂ္ဂ အဖွဲ့အစည်းတွေ မပေါ်ပေါက်ခင်မှာ မီဒီယာ သမားတွေဘက်က လိုအပ်ချက် ဘယ်လိုရှိတယ်၊ သူတို့ရဲ့ ခံစားချက် ဘယ်လိုရှိတယ်၊ သူတို့ကို ဘယ်နေရာမျိုးတွေမှာ အကာကွယ်ပေးဖို့ လိုအပ်တယ်။ နောက်ပြီးတော့ တကယ်လို့ မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြောကြဆိုကြပြီ၊ ဥပဒေ အကြောင်းတွေ ပြောကြဆိုကြပြီ ဆိုရင် သူတို့အနေနဲ့ ဘယ်လိုဥပဒေတွေဟာ မီဒီယာသမားတွေ အတွက်ရော၊ တဘက်က ပုဂ္ဂိုလ်တွေ အတွက်ရော၊ အဲဒီပုဂ္ဂိုလ် ဆိုတာက မီဒီယာ သမားတွေရဲ့ ရေးသားမှုနဲ့ ပတ်သက်ပြီးတော့ သတင်းထဲမှာ ပါလာမယ့် ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးကို ကာကွယ်မယ့် ဥပဒေတွေ၊ ဒီဥပဒေတွေဟာ ဟိုဘက်ရော ဒီဘက်ရော နှစ်ဦးနှစ်ဘက် မျှတတဲ့ ဥပဒေတွေဖြစ်ဖို့ အတွက်က မီဒီယာ သမားတွေအနေနဲ့ သူတို့မှာ ကိုယ်ပိုင်အဖွဲ့အစည်း တစ်ခုရှိဖို့ အရင် လိုအပ်ပါတယ်။ အဲဒီလိုရှိမှ သူတို့ရဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန် တင်ပြနိုင်မှသာ အစိုးရဘက်ကလည်း သူတို့ရဲ့ လိုအပ်ချက်ကို သိပြီးတော့ ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်”
ဒါ့အပြင် မီဒီယာ ဥပဒေကို အစိုးရကနေ ပြုစုတာထက် သတင်းသမား ကိုယ်စားပြု အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီး မူကြမ်းရေးသင့်တယ်လို့ ဆိုပါတယ်။
“ကျနော် နားလည်သလို ပြောမယ်ဆိုရင်တော့ မီဒီယာ ဥပဒေတွေကို အစိုးရဘက်နေ သူတို့အနေနဲ့ မူကြမ်း သဘောမျိုးတော့ ရေးပိုင်ခွင့် ရှိပါတယ်။ သို့သော်လည်းပဲ ဒီမူကြမ်းရေးတဲ့ နေရာမှာကို မီဒီယာ သမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ၊ စောစောကပြောတဲ့ သမဂ္ဂလို အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါမျိုးတွေနဲ့ တိုင်ပင်ဖို့လိုတယ်။ တိုင်ပင်ပြီးတော့မှ မူကြမ်းတစ်ခုကို ပြုစုပြီးတော့မှ လွှတ်တော်ကို တင်ရပါလိမ့်မယ့်။ အဲဒီလွှတ်တော်ကို တင်ပြီးတဲ့အခါမှ လွှတ်တော်က ဆုံးဖြတ်မှသာ ဥပဒေတစ်ခုအနေနဲ့ အသက်ဝင်မှာ ဖြစ်ပါတယ်။”
နှစ်ပေါင်း ၅၀ လောက် သတင်း လွတ်လတ်ခွင့် မရှိဘဲ ဖိနှိပ်ချုပ်ချယ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် သတင်းမီဒီယာ ကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဖြစ်လာစေဖို့အတွက် အချိန် ဘယ်လောက် ပေးရမှာပါလဲ။
“အချိန်ကတော့ အတိုင်းအတာတစ်ခု အထိကတော့ ကျနော်တို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလိုပြောရခြင်း အကြောင်းကလည်း ကျနော့်အနေနဲ့ နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စောစောက ကျနော်ပြောပြတဲ့ မီဒီယာ အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂတွေ ပေါ်ပေါက်ဖို့၊ နောက်တစ်ခုကတော့ မီဒီယာသမားတွေကို နိုင်ငံတကာ စံချိန် စံညွှန်းနဲ့အမီ မွေးထုတ်ပေးနိုင်တဲ့ မီဒီယာကျောင်းမျိုးတွေ ကျနော်တို့ နိုင်ငံမှာ လိုအပ်ပါတယ်။
မီဒီယာကျောင်း ရှိလာပြီဆိုရင် မီဒီယာနဲ့ ပတ်သက်တဲ့ သတင်းယူ သတင်းပို့၊ ဓါတ်ပုံရိုက်၊ ဗွီဒီယိုရိုက် ဆိုတဲ့ အတတ်ပညာလေးတွေ ပေးရုံမကဘဲနဲ့ မီဒီယာသမားတွေ အနေနဲ့ သူတို့ရှိသင့်ရှိထိုက်တဲ့ စိတ်ထားမျိုးတွေ၊ သမာသမတ်ကျတဲ့ အတွေးအခေါ်မျိုးတွေ၊ ဒါမျိုးတွေကို မီဒီယာကျောင်းတွေ ရှိမှ သူတို့ကို စနစ်တကျ သင်ကြားပို့ချနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အခုရှိနေတဲ့ မီဒီယာသမားတွေဟာ ဘယ် အတိုင်းအတာနဲ့ပဲ ကြည့်ကြည့် သူတို့ဟာ အင်မတန်တော်တဲ့ မီဒီယာသမားတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ ငြင်းလို့မရပါဘူး။ အကုန်လုံးက လက်ခံထားပါတယ်။
ဒီလောက် တင်းကျပ်တဲ့ လူမှုအဖွဲ့အစည်း မှာတောင်မှ မီဒီယာသမားတွေ သူတို့ကိုယ်သူတို့ ရှင်သန်အောင် ကြိုးစားနိုင်တယ်။ အတတ်နိုင်ဆုံး သမာသမတ်နဲ့ တင်ပြနိုင်တယ်။ သို့သော်လည်းပဲ တကယ်တမ်း တန်းမီ မီဒီယာသမား တစ်ယောက် ဖြစ်ဖို့ကျတော့ နိုင်ငံတကာ အဆင့်အတန်းနဲ့မီတဲ့ မီဒီယာကျောင်းတွေလည်း လိုအပ်သလို နိုင်ငံတကာ အဆင့်အတန်းနဲ့မီတဲ့ လွတ်လပ်တဲ့ သမဂ္ဂတွေလည်း လိုအပ်ပါတယ်။”
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၁၀ ခုနှစ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ စံအရ နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှာ အဆင့် ၁၇၄ မှာရှိပြီး သူ့အောက်မှာ အီရန်၊ တက်မင်နစ်စတန်၊ မြောက်ကိုးရီးယားနဲ့ အီရစ်ထရီးယား လေးနိုင်ငံသာ ကျန်ပါတော့တယ်။ မကြာခင် လတွေအတွင်းမှာ ပြောင်းလဲမှုတွေ အများကြီးလုပ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေတွေကြောင့် အကျဉ်းကျနေသူတွေဟာ အခုထိ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။