မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ စစ်မှန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အလားအလာ မတွေ့ရသေးဘူးလို့ စာပေအသိုင်းအဝိုင်းထဲက သူတွေက ပြောကြပါတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ စာပေစိစစ်ရေးအရာရှိတို့က သတင်းလွတ်လပ်ခွင့် အလားလာတွေကို ဒီရက်ပိုင်းအတွင်း ပြောနေကြတဲ့အပေါ် ပြည်တွင်း စာနယ်ဇင်း သမားတွေက သူတို့မြင်နေတဲ့ အခြေအနေတွေကို တုံ့ပြန် ပြောဆိုကြတာဖြစ်ပါတယ်။ ဝန်ကြီးက ဘာတွေပြောခဲ့ပြီး လက်တွေ့ဖြစ်နေတဲ့ အခြေအနေက ဘယ်လိုလဲ ဆိုတာကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ နိုင်ငံမို့ နောက်ဆုံးမှာ စာအုပ်စာစောင်အားလုံးဟာ ထုတ်ဝေပြီးမှ တင်ပြတဲ့စနစ်ကိုသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်ထဲမှာ ပြောခဲ့သလို ဒါဟာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား သဟဇာတဖြစ်တဲ့အချိန်မှာလို့ ဆိုတဲ့အတွက် ဒီအချိန်ကို ဘယ်တော့ သတ်မှတ်မလဲ၊ ဘယ်လိုအနေအထားတွေကျမှ သတ်မှတ်မှာလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာတာပါ။
မြန်မာနိုင်ငံမှာ ထုတ်ဝေပြီးမှတင်ပြတဲ့ ထုတ်တင်စနစ်နဲ့ မထုတ်ဝေခင် ကြိုတင်တင်ပြရတဲ့ တင်ထုတ်စနစ် ဆိုပြီး အမျိုးအစားနှစ်ခု ခွဲခြား သတ်မှတ်ထားသလို နောက်ဆုံး အားလုံးဟာ ထုတ်တင်စနစ်ဖြစ်မယ်လို့ ဆိုပေမဲ့ ဒီ ထုတ်တင်စနစ်အတွက် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ စာပေစိစစ်ရေးအဖွဲ့ဟာ ဆက်ရှိနေဦးမှာပဲလို့ သတင်းအယ်ဒီတာ ဆရာစည်သူအောင်မြင့်က ပြောပါတယ်။
“သူတို့ပြောနေတဲ့ဟာက အခုလောလောဆယ် ကျနော်တို့ဆီမှာ ပြဌာန်းထားတဲ့ ထုတ်တင်စနှစ်ကို သွားမယ်ဆိုပြီးတော့ ပြောနေတာ။ ထုတ်ဝေတဲ့ဆီမှာလည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကိုယ်က ထုတ်ဝေရတယ်။ စာပေစိစစ်ရေးက ဒါကို ကြည့်ပြီးတော့မှ စည်းကမ်းနဲ့ မညီညွတ်ဘူးလို့ သူတို့ ယူဆရင် ဒါကို ခုံရုံးဖွဲ့ပြီးတော့မှ စစ်ဆေးမယ်။ အရေးယူပိုင်ခွင့်လည်း ရှိတယ်။ ဘယ်လိုမျိုး သူတို့က အပြစ်ပေးနိုင်သလဲ ဆိုတော့ ကျပ်ငွေ သိန်း ၅၀ ထက်မပိုတဲ့ ဒဏ်ငွေကို ရိုက်လို့ရတယ်။ အဲဒီဥစ္စာကို ဒဏ်ငွေကို မဆောင်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ပြီး ထုတ်ဝေခွင့်မရှိဘူး။ ပြီးတော့မှ ဒီထက်ကို လိုအပ်လာတယ်ဆိုရင် တရားရုံးကို ရုံးတင်ပြီးတော့မှ သူတို့ကိုယ်တိုင် တရားလိုလုပ်ပြီးတော့ တရားစွဲတာမျိုးလည်း လုပ်လို့ရတယ်။ ဆိုလိုတာက စာပေစိစစ်ရေးအဖွဲ့ကြီးက ဆက်ပြီးတော့ရှိနေပြီး ဆက်ပြီးတော့ ဒါကိုလုပ်နေမယ် ဆိုတဲ့သဘော။”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးက အခြေခံဥပဒေနဲ့အညီ ဖော်ဆောင်ပေးမယ့် သတင်းမီဒီယာဥပဒေကို ပြင်ဆင်တာ၊ ဖြည့်စွက် ပယ်ဖျက် ပြဌာန်းတာတွေကို လွှတ်တော်ကနေ လုပ်မယ်ဆိုပေမဲ့ လက်တွေ့ဖြတ်သန်းနေရတဲ့ စာနယ်ဇင်းသမားတွေရဲ့ ဒီပြဌာန်းချက်တွေအပေါ် ဝေဖန် အကြံပြုချက်တွေကိုလည်း ထည့်သွင်းစဉ်းစာဖို့ လိုမယ်လို့ ထောက်ပြပါတယ်။
“စာပေစိစစ်ရေးဆိုတာ မရှိသင့်တော့ဘူး။ ကျနော်တို့တွေ လွတ်လွတ်လပ်လပ် ထုတ်ဝေရေးသားမယ်။ တစ်စုံ တစ်ဦး တစ်ယောက်ကို ထိခိုက်တယ်ဆိုရင် အဲဒီ ထိခိုက်တဲ့သူတွေက တရားရုံးမှာ ကျနော်တို့ကို တရားစွဲမယ်။ တရားစွဲတာကို ကျနော်တို့ကလည်း တရားဥပဒေဘောင်ထဲကနေ ရင်ဆိုင်ရမယ်။ ကျနော်တို့ တရားရေး မဏ္ဍိုင်ကို ကောင်းအောင်လုပ်ရမယ်။ အဲဒါမျိုးကို မျှော်လင့်တာ။”
ပြည်တွင်း သတင်းအယ်ဒီတာ ဆရာစည်သူအောင်မြင့် ပြောခဲ့တာပါ။ မြန်မာနိုင်ငံ ကာတွန်းလောကထဲမှာ ဖော်ပြခွင့်ဆင်ဆာ မကြာခဏထိနေတတ်သူ ကာတွန်းဆရာအော်ပီကျယ်ကတော့ -
“အချိန်အတိုင်းအတာ ဆိုတာကိုလဲ မကြိုက်ဘူး။ အချိန်အတိုင်းအတာကို ဘယ်သူက ဆုံးဖြတ်မှာလဲပေါ့။ ထိုက်တန်တယ် မထိုက်တန်ဘူး လူပုဂ္ဂိုလ် တစ်ဦးဦးက သူ့ရဲ့ အတ္တနော်မတိ နဲ့ ဆုံးဖြတ်တာကိုတော့ ကျနော်က မကြိုက်ဘူးပေါ့။ အဲဒါကိုက ဒီမိုကရေစီမကျဘူး။”
ကာတွန်းဆရာအော်ပီကျယ်ရဲ့ သဘောထားဖြစ်ပါတယ်။ အခုလို စာပေစာနယ်ဇင်း အကြီးအကဲတွေက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ပြောလာတာ၊ စဉ်းစားချက်တွေ ရှိလာတာဟာ မြန်မာနိုင်ငံ သတင်းလောကအတွက် ကောင်းတဲ့အလားအလာ ဖြစ်ပေမဲ့ အမြန် အကောင်အထည်ဖော်ဖို့ လိုတယ်လို့ စာရေးဆရာကျော်ရင်မြင့်က ပြောပါတယ်။
“အခုလက်ရှိ အခြေအနေအရဆိုရင်တော့ လုပ်ရတာခက်နေတုန်းပဲ ရှိသေးတယ်လေ။ အထူးသဖြင့် ဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ရေးမယ်ဆိုရင် စာပေစိစစ်ရေးဘက်ကလည်း ကျနော်တို့ကို ဌာနဆိုင်ရာရဲ့ သဘောတူမှု၊ ထောက်ခံမှုတွေ တောင်းခိုင်းနေတုန်းပဲ ရှိသေးတယ်။ အလားတူပဲ ဌာနဆိုင်ရာတွေကလည်း သူတို့အကြောင်းတွေကို ရေးမှာကို တအားစိုးရိမ်ပြီးတော့ အမြဲတမ်း ရှောင်နေပုန်းနေပြီးတော့ ဝှက်နေကွယ်နေတုန်းပဲ ရှိသေးတယ်။ အဲဒီတော့ အခု လက်ရှိအခြေအနေကတော့ လွတ်လပ်ခွင့်ဆိုတာနဲ့ အဝေးကြီး ဝေးနေတုန်းပဲ ရှိသေးတယ်။
စာရေးဆရာကျော်ရင့်မြင့် ဖြစ်ပါတယ်။
မြန်မာ့စာအုပ် စာနယ်ဇင်းလောကကို စာပေစိစစ်ရေးက အရင်တုန်းက အချက် ၂၁ ချက်ရှိတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားရာကနေ အခု အချက် ၁၂ ချက်နဲ့သာ ပြောင်းလဲ ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက လွှတ်တော်မှာပြောခဲ့သလို ဒီအချက်တွေဟာ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့မူတွေကို လေ့လာပြီးမှ နိုင်ငံနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေကတော့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာတယ်ဆိုပေမဲ့ အရင်ကပိတ်ပင်ထားတဲ့ သတင်းတချို့ ကို ဖော်ပြခွင့်ပေးလာတာကလွဲရင် သတင်းနဲ့စာနယ်ဇင်း ဖိနှိပ်ထားမှုဟာ ဘာမှ တိုးတက် ပြောင်းလဲလာတာ တိုးတက်လာတာ မရှိသေးဘူးလို့ ဝေဖန်ထောက်ပြနေကြဆဲ ဖြစ်ပါတယ်။