သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသေးစား ငွေချေးလုပ်ငန်း


ရန်ကုန်မြို့မှာ ဈေးသည်တချို့ကို NLD ပါတီက အတိုးမဲ့ ငွေချေးတဲ့ အစီအစဉ်တရပ်ကို စတင်ဆောင်ရွက် နေပါတယ်။
ရန်ကုန်မြို့မှာ ဈေးသည်တချို့ကို NLD ပါတီက အတိုးမဲ့ ငွေချေးတဲ့ အစီအစဉ်တရပ်ကို စတင်ဆောင်ရွက် နေပါတယ်။

မေလ ၉၊ ၂၀၁၁-မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေကြား ရင်းနှီးလုပ်ကိုင် စားသောက်ဖို့ ငွေချေးငှားရာမှာ အခက်အခဲတွေ ရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရတဲ့ နေရာမှာ အဓိက လိုအပ်ချက်တခုဖြစ်တဲ့ ငွေပင်ငွေရင်း မတည်ဖို့ဟာ အထူးသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင် အငယ်စားတွေ၊ နေ့တဓူ၀ ရှာဖွေစားသောက် နေရသူတွေကြား စိမ်ခေါ်မှုတွေ ဖြစ်နေရပါတယ်။ လုပ်ကိုင်စားသောက်နိုင်ဖို့ အရင်းအနှီး မရှိကြသူတွေအဖို့ ငွေချေးငှားရာမှာလည်း အလွယ်တကူ ရနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ဒီပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ့် အခြေအနေတွေရော ရှိပါရဲ့လား? စီးပွားရေး အကဲခတ်တွေကရော ဘယ်လိုမြင်ကြပါသလဲ? စတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံနေရလို့ စီးပွားရေးကျွမ်းကျင်သူတွေက သတိပေးနေချိန်မှာပဲ မြန်မာနိုင်ငံထဲက အငယ်စား စီးပွားရေး လုပ်ငန်းငယ်လေးတွေအဖို့ နေ့တဓူ၀ ရှာဖွေစားသောက်ရာမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အထူးသဖြင့် မတည်ရင်းနှီးငွေ အနည်းအကျဉ်းနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ ဈေးသည်တွေအဖို့ ငွေပင်ငွေရင်း ရဖို့ဟာ အခက်အခဲတွေ ရှိနေတာပါ။ ဒီလို အခြေအနေတွေကို တဖက်တလမ်းက ဖြေရှင်းတဲ့ အနေနဲ့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရန်ကုန်မြို့မှာ ဈေးသည်တချို့ကို အတိုးမဲ့ ငွေချေးတဲ့ အစီအစဉ်တရပ်ကို စတင်ဆောင်ရွက် နေတာပါ။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အတွင်းမှာရှိတဲ့ ရာပြည့်ဈေးမှာ ဖေဖော်ဝါရီလကစလို့ စတင်စမ်းသပ် ဆောင်ရွက်နေတာလို့ NLD ဗဟိုအမျိုးသမီးအဖွဲ့က ဒေါ်အေးအေးမာ က ပြောပြပါတယ်။
“လူ ၅၀ လောက်ကိုပဲ စပြီးတော့ လုပ်ပေးနိုင်ပါတယ်။ လူတဦးကို ငွေ ၂ သောင်းနှုန်း ချေးပြီးတော့ ငွေ ၁၀ သိန်းကို စတင် လည်ပတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျမတို့ တနေ့ကို ၇၀၀ ကျပ်နှုန်းနဲ့ သူတို့ကို ကောက်ခံပါတယ်။ ၂ သောင်းပြည့်မယ့် အချိန်နားနီးရင်တော့ ၄၀၀ လို ၅၀၀ လို နောက်ဆုံး လိုတဲ့ငွေကို ကောက်ခံပါတယ်။ အဲလိုအချိန်မှာ သူတို့ထဲက တချို့ဆိုရင် နေ့စဉ်ရက်ဆက် ပေးနိုင်ပါတယ်။ တချို့ကြတော့လည်း ရက်ခြားပေါ့နော်။ ဒါပေမဲ့ လကုန်ရက် ပေးရမယ့် အချိန်အထိဆိုရင် အကုန်လုံးအပြည့်ပေးကြပါတယ်။”

အတိုးမဲ့ ငွေချေးပေးနေတာတွေကိုတော့ ၆ လ စမ်းသပ်ကာလအဖြစ် NLD က ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပြီး အောင်မြင်မှုရရင် တိုးချဲ့ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအစီအစဉ်ကြောင့် အရင်က နေ့စဉ်ဈေးရောင်းတဲ့ လုပ်ငန်းအတွက် အတိုးနှုန်းကြီးကြီးမားမား ပေးနေရတဲ့ ဈေးသည်တွေအဖို့ အသက်ရှုပေါက်ရတဲ့ အခြေအနေမျိုး ဖန်တီးပေးနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
“ကျမတို့ကို ရုံးကနေပြီးတော့ လာချေးပေးတယ်။ တဦးကို ၂ သောင်းနှုန်းနဲ့ ချေးပေးတာပေါ့နော်။ အတိုးကတော့ အတိုးမဲ့ ချေးတယ်။ ကျမတို့ကို အတိုးမပေးခိုင်းသေးဘူး၊ တဦးကို ၂ သောင်းနှုန်း။ အပြင်မှာဆိုရင်တော့ အတိုးက ၂၀ ကျပ်တိုးနဲ့ ပေးရမယ်။ အဲလောက်ထိ စရိတ်စက မတတ်နိုင်ဘူးလေ။”

ဒီလို နွမ်းပါးသူတွေရဲ့ ပြဿနာတချို့ကို ဖြေရှင်းပေးနိုင်ပေမဲ့လည်း စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျမှုနဲ့ အကြီးအကျယ် ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ အခြေအနေဟာ ဆင်ပါးစပ် နှမ်းပက်တဲ့ အဖြစ်မျိုးရောက်နေရတာပါ။ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး တိုင်းပြည်တခုအဖြစ်နဲ့ မြန်မာနိုင်ငံသား အများအပြား ဆင်းရဲမွဲတေမှုတွေ ရင်ဆိုင်နေရတာမို့ အသေးစား ငွေချေး လုပ်ငန်းမျိုးဟာ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ လိုမယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့က စီးပွားရေး ပညာရှင် တဦးဖြစ်တဲ့ ဦးစိန်ဋ္ဌေး က မြင်ပါတယ်။
“ကမ္ဘာ့ဘဏ်က တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကို လေ့လာတဲ့အခါမှာ သူတို့ပြောတာကတော့ ၄ ပုံ ၁ ပုံ လောက်ပေါ့ဗျာ။ တိုင်းပြည်ရဲ့ ဆင်းရဲနေတဲ့ အခြေအနေက လူ ၁၀၀ ရှိရင်၊ လူအစိတ်လောက်က အတော့်ကို အခြေအနေဆိုးနေတဲ့ အနေအထား။ ဒါက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အခြေအနေလေ။ ပြီးတော့လည်း သံဃာတော်များ အရေးအခင်း ဖြစ်ပြီးတဲ့ အခါကျတော့ ကျနော်တို့ သုတေသန လုပ်တယ်လေ။ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်) ကလုပ်တဲ့အခါမှာ တချို့နယ်မြေတွေမှာဆိုရင် ဆင်းရဲမှုက အတော့်ကို ဆိုးနေပြီ။ ဥပမာ ချင်းပြည်ဆိုရင် အမြင့်ဆုံးလိုဖြစ်တယ်။ အဲဒီမှာဆိုလို့ရှိရင် လူဦးရေရဲ့ ၃ ပုံ ၂ ပုံလောက်က၊ ၁၀၀ မှာဆိုရင် ၇၅-၈၀ လောက်က အတော်ဆင်းရဲနေတဲ့ အနေအထားမှာရှိတယ်။ အထူးသဖြင့် စားဝတ်နေရေး ပြဿနာရှိတော့ အဲဒီ ဆင်းရဲမွဲတေမှုကို အခု NLD ကနေပြီးတော့ တတ်နိုင်သလောက် လုပ်နေတာ ကောင်းတဲ့ အစီအစဉ်ဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုက သိပ်ကိုမြင့်နေတဲ့ အခါကျတော့ အဲဒါကြီးကို ချုံငုံမိအောင် NLD ရဲ့ အနေအထားနဲ့ လုပ်ဖို့ခက်မယ်။ ဘာကြောင့်လဲဆိုတော့ NLD မှာလည်း အကန့်အသတ်တွေရှိမယ်။ အဓိကကတော့ ငွေကြေးပေါ့နော်။ လိုအပ်တဲ့ ပမာဏလောက်ကို NLD က မပံ့ပိုးနိုင်ရင်တော့ ဒါဟာဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ချုံငုံမိမယ့် အနေအထား ရှိတာပေါ့။”

ဒီလို အသေးစား ငွေချေးလုပ်ငန်းမျိုးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း စီးပွားရေးပညာရှင် Mohammad Yunus က စတင်စမ်းသပ် ဆောင်ရွက်လာရာက အောင်မြင်မှုတွေ ရဖူးပါတယ်။ သူ့ရဲ့ Grameen ဘဏ်ကနေ ဆင်းရဲသား အိမ်ရှင်မတွေကို ငွေထုတ်ချေးတဲ့ အစီအစဉ်ကြောင့် ကိုယ်တိုင်လည်း ၂၀၀၆ ခုနှစ်မှာ နိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရတဲ့ အထိပါ။ လတ်တလော NLD ပါတီက တပိုင်တနိုင် ပံ့ပိုးပေးနေတဲ့ လုပ်ငန်းမှာတော့ အောင်မြင်မှုတွေ စပြီး တွေ့နေရတယ်လို့ တာဝန်ခံဖြစ်တဲ့ ဒေါ်အေးအေးမာ ကပြောပါတယ်။
“တချို့လူတွေက ပြောပါတယ်၊ ဒီလို အတိုးမဲ့ ငွေချေးတာဟာဆိုလို့ရှိရင် မပေးနိုင်တဲ့လူတွေ များပြီးတော့ လုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ပြိုကွဲသွားတာ များတယ်ဆိုပြီးတော့။ ဒါပေမဲ့ ကျမတို့ အခုအချိန်မှာတော့ ၄ လရှိပြီပေါ့နော် ကျမတို့ ဖေဖော်ဝါရီလကစပြီး ငွေချေးတာ ၄ လရှိပါပြီ၊ ဒါပေမဲ့ ကျမတို့ အထဲမှာ ၂ ဦးကပဲ ဖိတ်စဉ်သွားပါတယ်။ သူတို့ကလည်း ဒိပြင်နေရာက ယူထားတာတွေ၊ အတိုးချေးထားတာကလည်း များတော့ အဲဒီနေရာတွေကနေ ၂ ဦးကတော့ ဖိတ်စင် သွားပါတယ်။ ကျန်တဲ့ ၄၈ ဦးကို ကျမတို့ ဆက်လက် ချေးနိုင်ပြီးတော့ အခုတော့ လိုအပ်တဲ့ငွေကို ထပ်စိုက်ပြီး၊ လူအယောက် ၅၀ ကို ချေးနေပါတယ်။ ဒါဟာ ၁၀၀ မှာဆိုရင် ၄ ယောက်လောက် မပေးနိုင်ဘူးပေါ့၊ ၉၆% လောက်က အောင်မြင်တယ်လို့ ကျမတို့ ဆိုနိုင်ပါတယ်။”

တိုင်းပြည်က လူအများအပြားအတွက် သိသိသာသာ အထောက်အကူ ဖြစ်စေမယ့် အသေးစား ငွေချေးငှားတဲ့ လုပ်ငန်းကို မြို့ပြဒေသမှာသာမက မြန်မာနိုင်ငံသား အများစုရှိရာ ကျေးလက်ဒေသတွေမှာပါ ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း စီးပွားရေး ပညာရှင် ဦးစိန်ဋ္ဌေး က ပြောပါတယ်။ အထူးသဖြင့်ကတော့ ဒီလိုအစီအမံတွေကို အစိုးရက စိုက်ထုတ်ဆောင်ရွက် သွားမှသာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုမှာ အထောက်အကူ ဖြစ်လာနိုင်မယ်လို့ ဆိုခဲ့တာပါ။
“မြန်မာပြည်ဟာ အများစုက တောမှာနေတယ်။ တောမှာနေတဲ့အပြင် လုပ်ငန်းနဲ့ပြန်ကြည့်ရင် လယ်ယာလုပ်ငန်း ဖြစ်တယ်။ လယ်ယာလုပ်ငန်းဟာ ၇၀% လောက်ရှိတဲ့ အခါကျတော့ လူဦးရေရဲ့ ၈၀% လောက် ရှိတဲ့ အခါကျတော့ ဒီလူဦးရေကို အာရုံစိုက်ပါ။ အဲဒီလုပ်ငန်းတွေကို ဥပမာ စိုက်ပျိုးစရိတ် ချေးငွေ မလုံလောက်ဘူး ဒါပေးရမှာပေါ့။ ဒါက လယ်ယာလုပ်ငန်းနဲ့ ပတ်သက်တာ။ နောက်တခုက အသေးစား ငွေစုငွေချေး ဆိုတာက မြို့မှာနေတဲ့လူတွေအတွက် ရှိတယ်ဗျာ။ အရင်တုန်းက ရှိတာပဲ။ မြို့မှာရှိတဲ့ လူတွေအတွက် လုပ်ငန်းတွေပေါ့၊ ဥပမာ စက်ရုံ အလုပ်ရုံတို့ ရှိမယ်ဗျာ၊ ကိုယ်ပိုင်လုပ်ငန်းတွေ ရှိမယ်ဗျာ။ ဒီလို လုပ်ငန်းတွေကို အသေးစား ငွေစုငွေချေးလို ဟာမျိုးတွေက ပံ့ပိုးပေးဖို့ အစိုးရက ဘတ်ဂျက်ချပေးလို့ရှိရင် ဒါဟာ အလွန်အင်မတန် ထိရောက်မှာပေါ့။

ကျနော်တို့ မြန်မာနိုင်ငံမှာ အခုလက်ရှိ မနှစ်ကပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ နိုင်ငံခြား အရန်ငွေက ၅.၅ ဘီလီယံ ကျော် ရှိတယ်။ အဲဒီပိုက်ဆံတွေ သုံးရမှာပေါ့။ အခုအစိုးရသစ် ဖွဲ့ပြီဗျာ။ စီးပွားရေး အကြံပေးအဖွဲ့လည်းရှိတယ်၊ ဆရာဦးမြင့် လည်းပြောသွားတယ်။ ဒီဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ရမယ်၊ ပြုပြင်ပြောင်းလဲမှု တကယ်လုပ်ရမယ်ဆိုတာ။ အဲဒီလို လုပ်လာမယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေက တက်လာပါလိမ့်မယ်။”

၂၀၀၉ ခုနှစ်ကုန်ပိုင်းက မြန်မာနိုင်ငံက စီးပွားရေး အခြေအနေတွေ၊ အလားအလာတွေကို အကဲခတ်ဖို့ သွားရောက်ခဲ့တဲ့ စီးပွားရေး နိုဘဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက်ဖ် စတစ်ဂ်လဇ် (Joseph Stiglitz) ကတော့ သူ့ခရီးစဉ်အတွင်း လယ်သမားတွေနဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံအရ စိုက်ပျိုးထုတ်လုပ်မှုတွေကို တိုးမြင့်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း၊ အရည်အသွေးရှိတဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ ဝယ်ယူဖို့လို ချေးငွေ မရနိုင်တဲ့ အခြေအနေတွေကို တွေ့ခဲ့ရကြောင်း ပြောခဲ့တာပါ။ ဒီလိုပဲ တိုင်းပြည်တခုလုံးရဲ့ စီးပွားရေး တိုးတက်စေဖို့အတွက်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ လူဦးရေအများစု နေထိုင်ရာ ကျေးလက်ဒေသတွေကို အစိုးရက ပံ့ပိုးထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း နိုဘယ်လ်ဆုရှင် ပါမောက္ခ စတစ်ဂ်လဇ် က အလေးထား ပြောသွားခဲ့တာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG