သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးထားဆဲလား


မြန်မာနိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးထားဆဲလား
မြန်မာနိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးထားဆဲလား

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိပ်ကွက်ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တာ ဒီကနေ့ဆိုရင် ၂၃ နှစ်ရှိခဲ့ပါပြီ။ ၂၃ နှစ်ကြာခဲ့ပေမဲ့လည်း မြန်မာနိုင်ငံရဲ့ အာဏာအရပ်ရပ်ကို စစ်ဘက်က ချုပ်ကိုင်ထားဆဲဖြစ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက မြင်ကြပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားတယ်ဆိုတဲ့ သမိုင်း သင်ခန်းစာတခုလည်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ အပြည့်စုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် နှစ်ပတ်လည် အဖြစ်နဲ့ရော၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၄) နှစ်မြောက် အထိန်းအမှတ်အဖြစ်နဲ့ပါ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီဝန်းကျင်၊ နယူးယောက်နဲ့ မြောက်ကာရိုလိုင်းနားက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၆၀ လောက် ဝန်ရှင်တန်ဒီစီက မြန်မာသံရုံးရှေ့မှာ စနေနေ့က မွန်းလွဲပိုင်းက စုဝေးခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့၊ ပြည်တွင်းစစ်ရပ်စဲဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတဦးဖြစ်တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ပညာဇောတကတော့ မြန်မာနိုင်ငံမှာ ၂၃ နှစ် ကြာခဲ့ပေမဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ချယ်လှယ်လွှမ်းမိုးမှုတွေ ခံနေရတုန်းပဲဆိုတာကို ပြီးခဲ့တဲ့လွှတ်တော်မှာ ဖြစ်နေတဲ့ ဥပမာနဲ့ယှဉ်ပြီးတော့ ပြောပြပါတယ်။

“သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးသိန်းညွှန့်ကနေပြီးတော့ အခြေခံ အုပ်ချုပ်ရေးတွေမှာ ပြည်သူအများက ရွေးချယ်တဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ပြီးတော့ တင်မြှောက်ဖို့ ပြောတဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးကနေပြီးတော့ ဒါဟာ လုပ်လို့မရဘူး။ လူရိုသေရှင်ရိုသေ ရှိတဲ့ပုဂ္ဂိုလ်များကိုသာလျင် ရွေးချယ်ပြီးတော့ တင်မြှောက်ရမယ်ဆိုပြီး လွှတ်တော်မှာ စစ်တပ်ကရွေးချယ်ပြီးတော့ ကြီးမှူးနေတဲ့ စစ်တပ်ကိုယ်စားလှယ်များနဲ့ မဲအနိုင်ယူပြီးတော့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါတွေကိုကြည့်သောအားဖြင့် အုပ်ချုပ်မှု ပုံပန်းသဏ္ဍန်ပြောင်းလဲသွားသော်လည်းပဲ စစ်တပ်ရဲ့အုပ်ချုပ်မှု အခန်းကဏ္ဍက ဒီနေ့အထိ အကျိုးသက်ရောက်မှု ရှိနေတုန်းပဲ။ နေရာတိုင်းမှာ ချုပ်ချယ်နေတုန်းပဲဆိုတာကို ပြပါတယ်။ ဒါကြောင့်မိုလို့ စစ်အာဏာရှင်တွေဟာ ၂၃ နှစ်ပြည့်ပြီ။ ဒီနေ့အထိအောင် ရွေးကောက်ပွဲဖြစ်ပေမဲ့လို့လည်း လွှမ်းမိုးနေတုန်း၊ ချယ်လှယ်နေတုန်းပဲ ဆိုတာကို ပြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ဆန္ဒပြပွဲတွေ လုပ်ရတာဖြစ်ပါတယ်။”

၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီရေး တောင်းဆိုမှုတွေဟာ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ တနိုင်ငံလုံးကို ကူးစက်ပြီး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တပါတီစနစ်နဲ့ အာဏာယူထားတာပါ။

လူထုလှုပ်ရှားမှုအရှိန်ကြောင့် စစ်အာဏာရှင် ဦးနေဝင်းက ရာထူးကနေ ဆင်းပေးခဲ့ရသလို နောက်ထပ် တက်လာတဲ့ ဦးစိန်လွင်လည်း ရာထူးကနေ ဆင်းသွားရပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ စစ်တပ်ကနေ ဒေါက်တာမောင်မောင် အစိုးရဆီက အာဏာကိုသိမ်းယူလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီမိုကရေစီရေးလှုပ်ရှားတွေကို အပြင်းအထန် နှိပ်ကွက်ပြီး စစ်တပ်က အစိုးရအဖွဲ့ အုပ်ချုပ်လာခဲ့တာ ဒီနှစ်မတ်လ ဦးသိန်းစိန် အစိုးရ တက်မလာခင်အထိ ဖြစ်ပါတယ်။

တကယ်တော့ စက်တင်ဘာလ ၁၈ ရက်နေ့ဟာ မြန်မာလူထုရဲ့ လွတ်လပ်မှု ဆုံးရှုံးတဲ့နေ့တနေ့လိုမျိုး သမိုင်းမှာ အရုပ်ဆိုးတဲ့နေ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်က ပြောပါတယ်။

“ကျနော်တို့ လွတ်လပ်ရေးဆုံးရှုံးသွားတဲ့နေ့ လိုပါပဲ။ မြန်မာ့သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်လှတဲ့ အမဲစက်ကြီးတခုလို့ ကျနော် မြင်ပါတယ်။”

စစ်တပ်ကပဲ ရွေးကောက်ပွဲ လုပ်ပေးတယ်၊ ဖွဲ့စည်းပုံတရပ် ပေါ်လာပြီ၊ လွှတ်တော်ပေါ်လာပြီ၊ အရပ်သား အစိုးရသစ်လည်း အခု ပေါ်လာပါပြီ။ အဲဒီတော့ ဒီအနေအထား ရောက်လာပြီးတဲ့အခါမှာ ကိုမိုးသီးရဲ့ အမြင်ကို သိချင်ပါတယ်။ စစ်အာဏာရှင်စနစ်က အခုချိန်မှာ မရှိဘူးလို့ ပြောလို့ရပြီလား။ -

“ကျနော်တို့ မမေ့ဖို့တချက်က ဘာလဲဆိုတော့ ဒီအာဏာကို ဘယ်လိုကျင့်သုံးနေသလဲ ဆိုတာကို ကျနော်တို့ လေ့လာဖို့လိုတယ်။ ဒီနေ့ အာဏာကို လူတစုကပဲ ဆက်ပြီးတော့ ထိန်းချုပ်ထားတယ်။ ဆုံးဖြတ်ခွင့် ရှိတဲ့ဟာတွေ အားလုံးကို လူတစု လူတယောက်တည်း လက်ထဲမှာ ရှိနေသေးတယ်။ လာဘ်စားမှုတွေ ရှိနေတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ရှိနေတယ်။ ဆိုတော့ ဘာမှပြောင်းလဲတာ ကျနော်တို့ မတွေ့ရဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ တချို့ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တချို့ ဆွေးနွေးတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ သူတို့ ကိုယ်စားလှယ်တွေကိုယ်နှိက်ကိုက ဒီအကြောင်းအရာတွေကို ဆွေးနွေးကြပေမဲ့ အစိုးရက ဒါတွေကို အကောင်အထည် မဖော်ပေးဘူး။ ကျနော်တို့ရဲ့ အသံတွေကို ထင်ဟပ်ယုံပဲ။ ဆိုလိုတာက ဒီမိုကရေစီ ရပြီ ပြောင်းလဲသွားပြီလို့ ပြောလို့မရဘူးလေ။”

စစ်တပ်က ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအတွင်းမှာလည်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အစိုးရအဖွဲ့ရဲ့အထက်မှာ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အာဏာ ပိုယူထားပြီးတော့ နိုင်ငံတော်ရဲ့ အရေးပေါ် အခြေအနေကာလမှာ စစ်တပ်ကနေ အာဏာလွှဲယူနိုင်ခွင့် ရှိတယ်လို့လည်း ဖော်ပြထားတာမိုလို့ ဒီအပေါ်မှာလည်း ဒါဟာ စစ်အာဏာရှင်စနစ် ကြွင်းကျန်နေတာကို သက်သေပြတာ ဖြစ်တယ်လို့ဆိုပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

XS
SM
MD
LG