အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး Luis CdeBaca ဟာ မြန်မာအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။ အခုလို မစ္စတာ CdeBaca မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မိုင်းရှူးကျောက်တွင်းမှာ အလုပ်လုပ်ဖို့အတွက် စုဆောင်းလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် လူဦးရေ ၇၂ ယောက်ပါတဲ့ကားကို ပဲခူးတိုင်း၊ ပြည်မြို့မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက လူကုန်ကူးမှု လုပ်တယ်ဆိုပြီး ဒေသခံ အာဏာပိုင်တွေကို အမှုဖွင့်တိုင်ကြားပြီး တားဆီးခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
မြန်မာ့ဂုဏ်ရည် ကုမ္ပဏီကနေ မိုင်းရှူးကျောက်တွင်းမှာ အလုပ်လုပ်ဖို့အတွက် ပြည်မြို့က အရွယ်မရောက ်သေးတဲ့ ကလေးတွေအပါအဝင် လူ ၇၂ ယောက် စုဆောင်း သယ်ဆောင်လာတဲ့ ကားကို ပြည်မြို့မှာပဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တားဆီးခဲ့တာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုရဲထင်ကျော် ပြောပြတာက -
“အလုပ် လုပ်ဖို့သွားမယ်ဆိုပြီးတော့ လူတွေ ၇၂ ယောက်ကို စိုင်းလုံးကျော် ကားနဲ့တင်သွားမယ်လို့ သတင်းကြားလို့ အမှတ် (၂) စခန်းက ရဲတွေနဲ့ ကျနော်တို့ သွားပြီးတော့ အဲဒီကားကို သွားတားတယ်။ တားတော့ အဲဒီမှာ တကယ်ပဲ လူ ၇၂ ယောက် ပါပါတယ်။ ရဲတွေက အကုန် စစ်ဆေးမှုတွေ လုပ်တယ်ခင်ဗျ။ ကိုသိန်းထက်အောင် ဆိုတဲ့သူက အဲဒီက မန်နေဂျာပေါ့ဗျာ။ ရဲကင်းမှာ စစ်တယ်။ စစ်ဆေးပြီးတဲ့အခါမှာ တစ်နာရီလောက်ကြာတယ်။ တစ်နာရီလောက် ကြာပြီးတော့ ရဲတွေက ကျနော်တို့ စစ်ဆေးပြီးတဲ့အတွက် ဒီကားထွက်မယ်ဆိုရင် ထွက်လို့ရတယ်လို့ ပြောပါတယ်။ အဲဒီကားထဲမှာ ပါလာတဲ့အထဲမှာ ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၈ နှစ် လူငယ်ကလေးတွေ ပါတယ်။ နောက်ပြီးတော့ အဲဒီလိုမျိုး လိုက်သွားတာကို မိဘတွေကသိတဲ့ ကလေးတွေရှိသလို မသိတဲ့သူတွေလည်း ရှိတယ်။ အဲဒီမိဘတွေလည်း ရောက်လာတယ်ခင်ဗျ။ သူတို့က ငိုယိုပြီးတော့ ဒီလိုမျိုးဆိုရင် ခင်ဗျားတို့နဲ့ မထည့်နိုင်ဘူးလို့ ပြောတဲ့အချိန်မှာ အဲဒီကားကို ခဏတားတယ်။ အဲဒီလို တားတဲ့အချိန်မှာ အရပ်ဝတ်မာဖီတွေနဲ့ခင်ဗျ။ တခြား အဖွဲ့အစည်းတွေကလို့ ထင်ရတဲ့သူတွေ ရောက်လာတယ်ခင်ဗျ။ အဲဒီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သူတို့ကို စစ်တယ်။ အဲဒီလို စစ်တဲ့အချိန်မှာ အရပ်သူအရပ်သားတွေကလည်း သုံးလေးရာလောက် ရှိတယ်။ စစ်လည်း စစ်ပြီးတော့ သူတို့က ဒါ ကိုသိန်းထက်အောင် တို့က မှန်တယ်လို့ ယူဆပုံရတယ်။ ယူဆပြီးတော့ ကိုသိန်းထက်အောင်တို့နဲ့ လိုက်မယ်ဆိုပြီး ယူဆတဲ့သူတွေ မတ်တတ်ရပ်၊ မလိုက်ဘူးဆိုတဲ့သူတွေ ထိုင် လို့ ပြောတဲ့အချိန်မှာ အလုပ်သမားတွေထဲက ၇ ယောက်လောက် မတ်တတ်ရပ်ပြီး ကိုသိန်းထက်အောင်တို့နဲ့ လိုက်မယ်လို့ ပြောပါတယ်။ ကျန်တဲ့သူတွေကတော့ အားလုံး မလိုက်ရဲပါဘူး။”
ဒီလိုစစ်ဆေးမူတွေ ရှိပြီးတဲ့နောက် လူ ၆၀ ကျော်က မလိုက်ပါရဲတော့ဘဲ ကျန်ရစ်ခဲ့ကြပြီး ကားကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို ငွေကြေးပေးပြီး လူစုဆောင်းမူတွေဟာ လူကုန်ကူးမှုမြောက်ကြောင်း၊ ဒီအတွက် အရေးယူသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။
“မြန်မာ့ဂုဏ်ရည် ကျောက်မျက်ကုမ္ပဏီက ပြည်ခိုင်ဖြိုးပါတီရဲ့ ကုမ္ပဏီလို့လည်း ပြောပါတယ်။ အလုပ်သမားတွေကို သူတို့က လက်မှတ်တွေထိုးပြီး စာချုပ် ချုပ်ခိုင်းတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ စာချုပ် ချုပ်ခိုင်းတာတွေ ရှိတယ်။ နောက်ပြီးတော့ ဒီမှာ ဖြိုးငွေထွန်း ဆိုတဲ့ ကလေးတစ်ယောက်ဆိုရင် သူက အသက် ၁၆ နှစ်ကျော်ပဲ ရှိသေးတယ်ပေါ့ဗျာ။ မိဘတွေမသိဘဲနဲ့ အဲဒီကလေးဆိုရင် ပါသွားတယ်။ ဒီဖြစ်ရပ်က တကယ့်တကယ်ဆိုရင်တော့ ၅/၆၅ ပေါ့ဗျာ။ လူကုန်ကူးမှု ဥပဒေအရဆိုရင် ဒါက လူကုန်ကူးမှု ကျိန်းသေပေါက် မြောက်တယ်ခင်ဗျ။ ကျနော်တို့ဆီမှာလည်း အရင်တုန်းက အဲဒီပုံစံမျိုးနဲ့ ကလေးသူငယ်တွေ အများကြီးပဲ ပျောက်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ရက်ကတင် မိန်းကလေး ပျောက်သွားတာ ရှိတယ်ဗျ။ လူကုန်ကူးတဲ့သူကို အရေးယူလို့ရှိရင် သူတို့ ပြန်ပြီးတော့ လွှတ်ပေးတယ်။”
ကျောက်မျက်ကုမ္ပဏီကခေါ်လို့ မိုင်းရှူးကို လိုက်ပါသွားပြီ်းနောက် အသက်အန္တရာယ်ကြီးတဲ့ အလုပ်တွေ လုပ်ခဲ့ရပြီး နှိပ်စက်ညှင်းပန်းမူတွေကို ခံခဲ့ရကြောင်းတွေကို ပြောပြပြီး သူတို့လို ထပ်မဖြစ်အောင် တားဆီးမှုမှာ ပါဝင်ခဲ့တဲ့အကြောင်းကိုတော့ ကိုယ့်တွေ့ကြုံရသူ အလုပ်သမားတစ်ဦးက ပြောပြပါတယ်။
“တွင်းအောက်မှာ ဂလိုင်ကြီး အကြီးကြီးပဲ။ အောက်မှာ အဆောက်အဦး လေးငါးခြောက်လုံး ဆောက်လို့ရတဲ့ ဂလိုင်ကြီး ရှိတယ်။ အဲဒါကြီးက ကျောက်သားတွေချည်းပဲ အကုန်လုံး။ အဲဒီမှာ အက်နေတဲ့နေရာတွေလည်း ရှိတယ်။ တချို့ဆိုရင် အလုပ်လုပ်နေရင်း ပြုတ်ကျတာတွေလည်း ရှိတယ်။ တိုင်ကီနဲ့ ဆင်းလာတုန်းက အပေါက်က ကျဉ်းကျဉ်းလေးရယ်။ ဟိုးအောက်မှာရောက်တော့ ဂလိုင်ကြီးက အကျယ်ကြီးပဲ။ အဲဒီထဲမှာ အလုပ်လုပ်ရတာ။ အသက် အန္တရာယ်များတယ်။ တကယ်လို့ ကျောက်တုံးတွေ သယ်လာတဲ့အခါမျိုးမှာ အပေါ်က ပြုတ်ကျလို့ သေတဲ့ဟာမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ထိခိုက် ဒဏ်ရာရတယ်။ ကျနော်တို့ကို ပြောပြီး ခေါ်သွားတုန်းက ဂိုင်းခွက်ထဲမှာ မြေထည့်ရတာလောက်ပဲ၊ ကျောက်တုံးလေးတွေကို သယ်ရမှာဖြစ်တယ်လို့ ပြောတယ်။ အောက်ကိုလည်း ရောက်ရော ၁၅ ပိဿာလောက်ရှိတဲ့ ကျောက်တုံးကြီးတွေကို ကျနောတို့ သယ်ရတယ်။ ခေါ်သွားတုန်းက တစ်လကို လေးသောင်းခွဲပေးမယ်။ မင်းတို့ အိမ်ကို ပို့ချင်သလောက်ပို့။ တချို့ဆို သုံးသောင်းပို့တယ်၊ တချို့တွေက နှစ်သောင်း ပို့တယ်ပေါ့။ လစဉ်ပို့ပေးမယ်လို့ ပြောပြီးတော့ ပြီးလည်းပြီးရော အဲဒီတစ်လပဲ ပို့ပေးပြီးတော့ ကျန်တဲ့ငွေတွေကို ထွက်ပြေးမှာစိုးလို့ သူတို့ ထိန်းသိမ်းထားတယ် ဆိုပြီးတော့ ထိန်းသိမ်းထားတယ်။ မှတ်ပုံတင်ကိုလည်း ဒီမှာကတည်းက သူတို့ သိမ်းယူသွားတယ်။ ကျနော်တို့ဆီမှာ မှတ်ပုံတင် မထားရဘူး။ ကျနော်နဲ့အတူ ခေါ်သွားတဲ့ ကျနော့် ညီလိုလည်း တော်တာပေါ့နော်၊ ညီမင်းထွန်း ဆိုတာ အခု လက်ရှိ ဒီမှာရှိတယ်။ အဲဒီကောင်ဆိုရင် ရေသန့်ဘူးထဲမှာ သေးပေါက်လို့၊ မင်း အဲဒီလို ပေါက်ရမလားဆိုပြီးတော့ ကျင်းအောက်မှာ ဓာတ်ကြိုး သုံးကိုက်လောက်ကို နှစ်ချောင်းပူးပြီးတော့ ခေါက်ချိုးခေါက်ပြီးတော့ ရိုက်တယ်။”
ပြည်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဖျားယောင်းစည်းရုံး သိမ်းသွင်းတာတွေ လုပ်ပြီး အခုလိုမျိုး အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ခိုင်းတာမျိုးတွေ၊ စစ်တပ်ထဲကို ပို့ပြီးရောင်းစားတာတွေ၊ စားသောက်ဆိုင်တွေကို ပို့ပြီး ရောင်းစားတာတွေကိုလည်း ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့ဖူးပါတယ်။
ကလေးတွေကို စစ်တပ်ကနေ ပြန်ထုတ်နိုင်ဖို့အတွက် ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားတာတွေ လုပ်ခဲ့ပေမဲ့ တချို့ကလေးတွေကတော့ စစ်တပ်က ပြန်မပေးတာတွေ၊ တချို့ ပြန် ရှာဖွေလို့မရတော့ဘဲ ပျောက်ဆုံးသွားတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ အခုကိစ္စဟာ အချိန်မီ တားဆီးနိုင်ခဲ့ပေမဲ့ မတားဆီးနိုင်တာတွေ ရှိနေတဲ့အတွက် လူပျောက်ဆုံးမှုတွေ ဆက်တိုက် ဖြစ်နေရတယ်လို့လည်း ပြောပြကြပါတယ်။