သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြံပေး Vijay Nambia နေပြည်တော်ရောက်


ကုလအကြံပေး Vijay Nambia နေပြည်တော်ရောက်
ကုလအကြံပေး Vijay Nambia နေပြည်တော်ရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) ဟာ ဒီကနေ့ နေပြည်တော်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအပြင် ရွေးကောက်ပွဲနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ကျင်းပနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ညီလာခံကိုလည်း မစ္စတာ ဗီဂျေးနမ်ဘီးယား တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ အမြင်သဘောထား တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ အခု မစ္စတာ ဗီဂျေးနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်းနဲ့အတူ နေပြည်တော်မှာ လုပ်နေတဲ့ စီးပွားရေးဆိုင်ရာ ညီလာခံအကြောင်းတွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် တနင်္လာနေ့ မနက်မှာတော့ နေပြည်တော်က အစိုးရပိုင်း တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံတယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးတယ် ဆိုတာကိုတော့ မစ္စတာ ဗီဂျေးနမ်ဘီးယား ဆီကနေ မသိရသေးပါဘူးလို့လည်း ပြောပါတယ်။

“ဗီဂျေးနမ်ဘီးယားက ဒီနေ့ မနက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ပါတယ်ခင်ဗျ။ နောက်ပြီးတော့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့တယ်။ ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တယ်။ ပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးနဲ့ တွေ့တယ်။ နောက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တွေ့ပါတယ်ခင်ဗျ။”

မနက်ဖြန်မှာလည်း မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး နောက်ထပ် အစိုးရ အဖွဲ့ထဲက တာဝန်ရှိသူတွေ လွတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ဗီဂျေးနမ်ဘီးယား ဟာ နေပြည်တော်က MICC မှာ ကျင်းပနေတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညီလာခံ ဖြစ်ပြီး အဲဒီမှာ မစ္စတာ နမ်ဘီးယားက လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားတွေပေါ် ကုလသမဂ္ဂရဲ့ သဘောထားတွေကို ရှင်းပြသွားတယ်လို့ ဒီညီလာကို တက်ရောက်နေတဲ့ ဗဟုအဖွဲ့က ဦးဇော်ဦးက ပြောပါတယ်။

“သူကတော့ ဒီ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာတဲ့ဟာကို ဇောင်းပေးပြီး ပြောသွားတာပဲလေ။ ဒီ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုကလည်း ဆက်စပ်နေတယ်။ ဒီစီးပွားရေး ဖွံ့ဖြိုးမှု နောက်ကနေ ထပ်ချပ်မကွာ လိုက်လာပြီးတော့ တကယ် အဓိပ္ပာယ်ရှိတဲ့ ဖွံ့ဖြိုးမှု တစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့ ဦးစားပေး ဆွေးနွေးတာဖြစ်တဲ့ အတွက်ကြောင့် သူ့အနေနဲ့ကလည်း သူရဲ့ နိုင်ငံရေးအရ ကြားဝင် ဆောင်ရွက်မှုတွေ၊ အောင်မြင်မှုတွေ၊ ဒါတွေဟာ အထောက်အကူ ပြုနေတယ် ဆိုတဲ့ ကိစ္စကိုလည်း သူက ပြောသွားတဲ့ဟာကို ကျနော်တို့ နားထောင်ခဲ့ရပါတယ်။”

ဒါ့အပြင် ဒီညီလာခံကို အခု မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာ မင်းကြီး Andris Piebalgs လည်း တက်ရောက်ခဲ့ပြီး အီးယူကနေ မြန်မာနိုင်ငံကို နောက်ထပ်တိုးပေးမယ့် အကူအညီ ကိစ္စတွေကိုလည်း ရှင်းပြသွားတယ်လို့ ပြောပါတယ်။

“အဓိက ကတော့ ဒီ အီးယူက မြန်မာနိုင်ငံမှာ ပြောင်းလဲနေတဲ့ ဖြစ်စဉ်အပေါ်မှာ အင်မတန်မှ ကျေနပ် အားရမှုရှိတယ်။ ပြီးရင် လာမယ့်နှစ်ကနေ စပြီး နောင် ရေရှည် အတွက် ဖွံ့ဖြိုးမှုတွေ အတွက်မှာ သူတို့ အနေနဲ့ ကူညီနိုင်မယ့် အစီအစဉ်တွေကိုပါ အခုကတည်းက တပါတည်း စဉ်းစားနေတယ်။ နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ရှေ့မှာပဲ ကျနော်တို့ လုပ်နိုင်မယ့် အနေအထားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ အနေနဲ့လည်း ဒါကို စဉ်းစားပြီးတော့ ပိုပြီး ကူညီနိုင်မယ့် လမ်းစတွေ ပွင့်လာတာကို တွေ့ရတယ် ဆိုပြီး ပြောသွားပါတယ်။”

ဒါ့အပြင် UNDP ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး အာဂျေး ချီးဘာ (Dr. Ajay Chhibber) လည်း တက်ရောက်ပြီး ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒီညီလာခံဟာ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်လာအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေရုံတင်မကဘဲ ကျန်းမာရေးနဲ့ ပညာရေး ဘက်တွေကိုပါ အထောက်အကူ ပြုဖို့အတွက် ဦးစားပေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို နိုဘဲလ်ဆုရ ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် (Dr.Joseph Stiglitz ) နဲ့ အတူ မြန်မာစီးပွားရေး ပေါမောက္ခဟောင်းတွေ ဖြစ်ကြတဲ့ ဦးလှမြင့်၊ ဦးရော်နယ်ဖင်လေး အပြင် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးမြင့် အပြင် တခြား နိုင်ငံတကာ နဲ့ ပြည်တွင်းက စီးပွားရေးပညာရှင်တွေနဲ့အတူ အစိုးရ ပိုင်းတွေပါ တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အဲဒီမှာ စီးပွားရေးပညာရှင် ဒေါက်တာ ဂျိုးဇက် စတစ်ကလစ်က မြန်မာနိုင်ငံအတွက် အကြံပြုချက် ၆ ချက်နဲ့ ဆွေးနွေးသွားတယ် လို့လည်း ဦးဇော်ဦးက ပြောပါတယ်။

“နံပါတ်တစ်က ကျနော်တို့ ဒီလယ်ယာ ကဏ္ဍဖွံ့ဖြိုးမှုကို ဆက်ပြီး လုပ်ဖို့လိုတယ်။ နောက်တစ်ချက်က ကျနော်တို့ ဝင်ရောက်လာတဲ့ အထူးသဖြင့် သဘာဝ အရင်းအမြစ်တွေကနေ ရလာမယ့် ဘဏ္ဍာငွေတွေ အပေါ် သုံးစွဲမှုအပေါ်မှာ ပိုပြီးတော့ ခြိုးခြိုးခြံခြံ အကျိုးရှိရှိ အသုံးချနိုင်ဖို့ အရေးကြီးတယ်၊ လူသားအရင်းအမြစ် တွေကို ပြုစုပျိုးထောင်ရေးကလည်း ပထမ အရေးကြီးတယ်။ ဒီနေရာမှာ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍအပေါ်မှာ ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်တယ် ဆိုတာကလည်း အစိုးရ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံတကာနဲ့လည်း ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်။ အဲဒါတွေ လုပ်မယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံဟာ အောင်မြင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ် ဆိုပြီးတော့ ပြောသွားတာ တွေ့ရပါတယ်။”

ဗဟုအဖွဲ့က ဦးဇော်ဦး ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပနေတဲ့ ဒီညီလာခံကို မြန်မာအစိုးရနဲ့အတူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးအပြင် သမ္မတ အကြံပေးအဖွဲ့က ဦးမြင့်ရဲ့ MDRI အဖွဲ့နဲ့အတူ အီးယူကလည်း ပံ့ပိုးကူညီခဲ့တယ်လို့ ဒီပွဲကို စီစဉ်သူတွေက ပြောသလို နိုင်ငံတကာနဲ့ ပြည်တွင်းကပါဆိုရင် ဦးရေ ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG