သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးအတွက် ဗီဂျေး နမ်ဘီးယား အားတက်


မစ္စတာ ဗီဂျေး နမ်ဘီးယား(ဝဲ) မြန်မာအစိုးရသစ် ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်။ မေ ၁၁၊ ၂၀၁၁။
မစ္စတာ ဗီဂျေး နမ်ဘီးယား(ဝဲ) မြန်မာအစိုးရသစ် ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်။ မေ ၁၁၊ ၂၀၁၁။

ဒီနှစ်အစောပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာအစိုးရသစ်ဆီကနေ အင်မတန် အားတက်ဖွယ် အရိပ်လက္ခဏာတွေ သူတွေ့ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ အစိုးရ တာဝန်ရှိသူတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီးတဲ့နောက် ကြာသပတေးနေ့မှာ အဲဒီလို ပြောလိုက်တာပါ။

ဆွေးနွေးပွဲဟာ “အင်မတန် ပွင့်လင်းပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသလို “မိမိတို့ အပျက်သဘော မဆောင်ချင်ဘူး” လို့ဆိုပြီး အစိုးရသစ်က ဘယ်လို ဆက်ပြီး လုပ်ဆောင်မယ်ဆိုတာ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားရဲ့ အခုခရီးစဉ်ဟာ မြန်မာစစ်ကောင်စီကနေ အစိုးရသစ်ဆီ အာဏာလွှဲပြောင်း ပေးခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာ သူ မြန်မာနိုင်ငံဆီ လာခဲ့ပါသေးတယ်။ အခုတကြိမ် ၃ ရက်ကြာ ခရီးစဉ်ကတော့ ဒီကနေ့ သောကြာနေ့မှာ အဆုံးသတ်မှာပါ။

ရွေးကောက်ပွဲတွေဟာ အရပ်သား အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပေမဲ့ ဝေဖန်သူတွေကတော့ စစ်တပ်က အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားဖို့ လုပ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

လွှတ်တော်အမတ်နေရာ အများစုကို စစ်တပ် ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး အမတ်နေရာ ၂၅% ကိုလည်း ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ယူထားပါတယ်။

မြန်မာအစိုးရကို ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး အစိုးရတရပ်အဖြစ် သတ်မှတ်ထားကြတာပါ။ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အများအပြားက မြန်မာအစိုးရနဲ့ စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG