သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်


အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်
အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်

မြန်မာနိုင်ငံ အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှိတရားအဖြစ် ရှုမြင်ခြင်းသာဖြစ်ပြီး တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ဘူးလို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တဲ့ အကြောင်းကို ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးမှာ တခြား ဘယ်လို ကိစ္စတွေကိုပါ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို မသင်းသီရိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေအပြင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးကြစဉ်အတွင်း အစိုးရသစ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြီး အတိအကျ ဖွင့်ဆို ရှင်းပြခဲ့တာပါ။ လွှတ်တော်ကနေတဆင့် ပေါ်ပေါက်လာခဲ့တဲ့ အစိုးရသစ်ကို အရှိတရားအဖြစ်သာ ရှုမြင်ပြီး လက်ခံတာ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အကြောင်း NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အစိုးရအဖွဲ့တရပ် ရှိနေတယ်။ အရှိကို အရှိအတိုင်း ရှိတယ်လို့ ဒါ ပြောရမှာပဲ။ အနှစ် ၂၀ ကာလ တလျှောက်လုံးမှာလည်း နအဖ၊ နဝတ ကို ကျနော်တို့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ အဲဒီအုပ်ချုပ်နေတာ ဒီအစိုးရ ဆိုတာရှိတယ်။ လက်ရှိမှာလည်း အစိုးရသစ်တရပ် ရှိတယ်။ ဒါကို အရှိအတိုင်း လက်ခံတာပဲ။ ဒါနဲ့ပတ်သက်ပြီး သူ အဲဒီလို မှတ်ချက်ပြောတယ်။ ကျနော် နားလည်တာပြောရရင် acknowledgement ပဲ။ recognize မဟုတ်ဘူး။ တရားဝင်မှု ရှိမရှိကို ဘာမှမပြောဘူး။ အုပ်ချုပ်တဲ့ အစိုးရ တရပ် ပြည်သူ့လွှတ်တော်ကနေ ပေါ်ပေါက်လာတယ်။ ဒါကိုပဲပြောတာ။”

နိုင်ငံရဲ့ အကျိူးအတွက် အစိုးရသစ်နဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ့် ကိစ္စတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြသလို လာမယ့်ရက်တွေအတွင်း NLD ရဲ့ သဘောထားတွေနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ့် ကိစ္စတွေကိုလည်း လူထုသိအောင် ထုတ်ပြန် ကြေညာသွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် မနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရာကနေ လွတ်မြောက်လာခဲ့ပြီးတဲ့ နောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ကွန်ယက်တွေကနေ ဒီကနေ့ လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုတွေ အပေါ်မှာလည်း NLD ပါတီက ပိုမို ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စတွေ ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ဒီ signature ရရှိဖို့ကို NLD အင်အားစုတွေကလည်း ဝိုင်းဝန်း ဆောင်ရွက်မယ်ပေါ့။ ရပ်ကွက်ကျေးရွာအထိ ရောက်အောင် ကျနော်တို့ ရှင်းပြမယ်။ လက်မှတ်တွေ ရရှိဖို့။ အဲဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျနော်တို့ သဘောတူတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လက်မှတ် ထိုးပြီးပြီ။ ဒါကြောင့် ကျနော်တို့ အားလုံး သဘောတူညီချက်နဲ့ ဝိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ပေါ့။ အဲဒီလို ဆွေးနွေးပါတယ်။”

ဒါ့ကြောင့် နိုင်ငံတဝှမ်းမှာရှိနေတဲ့ NLD ပါတီဝင်တွေအားလုံး ဒီလှုပ်ရှားမှုမှာ ပိုပြီး ပူးပေါင်း ပါဝင်လှုပ်ရှားဖို့ကို အဖွဲ့ချုပ်က တိုက်တွန်း နိုးဆော်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင် အပြစ်ပေးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက် နိုင်ငံရဲ့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ တောင်းဆိုတဲ့စာကို ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လှုပ်ရှားခဲ့တာပါ။ ဒီတောင်းဆို လှုပ်ရှားမှုကို နိုင်ငံရေး အဖွဲ့အစည်း တွေ၊ နိုင်ငံရေးနဲ့ လှုမှုရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူထုရဲ့ စိတ်ဝင်စားမှု တွေနဲ့အတူ နယ်မြို့တွေအထိ လှုပ်ရှားမှုတွေရှိနေပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဒီ လူထုရဲ့ ဆန္ဒ သဘောထားတွေကို သမ္မတထံ တင်ပြတောင်းဆိုတဲ့ စာတွေကိုတော့ လာမယ့် ဧပြီလ ၂၅ ရက် တနင်္လာနေ့မှာ ပထမအကြိမ်အဖြစ် နေပြည်တော်ကို ပို့ဖို့ စီစဉ်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ လှုပ်ရှားသွားဖို့လည်း စီစဉ်ထားတယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“ပြည်သူလူထုက ဒီဥစ္စာအပေါ်မှာ ဘယ်လို လက်မှတ်ရေးထိုး ရမလဲလို့ ကျနော်တို့ကို မေးမြန်းလာတာတွေ ရှိပါတယ်။ ဖုန်းနဲ့ သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း လာတွေ့ပြီး မေးမြန်းတာတွေ ရှိတယ်။ အဲဒီအပေါ်ကနေပြီးတော့ ပြန်လည် ဆက်သွယ်ရမယ့် နေရာတွေကိုလည်း ကျနော်တို့က ပြောနေ ပါတယ်။ ဒီ ရက်ပေါင်း ၃၀ အတွင်းမှာ ရသမျှတွေကို ကျနော်တို့ ပထမအဆင့် တင်ပြမယ်။ တင်ပြလို့ ပြည်သူလူထုက ထပ်မံ လက်မှတ်ရေးထိုးချင်သေးတယ် ဆိုရင်လည်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း လက်မှတ်ရေးထိုး ဆန္ဒခံယူမှုကို ကျနော်တို့ တံခါးတွေ ဖွင့်ထားမယ်။ စာအုပ်တွေကို ချထား ပေးမယ်။ စာရွက်တွေကို ကျနော်တို့ နယ်တွေကို ပို့ပေးနေမှာပဲ ဖြစ်ပါတယ်။ ဒီ တနင်္လာနေ့ ၂၅ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် သမ္မတရုံးကို ပို့မယ်။ နောက်ပြီးတော့ တပတ်တကြိမ် ကျနော်တို့ စုဆောင်း လို့ရတဲ့ လက်မှတ်တွေကို ပို့ပေးသွားမှာပါ။ နောက်ဆက်တွဲအဖြစ်ပေါ့။”

ကိုဖြိုးမင်းသိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပွင့်လင်းတဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ဖွင့်မယ်ဆိုတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေရဲ့ ပြောဆိုချက်တွေကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးခြင်းဆိုတဲ့ ခြေလှမ်းနဲ့စတင်ဖို့ တောင်းဆိုနေကြပြီး နိုင်ငံရေးပါတီ တချို့ကလည်း လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြခဲ့ပေမဲ့ အခုချိန်ထိတော့ အစိုးရက တစုံတရာ တုံ့ပြန် အကြောင်းကြားတာ မရှိသေးပါဘူး။

XS
SM
MD
LG