သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူပိတ်ဆို့မှုတချို့ ခေတ္တလျှော့သော်လည်း NLD မူမပြောင်း


အီးယူပိတ်ဆို့မှုတချို့ ခေတ္တလျှော့သော်လည်း NLD မူမပြောင်း
အီးယူပိတ်ဆို့မှုတချို့ ခေတ္တလျှော့သော်လည်း NLD မူမပြောင်း

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အကျိုးမဲ့လုပ်ရပ်မဟုတ်ဘူးလို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ အီးယူ ဥရောပသမဂ္ဂက မြန်မာအာဏာပိုင်တွေအပေါ် ထားရှိတဲ့ ပြစ်ဒဏ်ထဲက တချို့အချက်တွေကို ခေတ္တ ဆိုင်းငံ့လိုက်တဲ့အပေါ် တုံ့ပြန် ပြောကြားရာမှာ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောကြားလိုက်တာပါ။ တချိန်တည်းမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကတော့ အီးယူဘက်က အခုလို သက်ညှာမှုပြသလို မြန်မာအာဏာပိုင်တွေဘက်ကလည်း တုံ့ပြန် ဆောင်ရွက်ချက် ပြသဖို့ မျှော်လင့် တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထား မပြောင်းလဲတဲ့အကြောင်းကိုတော့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ Sanctions (ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု) နဲ့ပတ်သက်ပြီးတော့ NLD မူက မပြောင်းပါဘူး။ အခု အီးယူကလုပ်တာကိုလည်း ကျနော်တို့နားလည်တာက Sanctions တွေ ရုပ်သိမ်းဖို့ သူတို့ကလမ်းဖွင့်ပေးတဲ့ သဘောပဲ။ သူတို့က Time Limit အချိန်ကာလ သတ်မှတ်ချက်လည်း ပါတယ်လို့ ပြောပါတယ်။ အဲဒီ သတ်မှတ်ချက်ပြည့်လို့မှ ဘာမှမထူးလာရင် အရင်အတိုင်းပဲ ပြန်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရပါတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ Sanctions ဟာ ကျနော်တို့ကိစ္စတော့ မဟုတ်ဘူး။ သို့သော် အဲဒါထားခြင်းအားဖြင့် ကျနော်တို့ အကျိုးမဲ့မဟုတ်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်ကတော့ အီးယူဘက်က အခုလို သဘောထား ပျော့ပြောင်းပေးလာသလိုပဲ အစိုးရဘက်ကလည်း လိုက်လျော လုပ်ဆောင်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ပျော့ပျောင်းလာတယ်လို့ပဲ ယူဆပါတယ်။ ကျနော်တို့ လက်ရှိလည်းပဲ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို စတင်လှမ်းနေပြီလို့ ကျနော်တို့ ယူဆရတဲ့သဘောတွေကို မေးခွန်းသုံးခုက ဖော်ပြနေတယ်လေ။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့မှာလည်း ခုနက အီးယူကပြောသလိုပဲလေ အရပ်သားတွေလည်း ပါလာပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ကောင်းဖြစ်နိုင်တာ ပေါ့နော်။ ဒါပေမဲ့လို့လည်း အခုလို အီးယူက စပြီးတော့ လျော့ပေါ့ပေးတာကို ကြိုဆိုပါတယ်။ အများကြီးလည်း ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစီအစဉ်လေး စနစ်တကျနဲ့ဖြစ်လာမယ်လို့ ကျနော်တို့ ပြည်ထောင်စုအစိုးရအပေါ်မှာ ကျနော်တို့ မျှော်မှန်းပါတယ်။ ကောင်းတဲ့လက္ခဏာကို စပြီး လှမ်းတယ်၊ အဲဒီဟာပေါ်ကို မူတည်ပြီးကာမှလည်း မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရကလည်းပဲ သူလှမ်းသလို ကိုယ့်ဘက်ကလည်း လှမ်းနိုင်မယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”

RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင် ပြောပြခဲ့တာပါ။ RNDP ပါတီဟာ အီးယူနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြတဲ့ ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီအဖွဲ့ဝင် ပါတီတခုလည်းဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများဆိုင်ရာ အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပ်မဲန် (David Lipman) ကတော့ အရေးယူမှုတွေ ခေတ္တရပ်ဆိုင်းထားတာဟာ ထိတွေ့ဆက်ဆံမှု ပြုလုပ်လိုတဲ့အတွက် ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ မြန်မာအစိုးရနဲ့ ဆက်ဆံလိုပါတယ်။ တခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ ထိတွေ့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီ ဒဏ်ခတ်အရေးယူမှုအချို့ကို ဆိုင်းငံ့လိုက် တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အဆင့်မြင့် ထိတွေ့ဆက်ဆံရေးတွေ လုပ်နိုင်ဖို့အတွက် အခုလို ဆိုင်းငံတာ ဖြစ်ပါတယ်။”

အီးယူသံအမတ်ကြီး ဒေးဗစ်လစ်ပ်မဲန် ပြောကြားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG