အာဆီယံနိုင်ငံ ဆယ်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေ တက်ရောက်ကြတဲ့ ဟနွိုင်းမြို့ တော်မှာ ဒီကနေ့စတင်မယ့် ၁၇ ကြိမ်မြောက် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံမှာ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံကိစ္စတွေကို ဦးစားပေးဆွေးနွေးကြဖို့ရှိပါတယ်။ အထူးသဖြင့် မကြာသေးမီက မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာနိုင်ငံဆီကို လက်နက်ပစ္စည်း ပို့ဆောင်ခဲ့ တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ဇူလိုင်လ ၂၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
ARF ခေါ် အာဆီယံဒေသတွင်းညီလာခံကို တက်ရောက်ဖို့ ဟနွိုင်းကို ရောက်ရှိ နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Pham Gia Khiem နဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဒေသတွင်းလုံခြုံရေးရဲ့ အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ရာမှာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ စိုးရိမ်မကင်းဖြစ်မှုတွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ မြန်မာ ပြည်သူလူထုအပေါ်မှာသာမက အိမ်နီးနားခြင်းနိုင်ငံတွေကိုပါ သွားရောက် ထိခိုက်စေတယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဘယ်တော့ကျင်းပမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ မသိရ သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲများအရေးနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ် မှုတွေရှိသလို မြောက်ကိုရီးယားထံက စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံကို ပို့ဆောင်နေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့လည်း ဗီယက်နမ်ဝန်ကြီးနဲ့ စိုးရိမ် မကင်းဖြစ်မှုကို မျှဝေခဲ့တယ်လို့ ဝန်ကြီးကလင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းနဲ့ ကိရိယာတွေကို မြန်မာနိုင်ငံကို တင်ပို့နေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို ဗီယက်နမ်ဝန်ကြီးနဲ့အတူ ကျမတို့ ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။ မြောက်ကိုရီးယားက သင်္ဘောတစီးဟာ မကြာသေးမီတုန်းက မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်ဆိုတာကို လည်း ကျမတို့သိထားပါတယ်။
“ဒါ့အပြင် မြန်မာနိုင်ငံက မြောက်ကိုရီးယားဆီကနေ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အကူအညီရယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် လည်း ကျမတို့ ဆက်ပြီး စိုးရိမ်မကင်းဖြစ်မိပါတယ်။”
ဝန်ကြီးကလင်တန် ကိုးကားခဲ့သလို မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူမှု ရှိခဲ့ရင် မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ နဲ့ ငြိစွန်းရာ ရောက်နိုင်ပါတယ်။
ခုလို မြန်မာနိုင်ငံကို မြောက်ကိုရီးယားထံက လတ်တလောအကျဆုံး လက်နက် တင်ပို့မှုဟာ သင်္ကြန်တွင်းကာလက ဖြစ်နိုင်တယ်လို့ ဝါရှင်တန်ရှိ မြန်မာစစ်သံမှူး ဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေကိုပြောခဲ့ပါတယ်။
“ကျနော် အတွင်းထဲကရတဲ့ သတင်းတွေအရ သိသလောက် သင်္ကြန်မှာ ဗုံးကွဲပါ တယ်။ ဒီ သင်္ကြန်ဗုံးကွဲတာဟာ တဘက်က ဗုံးကွဲတဲ့အခါမှာ နိုင်ငံတကာကကော၊ ပြည်တွင်းကကော အာရုံက ဒီဗုံးကွဲတဲ့ဆီကို ရောက်သွားတဲ့အခါမှာ မြောက်ကို ရီးယား လက်နက်တင်လာတဲ့သင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းပေါ့လေ၊ အထူးသဖြင့်တော့ သီလဝါဘက်မှာ ကပ်တာများပါတယ်၊ အသာလေးကပ်ပြီး တော့ ညဘက်မှာ ပစ္စည်းတွေသယ်သွားတာရှိပါတယ်။
“အဲဒီတော့ ခိုးပြီးတော့မှ ပို့ခဲ့တယ်ပေါ့ဗျာ။ ကျနော် အတွင်းကရတဲ့ သတင်းအရ ဘယ်လိုမှ ဖုံးလို့ဖိလို့ မရပါဘူး။ အခုနောက်ပိုင်းတော့ အဲဒီလိုခိုးပို့လို့ သိပ်မလွယ် တော့ဘူး။ ဒီလို မလွယ်တဲ့အခါမှာ အခု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရတို့ တိုင်ပင်ရပါလိမ့်မယ်။ အဲဒီအတွက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာပြည်ကို ရောက်လာတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်သုံးသပ်ပါတယ်ခင်ဗျ။”
ဗြိတိန်ထုတ် Jane’s ထောက်လှမ်းရေးမဂ္ဂဇင်းကလည်း အင်္ဂါနေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးတခုမှာ မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ပြေးခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းလိုတဲ့ဆန္ဒရှိတဲ့အကြောင်း ဓာတ်ပုံအထောက်အထားတို့ကို (နော်ဝေးနိုင်ငံ) အော်စလိုမြို့အခြေစိုက် DVB ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးရားရုပ်သံလွှင့်ဌာနကို သတင်းပေး ခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း ပြောပြခဲ့တဲ့အချက်အလက်တွေကို နောက်ဆုံး ရရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုကတဆင့် ရိုက်ကူးတဲ့ ဓာတ်ပုံအသစ်တွေက ပိုပြီး ခိုင်လုံစေတယ်လို့လည်း မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P. J. Crowley ကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုမှန်သမျှကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“မြောက်ကိုရီးယားရဲ့ အရင်ကမှတ်တမ်းတွေအရ ဒါဟာ အနီးကပ်စောင့်ကြည့်ရ မယ့် ကိစ္စတခုဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံနဲ့ မြောက်ကိုရီးယားနဲ့ ဘယ်လိုမျိုး ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးအရ ဆက်ဆံရေးပဲဖြစ်ဖြစ် အန္တရာယ်ပြုနိုင် မယ့် အလားအလာ ရှိနေတာပါပဲ။
“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ အလေးအနက် ဆက်ပြောနေပါတယ်။”
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားအစီအစဉ် ဖော်ဆောင်ဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ညီလာခံမှာ ငြင်းဆိုခဲ့ပါတယ်။
ဝန်ကြီးကလင်တန် ဒီကနေ့တက်ရောက်မယ့် ARF ညီလာခံမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun လည်း တက်ရောက်ဖို့ရှိပါတယ်။ အဲဒီ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ARF ညီလာခံအပြီးမှာတော့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။