သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှုစုံစမ်းရေး တောင်းဆို


မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှုစုံစမ်းရေး တောင်းဆို
မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှုစုံစမ်းရေး တောင်းဆို

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံကြား ကြီးထွားလာနေတဲ့ စစ်ရေးဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က လွှတ်တော်ကို တင်ပြဖို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် ရီပါဘလစ်ကန်အမတ် ရစ်ချတ် လျူဂါ (Richard Lugar) က သောကြာနေ့မှာ အဆိုပြုချက်တရပ် တင်သွင်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်အောင်လုပ်ဖို့ အထူးလိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အင်ဒီယားနားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စတာလျူဂါ ဦးဆောင်ပြီး အခုလို တောင်းဆိုလိုက်တာပါ။

ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ အရေးအခင်းတွေကြောင့် မြောက်ကိုရီးယားနဲ့ မြန်မာကြားက စစ်ရေးဆက်ဆံမှု တိုးမြှင့်နေတာတွေနဲ့ နည်းဗျူဟာဆိုင်ရာပူးပေါင်း ဆောင်ရွက်နေမှုတွေကို မျက်ခြေပြတ်မသွားသင့်ဘဲ မြောက်ကိုရီးယားကနေ မြန်မာအတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးအပ်နေတဲ့လုပ်ရပ်ကို အသေးစိတ်သိအောင် အထူးအာရုံစိုက်သင့်တယ်လို့လည်း မစ္စတာ လျူဂါက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို နျူကလီယား လက်နက်ဖျက်သိမ်းလာဖို့ အမေရိကန်နိုင်ငံက ပါဝင်ကြိုးစား နေချိန်မှာပဲ မြောက်ကိုရီးယားဘက်က လက်နက်စမ်းသပ်မှုတွေနဲ့ ထပ်တလဲလဲ ခြိမ်းခြောက်မှုတွေ လုပ်နေတာပါ။ ဒီလိုလုပ်နိုင်ဖို့ မြောက်ကိုရီးယား နိုင်ငံအတွက် တခုတည်းသော ဝင်ငွေရလမ်းဟာ လက်နက်ထုတ်လုပ်ရောင်းချမှု ဖြစ်နေတာမို့ လက်နက်တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုကို အခုလို သတိပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရက လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်မှုရှိမရှိ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးအတွက် သမ္မတ အိုဘားမားက ဦးဆောင်ပြီး တွန်းအားပေးဖို့လည်း အဆိုပြုချက်မှာ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အခုထိရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်လာစေဖို့နဲ့ မြန်မာစစ်တပ်မှာ ကလေးစစ်သား မစုဆောင်းစေဖို့ အိမ်နီးချင်းနဲ့ တခြားနိုင်ငံတွေက ပါဝင်လုပ်ဆောင်လာအောင် ဖိဖိစီးစီးလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီအဆိုပြုချက်ကို ရီပါပလစ်ကန်ပါတီက အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ကန်တာကီပြည်နယ်က မစ်ချ်မက်ကောနဲလ် (Mitch McConnell) နဲ့ အိုကလာဟိုးမားပြည်နယ်က ဂျိမ်းစ် အင်ဟိုဖ် (James Inhofe) တို့နဲ့အတူ ပူးတွဲတင်သွင်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG