သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ လုံခြုံရေး တိုး


ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၃၁၊ ၂၀၁၂။
ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇူလိုင် ၃၁၊ ၂၀၁၂။
လွှတ်တော်ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ နေပြည်တော်က အဆောက်အအုံတွေမှာ လုံခြုံရေး အခြေအနေတွေ တိုးမြှင့်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပန်ကြားချက်နဲ့ အခုလို လုံခြုံရေးအခြေအနေတွေ ပြန်ပြီးတော့ တင်းကျပ်လိုက်တာဖြစ်တယ်လို့ လွှတ်တော်အမတ် တဦးက ဗွီအိုအေကိုပြောပါတယ်။ လွှတ်တော်ရဲ့ လုံခြုံရေးအခြေအနေတွေ ထပ်ပြီး တိုးချ ထားတာနဲ့ပတ်သက်လို့ အစည်းအဝေးတွေ တက်ရောက်နေတဲ့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကို ကိုရန်နိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြော ပါတယ်။
ဦးဖေသန်း ။ ။ ဟုတ်ကဲ့။ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်များအတွက် ပန်ကြားလွှာ ဆိုပြီးတော့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေငှသွားတယ်။ အဲဒီမှာ နဂိုက ကျနော်တို့လွှတ်တော်ကို ပထမအကြိမ်၊ ဒုတိယအကြိမ်တက်တုန်းကပေါ့လေ။ ကျနော်တို့ လွှတ်တော်ကို ဝင်မယ်ဆိုရင် အဲဒီမှာ ကျနော်တို့ Body Scan တွေနဲ့ လက်ကိုင် Scan တွေနဲ့ အစမ်းခံရပါတယ်။ Security Scan ဆိုမှာပေါ့ ။ အဲဒါမျိုးနဲ့ အထဲဝင်ပြီးတော့ ဆန်းစစ်တာခံရတယ်။ စစတုန်းကပေါ့လေ။ ပထမအကြိမ် ၊ ဒုတိယအကြိမ်တုန်းက။ အဲဒီလိုဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နည်းနည်း လွတ်လွတ်လပ်လပ်ရှိလာတယ်။ အဲဒီတုန်းက ဖုန်းတွေဘာတွေ မကိုင်ရဘူး။ အင်တာနက်တွေ Laptop တွေ မသုံးရဘူး၊ အဲဒီလိုအများကြီးကန့်သတ်ထားတဲ့ အခြေအနေကနေ တတိယအကြိမ် နောက်ပိုင်းလောက်က စပြီး တချို့ဆိုရင် လက်ကိုင်ဖုန်းတွေ အထဲယူသွားတယ်။ Laptop တွေယူသွားတယ်။ အဲဒီလိုမျိုးတွေ လုပ်လာတာလည်း ရှိတာပေါ့။ ကင်မရာတွေလည်း ယူသွားလို့ရတယ်။ အဲဒါမျိုးဖြစ်ပြီးမှ လောလောဆယ် လုံခြုံရေးအခြေအနေအရ လွှတ်တော်ကိုယ်စားလှယ်တွေကို လုံခြုံရေးပေးနိုင်ဖို့အတွက် ဆိုပြီးတော့ ဟိုတနေ့ကပဲ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ နဂိုအတိုင်းပဲ ကျနော်တို့ စိစစ်ရေး လုပ်ဆောင်ပါမယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။
အဲဒါကြောင့် ဒီနေ့လည်း လွှတ်တော်အဝင်ဝမှာ လွှတ်တော်ထဲအတက်မှာ အခန်းထဲ မဝင်ခင်ပေါ့လေ၊ Body Scan လုပ်ပြီး ခန္ဓာကိုယ်တခုလုံးကို ရှာဖွေစမ်းသပ်ပါတယ်။ ပြီးတော့မှ အထဲကို ဝင်ခိုင်းပါတယ်။ အဲဒါကို ဒီနေ့ ပန်ကြားတာလည်း ဖြစ်တယ်၊ လက်တွေ့လည်း လုပ်ပါတယ်ခင်ဗျ။ ပြီးတော့ ကားတွေကိုလည်း သူတို့ သတ်မှတ်ထားတဲ့နေရာတွေမှာ လာပြီးတော့ ထားဖို့ပေါ့ အစရှိသဖြင့် ဒီနေ့ လုံခြုံရေးကိုတော့ နည်းနည်း တင်းတင်းကျပ်ကျပ်လုပ်လာတယ်။ နောက်ပြီးတော့ ကျနော်တို့ အဆောင်တွေမှာလည်း ရဲတွေတိုးချထားသလို လမ်းတွေမှာလည်း ရဲတွေ တိုးချထားတာကို တွေ့ရပါတယ်ခင်ဗျ။
ရန်နိုင် ။ ။ ဟုတ်ကဲ့၊ အခုကျမှ လုံခြုံရေးတွေ ပြန်ပြီးတော့ တိုးလာတာ ဘယ်လိုကြောင့်ပါလဲခင်ဗျ။
ဦးဖေသန်း။ ။ အဲဒါကတော့ ကျနော်တို့ အနီးစပ်ဆုံး ခန့်မှန်းရတာကတော့ ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အပြင်က မူစလင် အဖွဲ့တွေပေါ့ဗျာ။ အယ်လ်ကိုင်းဒါးအဖွဲ့တွေက ရှုတ်ချလာတာတွေ ရှိတယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားမယ်။ သမ္မတ ရုံးကို ပစ်မှတ်ထားမယ်၊ ရွှေတိဂုံ စေတီကို ပစ်မှတ်ထားမယ်၊ အစရှိသဖြင့်ပေါ့ဗျာ။ အင်တာနက်တွေမှာ တွေ့ရတယ်။ ပါကစ္စတန်က အဖွဲ့ တဖွဲ့ ဆိုရင် အတိအလင်းကို ခြိမ်းခြောက်တာ။ အဲဒီအပေါ်မှာ လူကြီးပိုင်းက လုံခြုံရေးကို နည်းနည်း သတိထားလာတယ်လို့ ကျနော်တို့က ယူဆသုံးသပ်မိပါတယ်။
ရန်နိုင်။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ တဦးချင်းစီအတွက်ရော သီးသန့် လုံခြုံရေးချထားတာရော ရှိပါသလားခင်ဗျ။
ဦးဖေသန်း။ ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဆိုရင်လည်း သူတို့ရဲ့ကြံ့ခိုင်ရေး ပါတီရုံးချုပ်မှာထားပါတယ်။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေ ကျပြန်တော့လည်း စည်ပင်ဧည့်ရိပ်သာ (Compound) ဝင်းတခုထဲမှာ ထားတယ်။
အဝင်ဂိတ်တွေမှာတော့ အစောင့်တွေ ချထားတာပေါ့နော်။ သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ်ကြီးလည်း မဟုတ်ပါဘူး။ တကယ်လို့ အကြမ်းဖက်လာမယ်ဆိုရင်လည်း ဒါကတော့ ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ လမ်းခရီးစဉ် တောက်လျှောက်လည်း လုပ်လို့ရတာပဲ။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို အစဉ်အလာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ အယ်လ်ကိုင်းဒါးအဖွဲ့က ခြိမ်းခြောက်လာတယ်ဆိုတော့ ကျနော်တို့က လုံခြုံရေးကို တတ်နိုင်သလောက် တင်းကျပ်တဲ့သဘောပါ။ သိပ်ပြီးတော့ ဖြစ်နိုင်ခြေလည်း မရှိပါဘူး။ ဒါပေမဲ့ ကြိုတင်ပြီး သတိထားတဲ့ သဘောလောက်ပဲဖြစ်မှာပါ။
ရန်နိုင်။ ။ ဟုတ်ကဲ့။ ဒါဆိုရင် အခု လွှတ်တော်ထဲမှာတော့ အရင်နေ့တွေကထက်တော့ လုံခြုံရေး အခြေအနေက နည်းနည်းပိုပြီး တင်းကျပ်ထားတဲ့ဟာမျိုးတော့ ရှိတာပေါ့။
ဦးဖေသန်း။ ။ ဟုတ်တယ် ဟုတ်တယ် ရှိပါတယ်ခင်ဗျ။ ခုနက ပြောသလိုပေါ့။ လွှတ်တော် အခန်းထဲ ဝင်မယ်ဆိုရင်တော့ အကုန်လုံးတော့ အစစ်ခံကြရတယ်။ ကားတွေ ဘာတွေလည်း အစစ်ခံကြတယ်။ အဲဒီလို အခြေအနေမျိုး ရှိပါတယ်။
ရန်နိုင်။ ။ ဟုတ်ကဲ့ပါ အန်ကယ်ဦးဖေသန်း၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။
XS
SM
MD
LG