သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ


တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ
တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

မြန်မာအစိုးရကို နှစ်ပေါင်းများစွာထဲက လက်နက်ကိုင်တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရကကမ်းလှမ်းတဲ့ အဆင့် ၃ ဆင့်မှာ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ဖြစ်ပြီး ဒီသဘောတူညီချက်ရနိုင်ဖို့ ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို ပထမဆုံးလုပ်ရမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ ဒီတော့ ပြည်နယ်အဆင့် ဆွေးနွေးမှုက ဘယ်လိုလဲ၊ ဘယ်အဖွဲ့တွေက ဘာတွေသဘောတူခဲ့သလဲ ဆိုတာကို ဘန်ကောက်ရုံး ရောက်နေတဲ့ မစုမြတ်မွန်က အပြည့်အစုံ အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာက ပိုပြီးဖိအားပေး ပြောလာချိန်မှာ သမ္မတဦးသိန်းစိန်က မီးရထားဝန်ကြီး ဦးအောင်မင်းကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကိုယ်စားလှယ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-South) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာ သီးခြားစီတွေ့ဆုံစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံကြစဉ်မှာ အချက် ၂ ချက်ကို အဓိကထား ပြောခဲ့တယ်ဆိုတာကို ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိူးဆောင် ဦးကျော်ရင်လှိုင်က ခုလို ဗွီအိုအေကို ရှင်းပြပါတယ်။

“ဦးအောင်မင်းအနေနဲ့ လာတာက အဓိက အကြောင်းအချက် နှစ်ခုပေါ့လေ။ ပထမကတော့ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ ဒါကြောင့်မိုလို့ ဦးအောင်မင်းကိုယ်တိုင် သမ္မတကြီးရဲ့ ကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးစားပွဲကို လာဖို့အတွက် ဖိတ်စာကို ပါးစပ်နဲ့ ကိုယ်တိုင် သမ္မတကြီးကိုယ်စား လာပေး ပေးတယ်ပေါ့၊ ဒါကတစ်ချက်။ နောက်တစ်ချက်က ဘယ်နေရာမှာ ဘယ်လိုတွေ့ကြမလဲ ဆိုတာ။ အဲဒီနှစ်ချက်ကိုပဲ အဓိကထားပြီးပြောပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ထာဝရငြိမ်းချမ်းရေးအတွက် သမ္မတဘက်က အဆင့် ၃ ဆင့်ကို ကမ်းလှမ်းခဲ့ပါတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရယူဖို့၊ ဒုတိယ အဆင့်က သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးသွားမယ်၊ တတိယအဆင့်ကတော့ ပြည်လုံးကျွတ်ပါဝင်တဲ့ ပင်လုံဆန်ဆန် ညီလာခံတစ်ခု နေပြည်တော်မှာ ကျင်းပသွားဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီထဲကမှ ပထမဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဖို့မှာလည်း အချက် ၄ ချက်ကို သတ်မှတ်ထားပါတယ်။ နံပါတ်တစ်က ပြည်နယ်အဆင့် ဆွေးနွေးမှုတွေလုပ်ဖို့၊ နံပါတ်နှစ်အချက်ကတော့ နှစ်ဘက် ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့၊ နံပါတ်သုံးက ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြဖို့နဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးသွားတာနဲ့ တိုင်းရင်းသား အဖွဲ့တွေကို လက်နက်မကိုင်ဘဲ လွတ်လပ်စွာသွားလာခွင့် ပြုရေးတွေအတွက်ကို သမ္မတကိုယ်စားလှယ်က ရှင်းပြပြီး ဆွေးနွေးခဲ့ကြတာပါ။ SSA တောင်ပိုင်း၊ RCSS ရှမ်းအဖွဲ့နဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကတော့ ပြည်နယ်အဆင့်ဆွေးနွေးမှုတွေကို လုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်တဲ့။

“အဓိက က ဘာလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ဝန်ကြီး ဦးအောင်မင်း ရှင်းပြတာက ပထမ ပြည်နယ်အဆင့် စည်းဝေးပွဲကိုလာခဲ့ပါ။ အစည်းအဝေးပွဲစတာနဲ့ အပစ်အခတ်ရပ်စဲပြီ။ ဒါအတွက် သက်သက်ကို သဘောတူညီချက်တွေ ဘာတွေ လက်မှတ်ထိုးဖို့ကို မဟုတ်ဘူး။ အစည်းအဝေး စလိုက်တာနဲ့ အပစ်အခတ် ရပ်စဲပြီလို့ နှစ်ဦးနှစ်ဘက် ယူဆလိုက်ကြမယ်။ ပြီးတော့ တကယ်လည်း အပစ်အခတ် ရပ်စဲလုပ်ဆောင်ကြမယ်ပေါ့။ အဲဒီလိုပါ။ အခုဟာကတော့ သဘောတူညီချက် ရတယ်ဆိုတာက ဘာလဲဆိုတော့ အဲဒီပထမအဆင့် အစည်းအဝေးကို လာဖို့အတွက်က ကျနော်တို့ ရှမ်းအဖွဲ့နဲ့ ချင်းအဖွဲ့ကတော့ နေ့ကော ရက်ကော သတ်မှတ်ဖို့အတွက် တော်တော်သဘောတူထားပြီ။

"ကျနော်တို့ KNU အဖွဲ့အနေနဲ့ကတော့ သူတို့ဗဟိုကော်မတီကို ဆက်လက်ပြီးတော့ တင်ပြမယ်။ ရှေ့ဆက်ပြီးတော့ ဒီဆွေးနွေးပွဲကို လာဖြစ်နိုင်အောင် ငြိမ်းချမ်းရေးတွေ ဆက်ပြီးဆွေးနွေးနိုင်အောင်လို့ သူတို့ဦးတည်ပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ ကတိစကားနဲ့ပဲ သူတို့ လောလောဆယ် ပြန်ထားပါတယ်။ ကယန်းအဖွဲ့ကကျတော့လည်း ဒီအစည်းအဝေးနဲ့ပတ်သက်လို့တော့ သူတို့ နောက်ကျမှသိတဲ့အတွက် အသေအချာ မလုပ်ခဲ့ရသေးတဲ့အတွက် သူတို့ သိချင်တာတွေကိုလုပ်ဖို့နဲ့ ပထမဆုံးအစည်းအဝေးကို လာတယ် စကားပြောတယ်ဆိုတာလည်း ဖြစ်အောင်တော့ လာပါတယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ ဗဟိုကော်မတီကို ပြန်တင်ပြမယ်၊ နောက်တခါ အစည်းအဝေးလည်း ထပ်လုပ်ချင်ပါတယ်လို့ ပြောသွားတယ်။ KIO နဲ့ပတ်သက်လို့ကတော့ ကျနော်တို့က တခြား အဖွဲ့တွေ၊ အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း လုပ်ကိုင်နေတာရှိတဲ့အတွက် ကျနော်တို့က ဒီနေရာမှာတော့ သိပ်ပြီးတော့ ထဲထဲဝင်ဝင် လုပ်ထားတာ မရှိသေးပါဘူး။”

သမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) အတွင်းရေးမှူး ဒေါက်တာ လဂျာရဲ့ တုံ့ပြန်ချက်ကတော့ -

“လက်ဆုပ်လက်ကိုင်ရယ်လို့ မရှိသေးဘူးလေ။ စ တွေ့တယ်ဆိုတာကတော့ စပြီး မိတ်ဆက်တဲ့ သဘောလောက် သူတို့ဆန္ဒပိုင်းနဲ့ အဲဒါကို နည်းနည်း ပြောပြလိုက်တဲ့သဘောလောက် ရှိတယ်။ အဲဒီလိုဆိုတော့ ထပ်တော့ တွေ့ရမှာပေါ့ တွေ့တာကတော့။ အစိုးရဘက်က တွေ့မယ်ဆိုရင်တော့ ထပ်လုပ်ဖို့ရှိတယ်။”

ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို SSA တောင်ပိုင်းနဲ့ RCSS ရှမ်းအဖွဲ့က ဒီနှစ်မကုန်ခင်မှာနဲ့ CNF ချင်းအဖွဲ့ကတော့ ရှေ့နှစ်ဆန်းပိုင်းမှာလုပ်ကြဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG