သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး


နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး
နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး

မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်သားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ စစ်ကြောရေးကာလနဲ့ အကျဉ်းထောင်တွင်း နှိပ်စက်ညှင်းပမ်းမူ ဒဏ်တွေကြောင့် မကျန်းမမာဖြစ်ပြီး အခုလို သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မ (၁၇/၁) အပါအဝင် လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၃၈ နှစ် ချခံထားရတဲ့ ကိုသက်နွယ်ဟာ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ ပြန်လည် လွတ်မြောက်လာချိန်မှာ စိတ်ဝေဒနာနဲ့ အသဲရောဂါတွေ ခံစားပြီး ပြန်လွတ်လာတာ ဖြစ်ကြောင်း အစ်မဖြစ်သူက ပြောပြပါတယ်။

“သူ ထောင်ထဲကနေပြီးတော့ လွတ်ပြီးတော့ ထွက်လာချိန်မှာ လုံး၀ လမ်းမလျှောက်နိုင်ဘူး။ စကား မပြောနိုင်ပါဘူး။ ထောင်ထဲကနေ သူ့ကို ထောင်ဗူးဝထိ ဆိုက်ကားနဲ့ ပို့ရတယ်။ လူတွေ သူ့ကို အပြင်ရောက်အောင် ဆွဲထုတ်ယူရတယ်။ အဲဒီမှာကတည်းက သူဟာ ရောဂါ ဝေဒနာကို အသည်းအသန် ခံစားပြီးတော့ အစ်မကိုတောင် မသိတသိ အဖြစ်မျိုးနဲ့၊ သူ ပြန် ထွက်လာပြီးပြီးချင်းမှာ ဘားလမ်းမှာရှိတဲ့ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကုပေးနေတဲ့ ဒေါက်တာခင်မျိုးဝင်းရဲ့ ဘားလမ်းဆေးရုံကို သူ့ကို တင်ပါတယ်။ အသည်း လုံး၀ ပျက်စီးနေတယ်လို့ ပြောပါတယ်။ ဒါကလည်း စစ်ကြောရေးတုန်းက ရင်ဝတွေ၊ နံရုံးတွေကို သူတို့ ဖိနပ်နဲ့ကန်ထားတာ။ အဲဒီလိုမျိုး အမျိုးမျိုး နှိပ်စက်မှုတွေကြောင့်လည်း စစ်ကြောရေးမှာကတည်းက သူ ခံစားလာရတဲ့ ဒုက္ခတွေဟာ ထောင်ထဲမှာလည်း သူ ဆက်ခံစားရတာ။”

ကိုသက်နွယ်ဟာ ၂၀၀၂ ခုနှစ်လောက်က ထိုင်း-မြန်မာ နယ်စပ်က NLD လွတ်မြောက်နယ်မြေရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းက ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပြည်တွင်းကို ပြန်လာချိန်မှာ အဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကိုဖမ်းဆီးစဉ်က လက်နက်နဲ့ စာရွက်စာတမ်းတွေ ဘာမှ ရှာဖွေတွေ့ရှိခြင်း မရှိပေမဲ့ လက်နက်တွေ ဖွက်ထားတယ် ဆိုပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်ပမ်းမှုတွေ ခံခဲ့ရကြောင်း အစ်မဖြစ်သူက ပြောပါတယ်။

“သူ ထောင်ထဲကို စဝင်ကတည်းက ထောက်လှမ်းရေး (၂၆) ဗိုလ်ခင်ညွှန့်တပ်ကနေ ပြီးတော့ သူ့ကို စစ်ကြောရေး လုပ်ပါတယ်။ အဲဒီမှာကတည်းက သူ့ရဲ့ အပေါ်သွားတွေ၊ အောက်သွားတွေ အကုန်လုံး ရိုက်ချိုးခံရတယ်။ အာရုံကြောတွေ အားလုံး အဲဒီမှာ တော်တော်လေး ထိခိုက်ခဲ့တယ်။ နောက်ဆုံးမှာ မစင်ကန်ထဲမှာတောင် ခေါင်းနစ်ပြီး သူ့ကိုစစ်ဆေးခဲ့တယ်။ ထောင်ထဲမှာ သူ တော်တော်လေး ခံစားခဲ့ရပါတယ်။ အာရုံကြောတွေ ချို့ယွင်းပြီးတော့ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ စိတ်ရောဂါကု ဆေးရုံကိုတောင်မှ နှစ်ခါလောက် သူ့ကို ထုတ်ရပါတယ်။ ခဏခဏလည်း သတိလစ်ပြီးတော့နေတဲ့ အတွက်ကြောင့်လည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုလည်း ထုတ်ပြီးတော့ ဆေးကုသပေးပါတယ်။ အခုနောက်ဆုံး သူ လွတ်မယ့်လပိုင်းမှာတော့ သူ့ရဲ့ အသည်းရောဂါကြောင့် အသည်းရောင်ပြီးတော့ ဗိုက်ကြီးက တအားပူပြီးတော့ မာတင်းပြီးတော့ မခံမရပ်နိုင် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ထောင်ထဲကနေ အင်းစိန် ပြည်သူ့ဆေးရုံကြီးကို ပို့တယ်။ ဒါပေမဲ့လည်း အင်းစိန် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသတာက မပြည့်မစုံတဲ့အတွက်ကြောင့် လုံး၀ မသက်သာဘူး။ မသက်သာတဲ့အထဲမှာမှ သူ့ကို အထဲကို နောက်တစ်ခေါက် ပြန်ပြီးတော့ ရောဂါမသက်သာဘဲနဲ့ ထောင်ထဲကို ပြန်သွင်းခံရပါတယ်။ အသွင်းခံရပြီးတဲ့နောက်မှာလည်း နောက် တစ်ရက်လောက် ကြာတဲ့အခါမှာ သူ ထောင်ထဲမှာ သတိလစ် မေ့မျောသွားပါတယ်။”

အစ်မဖြစ်သူကလည်း မောင်ဖြစ်သူကို လက်ခံမှုတွေနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော် နေထိုင်ခဲ့ရပါတယ်။ တကယ်တော့ ကိုသက်နွယ်ဟာ စိတ်ဓါတ်မာသူ တစ်ဦးဖြစ်ပြီး ထောင်ကျချိန်မှာ ဘာရောဂါမှ မရှိခဲ့ဘူးလို့လည်း အစ်မဖြစ်သူက ဆိုပါတယ်။

“ငါ့ကို ထောင်ထဲမှာ ဖမ်းထားရုံသာမကဘူး၊ ငါ့ကို နို့ဆီခွက်ထဲ ထည့်ထားလည်း ငါ နိုင်ငံရေးသမား၊ နိုင်ငံရေးပဲ ငါ ဆက်ပြီးတော့ လုပ်နေမှာပဲ ဆိုတဲ့စကားကြောင့် သူ့ဟာ စိတ်ဓါတ် အင်မတန် ပြင်းထန်ပြီးတော့ ဖျက်ဖျက်လက်လက်နဲ့ ဘာရောဂါမှ မရှိတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီထောင်ထဲမှာ ဆေးတွေထိုးလား၊ ဒါမှမဟုတ် သူသောက်တဲ့ ရေသန့်ဗူးထဲကိုပဲ ဆေးတွေ ထည့်သလား။ အဲဒီအခြေအနေမှာ ကျမတို့က ထောင်ထဲမှာလုပ်တဲ့ ကိစ္စတွေကို မသိတဲ့အတွက်ကြောင့်မိုလို့ သူ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ကျမ မသိဘူး။ ကျမ မောင်လေးကို မတရားပုဒ်မတွေတပ်၊ စစ်ကြောရေးမှာရော၊ ထောင်ထဲမှာရော အမြဲ နှိပ်စက်ပြီးတော့မှ သေဆုံးရတဲ့သူမျိုး ထပ်ပြီးတော့ မဖြစ်အောင် တောင်းဆိုချင်ပါတယ်။”

ကိုသက်နွယ် ထိန်းသိမ်းခံရစဉ် ၁၀ နှစ်လောက်အတွင်းမှာ ၉ နှစ်လောက်က ထောင်ဆေးရုံကို ဆက်တိုက် တက်နေရပြီး ထောင်တွင်းမှာ ဆေးဝါးကုသမှု သေချာစွာ မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ ကိုသက်နွယ်ကို အပြင်ဆေးရုံမှာ သေချာကုသခွင့် မရခဲ့တာကြောင့် ကျန်းမာရေး အခြေအနေဟာ ပိုမို ဆိုးရွားလာခဲ့ပြီး ထောင်က ထွက်တာနဲ့ ၁၀ ရက်အကြာမှာပဲ သေဆုံးရခြင်း ဖြစ်တယ်လို့ မိသားစုက ဆိုပါတယ်။ သူရဲ့ဈာပနကို လာမယ့် ၂၄ ရက်နေ့မှာ ရေဝေးသုသာန်မှာ သဂြုႋဟ်မယ်လို့ ပြောပါတယ်။

XS
SM
MD
LG