သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး AAPP မျှော်လင့်


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ (အောက်တို့ဘာလ ၁၁ ရက်၊ ၂၀၁၁)။
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ (အောက်တို့ဘာလ ၁၁ ရက်၊ ၂၀၁၁)။
အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်ပြီး လွတ်မြောက်လာရေးဟာ အရင်အချိန်ကာလတွေကထက်စာရင် ပိုပြီး မျှော်လင့်လာနိုင်ပြီလို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီဆိုတာကို အစိုးရက ဖွဲ့စည်းခဲ့ပြီး အဲဒီထဲမှာ AAPP ကလည်း ကိုယ်စားလှယ်တစ်ယောက်ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရပြီးတဲ့နောက် အဲဒီလို ပြောလိုက်တာ ပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ဖို့ အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဆိုတာကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီထဲမှာ ပါဝင်သူတွေက စိတ်စေတနာကောင်းနဲ့သာ လုပ်မယ်ဆိုရင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန် လွတ်လာမယ်လို့ AAPP ရဲ့အတွင်းရေးမှူး ကိုတိတ်နိုင်က မျှော်လင့်ထားပါတယ်။

“ကော်မတီက နောက် တပတ် ဆယ်ရက်လောက် ဆိုရင်တော့ စနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မျှော်လင့်ရတယ်။ သို့ပေမဲ့ ကျနော်တို့က လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေက ဘယ်အချိန်မှာ လွတ်မလဲဆိုတဲ့ ကိစ္စကတော့ ဒီကော်မတီမှာ ပါတဲ့သူတွေရဲ့ စတနာက ပိုပြီး အဓိက ကျတယ် ထင်ပါတယ်။ စေတနာကောင်းရင် ကောင်းသလို မှန်ရင်မှန်သလို မြန်မြန်လုပ်နိုင်ပြီးတော့၊ တချို့ twist လုပ်နေတယ်၊ တချို့ ကစားချင်စိတ် ရှိနေသေးတယ် ဆိုလို့ရှိရင်တော့ နောက်ကျနိုင် ပါတယ်။ မကြာခင်မှာတော့ လွတ်လာလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

ဒီကော်မတီထဲမှာ AAPP က ကိုယ်စားလှယ်တစ်ဦးပါဝင်ဖို့ ဦးစိုးသိန်းကိုယ်တိုင် လက်မှတ်ရေးထိုးပြီး AAPP ကို ဖိတ်ကြားထား တာကြောင့် သူတို့အနေနဲ့ ပါဝင်လုပ်ဆောင်သွားမယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘဲ ရာဇဝတ်ပြစ်မှုတစ်ခုခုကို ကျူးလွန်လို့ ပြစ်ဒဏ်ချမှတ် ခံထားရသူတွေသာ ရှိတယ်လို့ တောက်လျှောက် ပြောလာခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေက အခုအခါမှာတော့ နိုင်ငံရေးအကျဉ်းသားလို့ တရားဝင် သုံးနှုန်း ခေါ်ဆိုပြီး စိစစ်ပြီး ပြန်လွှတ်ပေး ဖို့ ကော်မတီတစ်ရပ်ကိုတောင်မှ ဖွဲ့စည်း လုပ်ဆောင်လာတာဟာ ဒီ ယုံကြည်ချက်အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒသဘောထား တစ်ဆစ်ချိုး ပြောင်းလဲသွားပြီလို့ မြင်နိုင်ပါသလား၊ ကိုတိတ်နိုင်ကတော့ အဲဒီ လောက်အထိ ပြောင်းလဲသွားသလားဆိုတာကို တစ်ထစ်ချမပြောနိုင်ပေမဲ့ ဒီလိုလုပ်ဆောင်တာကိုတော့ ကြိုဆိုပါတယ်။

“ဒီ ၂၄ နှစ်တာကာလမှာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ကိစ္စကို ပုံနှိပ်စာလုံးနဲ့ ဖော်ပြတာဟာ ဒီတခါ ပထမဆုံး အကြိမ်ပေါ့။ နောက်တခါ ဒီ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေကို ဆွေးနွေးကြမယ်။ ဒီ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေ ဝိုင်းပြီးတော့ လုပ်ကြမယ်။ ပြီးရင် အမြန်ဆုံး လွှတ်ပေးနိုင်အောင် ကြိုးစားမယ် ဆိုတဲ့ ကြေညာချက်မျိုးတွေ၊ စကားတွေ ပြောလာတဲ့အခါကျတော့ ဒါကို ကျနော်တို့ AAPP အတွက်ကတော့ ကျနော်တို့ တောက်လျှောက် တောင်းဆိုလာခဲ့တဲ့အတိုင်း လတ်တလောမှာ ဒီကော်မတီဖွဲ့မယ်ဆိုပြီး ဖြစ်လာတဲ့အခါကျတော့ ဒါကိုတော့ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။”

AAPP ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်တို့ဟာ မြန်မာနိုင်ငံဆီ တစ်လနဲ့ ငါးရက်ကြာ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ (ဒီကနေ့မှာ) ကပဲ ထိုင်းနိုင်ငံဆီ ပြန်ရောက်ကြတာပါ။

ပြည်ပမှာ ၁၆ နှစ်ကျော် ရပ်တည်လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံဆီ ပထမဆုံးအကြိမ်သွားရောက်တဲ့ ခရီးစဉ်အတွင်း သူတို့ တွေ့ခဲ့ရ တာကတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ နောက်ပြန် လှည့်ဖို့ဆိုတာထက် ရှေ့ကိုတိုးဖို့အတွက် အင်တိုက်အားတိုက် အရမ်း ကြိုးစားရလိမ့်ဦးမယ် ဆိုတာပဲဖြစ်တယ်လို့ ကိုတိတ်နိုင်တို့က ပြောပါတယ်။

“ကြိုးတော့ကြိုးစားနေကြတာပဲ။ အဖက်ဖက်ကနေပြီးတော့။ အတိုက်အခံပဲဖြစ်ပါစေ၊ အစိုးရပဲဖြစ်ပါစေ။ ကြိုးစားနေကြတယ်။ သို့ပေမဲ့လို့ ဒီကြိုးစားမှုက ဘယ်လောက်ထိ ထိရောက်မလဲ။ အကျိုး သက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတဲ့ကိစ္စကတော့ ကြိုးစားတဲ့လူတွေရဲ့ နောက်ကွယ်မှာရှိတဲ့ စိတ်စေတနာက ပိုပြီးတော့ အရေးကြီးပါတယ်။ အရမ်းကြီး စိတ်အားထက်သန်စွာနဲ့ လုပ်နေတာကို အများကြီးမတွေ့ရပါဘူး။ အဘက်ဘက်က ကြိုးစားနေကြတယ်၊ သို့ပေမဲ့ အဓိက အစိုးရဘက်က တချို့တွေကတော့ ကိုယ်ဖိရင်ဖိ လုပ်နေပြီးတော့ တချို့လူတွေကတော့ နည်းနည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ရတယ်။”

အခုလို လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဖွဲ့စည်းတာကို အမေရိကန်ပြည်ထောင်စု က ကြိုဆိုခဲ့ပြီး မြန်မာ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အမေရိကန် အနေနဲ့ ထောက်ခံသွားမယ်လို့ ပြောထားပါတယ်။

အလားတူပဲ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကလည်း ကြိုဆိုပြီး ဒီကော်မတီဟာ နိုင်ငံရေးအကျဉ်းသားတွေတင်မဟုတ်ဘဲ တရားမျှတမှုမရှိဘဲ အကျဉ်းချ ခံထားရသူအားလုံးအတွက် ဖြစ်သင့်တယ်လို့ ပြောပါတယ်။

AAPP အပါအဝင် ပြည်တွင်းအဖွဲ့အစည်းအသီးသီးက ပြုစုထားတဲ့စာရင်းအရ အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃၀၀ ကျော်ရှိနေသေးတဲ့အပြင် ကချင်ပြည်နယ်ဘက်မှာ တရားတောင်ရင်မဆိုင်ရသေးဘဲ ဖမ်းဆီးခံထားရသူ ၁၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။
XS
SM
MD
LG