သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆွေးနွေးပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တိုက်တွန်း


ကုလဆွေးနွေးပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တိုက်တွန်း
ကုလဆွေးနွေးပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တိုက်တွန်း

မြန်မာနိုင်ငံမှာ မကြာခင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ မျှော်လင့်တယ်လို့ မြန်မာလူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားက ပြောပါတယ်။ အထူးသဖြင့်တော့ အခုလာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ အထွေထွေညီလာခံမှာ မြန်မာလူ့အခွင့်အရေး အခြေအနေ အချေအတင် ဆွေးနွေးဖို့ ရှိတာကြောင့် ဒီမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းဟာ မြန်မာအစိုးရအတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လိမ့်မယ်လို့လည်း မစ္စတာ ကင်တာနားက ပြောပါတယ်။ ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာနိုင်တယ် ဆိုပြီး သတင်းတွေက တော်တော်လေး ကျယ်ပြန့်နေပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်ကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မကြာခင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ်လုပ်ထားပါတယ်လို့ ကတိပေးခဲ့သလို အာဏာပိုင် အတော်များများကလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်လို့ မကြာမကြာ ပြောနေကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တာနားကတော့ လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ မတိုင်ခင် လွတ်လာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။

“အခုလာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ကျရင် နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို အချေအတင် ဆွေးနွေးကြဖို့ရှိပါတယ်။ အဲဒီမှာ အရေးကြီးဆုံး ကိစ္စရပ်တစ်ခုကတော့ နိုင်ငံရေးအကျဉ်းသား ကိစ္စပါ။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို ဒီမတိုင်ခင် လွှတ်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတကာရဲ့ လိုလားတောင်းဆိုချက်ကို လေးစားတယ်ဆိုတာ ပြဖို့ အခွင့်အလမ်း တစ်ရပ် ဖြစ်လာပါလိမ့်မယ်။ မြန်မာအစိုးရ အနေနဲ့ ဒီအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မစ္စတာကင်တာနားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လကမှ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားအချို့ကို တွေ့ခဲ့ပါတယ်။ သူ့နဲ့ အာဏာပိုင်တွေ တွေ့စဉ်မှာရော သူ့ရဲ့ အစီရင်ခံစာတွေမှာပါ နိုင်ငံရေးအကျဉ်းသား လွတ်ရေးကိစ္စကို ဇောင်းတင်ပြောခဲ့သူပါ။ ဒီလူတွေ ပြန်လည် လွတ်မြောက်လာကြမယ်ဆိုရင် လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားဆောင်ရွက်ခွင့်တွေ ရဖို့လည်း နောက်အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်တယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းလဲစေလိုသူတွေ ဖြစ်တယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

“ဒီလူတွေအားလုံးဟာ သာမန် ရာဇဝတ်အကျဉ်းသားတွေ မဟုတ်ကြပါဘူး။ လွတ်လပ်စွာ ပြောဆိုမှု၊ လွတ်လပ်စွာ လှုပ်ရှားသွားလာမှု၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု စတဲ့ လူ့အခွင့်အရေးတွေကို ကျင့်သုံးဆောင်ရွက်ခဲ့လို့ ထောင်တွင်း အကျဉ်းချခံရသူတွေ ဖြစ်ပါတယ်။ ဒီလူတွေအားလုံးဟာ မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာလိုသူတွေ ဖြစ်ပါတယ်။”

ဒါပေမဲ့ မြန်မာအာဏာပိုင်တွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးဆိုပြီး ငြင်းဆန်နေဆဲပါ။ ထောင်ထဲရောက်နေသူတွေဟာ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်တာကြောင့် အပြစ်ပေး ခံရသူတွေလို့ပဲ ပြောနေဆဲပါ။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ အရင်ကဆို ပြည်တွင်းပြည်ပက လိုလားတောင်းဆိုမှုအပေါ် မြန်မာအစိုးရဘက်က တုံ့ပြန်မှုက မျှော်လင့်သလောက် မဖြစ်ခဲ့ပါဘူး။ အစိုးရသစ်တက်ပြီးနောက် အကျဉ်းသား နှစ်သောင်းနီးပါး လွှတ်ပေးတယ်ဆိုတဲ့ နေရာမှာလည်း လွတ်ခါနီး နိုင်ငံရေးအကျဉ်းသား တစ်ရာဝန်းကျင်ပဲ လွတ်တဲ့အထဲ ပါဝင်ပါတယ်။ မစ္စတာကင်တာနားဟာ ဒီအချက်ကို သတိပြုမိပါတယ်။ ဒါကြောင့် လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား အားလုံး ပါဝင်မှ ဒါဟာ ပြည်တွင်း ပြည်ပလိုလားချက်ကို လေးစားရာပြမယ်လို့ ဆိုပါတယ်။

“ကျနော့်အနေနဲ့ရော နိုင်ငံတကာအနေနဲ့ တောင်းဆိုနေတဲ့အချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်မယ်ဆိုတာ ကျိန်းသေပါတယ်။ အခြားအကျဉ်းသားတွေ လွှတ်ကောင်းလွတ်လာနိုင်ပါတယ်။ ဒါပေမဲ့ တောင်းဆိုထားတာကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဆိုတာကိုတော့ မြန်မာအစိုးရ သိထားရပါမယ်။”

မနေ့ကပဲ ဘန်ကောက်မြို့မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်မှာ အစုအဖွဲ့အားလုံး ပါဝင်ပတ်သက်ခွင့်ရဖို့ တောင်းဆိုထားပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားလွတ်ရေး ကိစ္စဟာ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲလိုမှု တကယ်ရှိမရှိ တိုင်းတာမယ့် အခြေအနေတစ်ရပ်လို ဖြစ်နေပါတယ်။ ဒီကိစ္စကို လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ် တွေက တင်ပြဆွေးနွေးခဲ့တာ ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့စဉ် မကြာခင် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပါမယ် ပြောဆိုသွားတာကြောင့်လည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မယ်ဆိုတဲ့ သတင်းက ပိုပြီး မျှော်လင့်စရာတွေ တိုးလာခဲ့ပါတယ်။

ဦးရွှေမန်းဟာ လက်ရှိ ဖွဲ့စည်းပုံအရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆုံးဖြတ်နိုင်မယ့် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG