သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒ


နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒ
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒ

နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့နေ့ တစ်နှစ်မြောက်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးဟာ ဒီမိုကရေစီလိုလားသူတွေ အကုန်လုံးရဲ့ အဓိကလိုလားချက်ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စာရင်းကို ပြုစုပြီး ရရှိထားတဲ့ အကျဉ်းသားဦးရေစာရင်းဟာ အစိုးရရဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောဆိုထားတဲ့ အရေအတွက်နဲ့ ကွာခြားမှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အကြောင်းစုံကို ဦးစံမိုးဝေက စုစည်းတင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ ဒီမိုကရေစီ လိုလားတောင့်တသူ မြန်မာတွေအားလုံးရဲ့ တူညီတဲ့ရည်မှန်းချက် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒီနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ တချို့ လွတ်လာတာရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတာလည်း ဒါ အများသိပြီးသားဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ်ဆိုတာကို ကျမတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျမတို့ မသိရသေးပါဘူး။ အခုထိတော့ လွှတ်တော့မယ်၊ လွှတ်တော့မယ်လို့ ပြောနေတယ်ဆိုတာကိုပဲ ကျမတို့ကြားရတာဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးဟာ ကျမတို့အားလုံး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင် မကဘဲ ဒီမိုကရေစီလိုလားသူအားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားရပ်ကို မသုံးစွဲပေမဲ့ အကျဉ်းထောင်တွေထဲ အကျဉ်းကျနေသူတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သူများ ပါဝင်နေတယ်လို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ဝေတဲ့ နိုင်ငံပိုင် သတင်းစာထဲမှာ နိုင်ငံတော် သမ္မတကိုလိပ်မူတဲ့ အိပ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီလို အကျဉ်းသားတွေကို အနောက်နိုင်ငံတွေနဲ့ တခြား သတင်းအရင်းအမြစ် ဌာနတွေဆီကနေ ကောက်ယူထားတဲ့စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးရာမှာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ရှိကြောင်းနဲ့ အဲဒီအထဲက ၂၀၀ ကျော် ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့စာထဲမှာ ရေးသားထာပါတယ်။

တခြား လူ့အခွင့်အရေးအဖွဲ့တွေကတော့ နိုင်ငံရေးအကျဉ်းသား ၁,၇၀၀ လောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါလို့ ပြောနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နောက်ဆုံးအကြိမ်အထိ အတည်ပြုနိုင်တဲ့ စာရင်းကို ပြောပြသွားပါတယ်။

“ကျမတို့ အဖွဲ့ချုပ်ရဲ့စာရင်းမှာတော့ နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက် ဖြစ်ပါတယ်။ ဒါက အဖွဲ့ချုပ်ရဲ့ စာရင်းထဲမှာ။ အဖွဲ့ချုပ်ရဲ့စာရင်းက အစိုးရစာရင်းနဲ့ ၂၀၀ လောက်တော့ ကွာပါတယ်။ ၂၀၀ လောက် ပိုပါတယ်။ ဒါပေမဲ့ တချို့စာရင်းတွေဟာဆိုရင် ၂,၀၀၀ လောက်ရှိတယ်ဆိုတာ မှန်ပါတယ်။ အဲဒီ အပြင်ကနေ ပြည်ပကရတဲ့စာရင်းတွေကို ကျမတို့ တတ်နိုင်သလောက် လိုက်ပြီးတော့ စုံစမ်းပါတယ်။ စုံစမ်းတော့ တချို့ အဲဒီစာရင်းတွေထဲမှာ ပါနေတဲ့ တချို့အကျဉ်းသားတွေက လွတ်သွားတာကြာပြီဆိုတာ ကျမတို့ တွေ့ရပါတယ်။ ဒါပေမဲ့ ကျမတို့ အားလုံးကိုတော့ တိတိကျကျ မစုံစမ်းနိုင်သေးပါဘူး။ အခု ကျမတို့ ၅၉၁ ယောက်ဆိုပြီး သတ်မှတ်ထားတာ ကျမတို့ သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်ဆိုတာကို ကျမတို့သိတဲ့ နိုင်ငံရေးအကျဉ်းကျများ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားရေးမဏ္ဍိုင် မရှိတဲ့အတွက် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒါ အများသိနေတဲ့ကိစ္စပဲလေ။ ကျမတို့နိုင်ငံရေးအကျဉ်းသား တော်တော်များများဟာလည်း အကျဉ်းထောင်ထဲ ရောက်သွားတာဟာ လွတ်လပ်ပြီး တရားမျှတပြီးတော့ သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်မရှိလို့ပါ။”

တရားရေးမဏ္ဍိုင်ဟာ တိုင်းပြည်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းသားတွေအရေး၊ လူမှုရေး၊ စီးပွားရေး စသဖြင့် ဘယ်ကဏ္ဍမှာမဆို လွတ်လပ်ပြီး သန့်ရှင်း တရားမျှတတဲ့ တရားစီရင်ရေးမဏ္ဍိုင် မရှိသရွေ့ တိုးတက်ဖွံ့ဖြိုးမှာမဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ပြည်ပမှာအခြေစိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်) AAPPB အဖွဲ့ကတော့ နိုဝင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားဆိုတာကို အသိအမှတ်ပြုပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရကို အကြံပြုထားပါတယ်။ ဒီလို အသိအမှတ်ပြုပေးခြင်းဟာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားဖြစ်မှု စံချိန်စံညွှန်းသတ်မှတ်ဖို့ ကော်မတီတရပ် ထူထောင်ဖို့လည်း AAPPB အဖွဲ့ရဲ့ အကြံပြုချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

XS
SM
MD
LG