သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ တွေ နိုင်ငံရေးပါတီ ထောင်မည်


၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးပါတီတခု တည်ထောင်ဖို့ စတင် ဆောင်ရွက်ပါတယ်။ ၈၈ မျိုးဆက်တွေသာ မဟုတ်ဘဲ ပြည်သူတွေအတွက် နိုင်ငံရေးအရ ရွေးချယ်နိုင်အောင် ပြည်သူလူထုအကျိုးကို ရှေ့ရှုတဲ့ ပါတီတခုအနေနဲ့ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာလို့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။ မသိင်္ဂီထိုက် က ဆက်သွယ်မေးမြန်းတာမှာ ပါတီရဲ့ မူဝါဒ၊ ရည်ရွယ်ချက်တို့နဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးက အခုလို ဖြေကြားသွားပါတယ်။

ဖြေ - “၂၀၂၀ ရွေးကောက်ပွဲအမီတော့ နယ်ဒေသတွေကိုပါ ဖြန့်ပြီးတော့ စည်းရုံးတာတွေ၊ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၈၊ ၂၀၁၉ မှာ အဓိက တာဝန်ယူပြီးတော့ ဆောင်ရွက်ဖို့ ရှိပါတယ်။”

မေး - အဲတော့ အဓိက ဘယ်သူတွေ ပါကြမလဲရှင့်။

ဖြေ - “အဲဒါက ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးပွဲ ပြီးသွားတဲ့အခါကျတော့မှ ကျနော်တို့ ပြောလို့ရပါမယ်။ အခုဟာက ဖြစ်မြောက်ရေးအတွက် စ ပြီးတော့ အားလုံးဝိုင်းပြီးတော့ ပူးပေါင်း ဆောင်ရွက်နေတဲ့ သဘောပါ။ ဒါ ၈၈ အဖွဲ့တွေထဲကတော့ ကိုမြအေး၊ ၈၈ ကတည်းက လက်တွဲခဲ့တဲ့ ကိုမင်းဇေယျ အစရှိသဖြင့် တော်တော်များများ လူရင်းတွေ ပါကြပါတယ်။”

မေး - အဲတော့ ၈၈ မျိုးဆက်တွေရဲ့ ပါတီအဖြစ် ထွက်ပေါ်လာမလား။ ဒါမှမဟုတ် နိုင်ငံရေးပါတီတခုအနေနဲ့ ထွက်ပေါ်လာပြီးတော့ ပါဝင်ချင်တဲ့လူတွေ၊ စိတ်သဘောထား တိုက်ဆိုင်သူတွေ အဲ့လို ဖွဲ့စည်းမှာလားရှင့်။ ဖွဲ့စည်းမယ့် ကနဦး အခြေခံနဲ့ ပုံစံက ဘယ်လိုပါလဲ။

ဖြေ - “အခြေခံတာကိုယ်၌က ကျနော်တို့က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ မူဝါဒများကို အခြေခံတဲ့ပါတီတရပ် ပေါ်လာဖို့ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဖို့ ကျနော်တို့က စဉ်းစားထားပါတယ်။ ဒါကြောင့်မို့လို့ ပါတီရဲ့နာမည် ရွေးချယ်ရမယ်ဆိုရင်တောင်မှ ၈၈၊ ၈ လေးလုံးဆိုတဲ့ နာမည်တွေကို ကျနော်တို့က သုံးမှာ မဟုတ်ပါဘူး။ မျိုးဆက်အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါနိုင်အောင် ကျနော်တို့က ဆွေးနွေးပြီး စဉ်းစားထားကြပါတယ်။”

မေး - အခုပါတီကတော့ အခြေခံမူအားဖြင့် ဘယ်လို မူဝါဒမျိုး ဖြစ်လာနိုင်ပါသလဲ။ အကိုတို့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ စဉ်းစားထားချက်ရော ရှိပါပြီလား။

ဖြေ - “အခု ကျနော်တို့ကတော့ အခြေခံအကျဆုံးကတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အခြေခံတဲ့ ရှေးရှုတဲ့ နိုင်ငံရေးပါတီတရပ် ပေါ်ထွန်းရေးဆိုတာကို ရည်ရွယ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဟာက အင်မတန် ကျယ်ပြန့်ပါတယ်။ ကျနော်တို့ ဒီ ဖိုရမ် တွေ့ဆုံဆွေးနွေးပွဲ ပြီးသွားတဲ့အခါကျတော့ မူဝါဒပိုင်းဆိုင်ရာတွေ အသေးစိတ် ထပ်ပြီးတော့ အသေးစိတ် အချောကိုင်ရမယ့်ဟာတွေ ရှိပါတယ်။ ဆိုတော့ ခုနက ယေဘုယျကျတယ်ဆိုပေမဲ့ ပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ နောက်ဆုံး အခွန်အကောက်၊ ဘဏ္ဍာရေးကိစ္စတွေကအစ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အခြေခံသော ရှေးရှုသော ဆိုတာဟာ အဲဒီရပ်တည်ချက်အပေါ်မှာပဲ ကျန်တဲ့ အသေးစိတ် မူဝါဒတွေကလည်း ထင်ဟပ်သွားမှာ ဖြစ်ပါတယ်။”

မေး - ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းကတော့ ဦးကိုကိုကြီးတို့အနေနဲ့ NLD နဲ့ ပူးပေါင်းမယ်ဆိုတဲ့ NLD မှာပါဝင်ဖို့ဆိုတဲ့ ကိစ္စတွေလည်း ရှိခဲ့ပါသေးတယ်။ ဒါမျိုးတွေ ဖြစ်တော့မလာဘူးပေါ့နော်။ အခု ပါတီ သပ်သပ် ထောင်တယ်ဆိုတော့ ဒါဟာ အတိုက်အခံ ဒါမှမဟုတ် လက်ရှိ အာဏာရပါတီ အပါအဝင် ပါတီတွေကြားထဲမှာ ဘယ်လိုပုံစံမျိုးကြောင့် သီးသန့် ပါတီထောင်ရတဲ့ ရည်ရွယ်ချက်ပေါ့။ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ဖို့ပါလဲ။

ဖြေ - “အဓိကကတော့ ကျနော်တို့ ဒါ ၈၈ ကာလတုန်းကဆိုရင် ကျောင်းထဲမှာ စတင် ဆန္ဒပြစဉ်တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလွဲပြီး တခြား ဘယ်ပါတီကတောင်မှ ရပ်တည်ခွင့်လည်း မရှိဘူး။ ပေါ်လည်း မပေါ်သေးပါဘူး။ အဲဒီအချိန်မှာကတည်းက ကျနော်တို့ စပြီး ဆောင်ရွက်ခဲ့တယ်။ ပြီးတဲ့အချိန်မှာလည်း ပါတီဖွဲ့စည်းဖို့အတွက်ကို ကျနော်တို့ တိုက်တွန်း အကြံပေးတာတွေ၊ ကျနော်တု့ိကိုယ်တိုင်လည်း စဉ်းစားချက်တွေ အများကြီး ရှိခဲ့ပါတယ်။ သို့သော် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုမှာ ပထမအဆင့်အနေနဲ့ အရင် စနစ်ဟောင်းကို ဖယ်ရှားဖို့၊ ကြိုးစားတဲ့အခါမှာ ကျနော်တို့ အင်အားကောင်းကောင်းနဲ့ ဒီမိုကရေစီဘက်က အင်အားစုတွေ အနိုင်ရအောင်ဆိုတဲ့ မူဝါဒနဲ့ ဝိုင်းရံတဲ့ ပံ့ပိုးတဲ့ အခန်းကဏ္ဍကနေပြီးတော့ပဲ ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ နောက်တချက် ကျနော်တို့ ထပ်ပြီးတော့ ကြိုးစားတဲ့အခါမှာတော့ ၈၈ ကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီရရှိရေး တို့အရေးဆိုတာက ဗဟုဝါဒ ထွန်းကားအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သမိုင်းပေးတာဝန် ကျနော်တို့ မပြီးသေးပါဘူး။ ဒါကြောင့်မို့လို့ ရေရှည်မှာ ပါတီတွေ A,B,C,D,E အဲလိုရှိတဲ့အထဲကနေပြီးတော့မှ ဘယ်ပါတီကို ပိုပြီး ရွေးချယ်တယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုအဆင့်ထိ ရောက်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပါတီကို ထူထောင်တာဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်၌ကလည်း အသက်အရွယ် ဖြတ်သန်းမှု၊ ကျနော်တို့ ဗဟုသုတ အတွေ့အကြုံတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာက နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းထူထောင်မှသာလျှင် မူဝါဒဆိုင်ရာ ကျနော်တို့ အယူအဆတွေ၊ ကျနော်တို့ရဲ့ သဘောထားတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။”

၈၈ တွေ နိုင်ငံရေးပါတီ ထောင်မည်
please wait

No media source currently available

0:00 0:04:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG