သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဓာတ်ငွေ့ တင်ပို့ခြင်း ယာယီရပ်နားမှု ထိုင်းစိုးရိမ်


ထိုင်းနိုင်ငံကို တင်ပို့မယ့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေစဉ်အချိန်က (နိုဝင်ဘာ ၁၉၉၆)
ထိုင်းနိုင်ငံကို တင်ပို့မယ့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေစဉ်အချိန်က (နိုဝင်ဘာ ၁၉၉၆)
မြန်မာနိုင်ငံက စွမ်းအင် ထုတ်လုပ်မှုအပေါ် အဓိက အားထားနေရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့မှု သီတင်း တပတ်ကြာ ရပ်ဆိုင်းမယ့်အတွက် လောင်စာ အခက်အခဲနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။

ဒီ့အတွက် ထိုင်းအစိုးရ တာဝန်ရှိသူတွေ စွမ်းအင်ကို ချွေတာကြ ဖို့ နှိုးဆော်သံတွေ ထွက်ပေါ်လာ သလို၊ ဆန်းစစ်သူတွေကတော့ ထိုင်းနိုင်ငံအတွက် ပြည်ပက လောင်စာ အရင်းအမြစ်တွေကို မှီခိုနေရတဲ့ အခြေအနေတွေက လွတ်မြောက်အောင် လုပ်ဖို့ လိုနေပြီလို့လည်း သတိပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့ လုပ်ငန်းမှာ မွမ်းမံ ပြင်ဆင်စရာတွေ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ ခေတ္တ ဆိုင်းငံ့ထားမယ့် အစီအစဉ်ကြောင့် နှစ်စဉ်နှစ်တိုင်း စွမ်းအင် သုံးစွဲမှုတွေ များပြားလေ့ ရှိတဲ့ ဧပြီလထဲမှာ လောင်စာဆီဈေး တက်တာတွေ၊ မလုံလောက် တဲ့ ပြဿနာတွေ ကြုံရမှာကို ထိုင်းအစိုးရက ဟန့်တားဖို့ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

ရတနာ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းက တင်ပို့မှု ရပ်တန့်မယ့်အတွက် နေ့စဉ် ဓာတ်ငွေ့ ပမာဏ ကုဗပေ သန်းပေါင်း ၁,၁၀၀ လောက် ပြတ်လပ်ရာက လျှပ်စစ်မီဂါဝပ် ၆,၀၀၀ လောက်
လျော့နည်းမယ့် အခြေအနေက သက်သာရာ ရစေဖို့ ဧပြီလထဲ စင်္ကာပူ နိုင်ငံကနေ လောင်စာဆီ လီတာပေါင်း ၂၅ သန်း တင်သွင်း သွားမယ်လို့လည်း ထိုင်းစွမ်းအင်ဝန်ကြီး ဖုန်ဆတ် လတ်ထဖွန်ပိုင်ဆယ် (Pongsak Raktapongpaisal) က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တာပါ။

ထိုင်းအစိုးရက ပြင်ဆင်ချိန်ရအောင် အချိန်ပိုပေးဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက် မူလက ဧပြီလ ၄ ရက်နေ့မှာ စတင်မယ့် မွမ်းမံ ထိန်းသိမ်းရေး အစီအစဉ်ကို ၁ ရက် နောက်ဆုတ်ပေးပြီး ၅ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြန်မာဘက်က ပြောင်းပေးခဲ့ တယ်လို့လည်း ထိုင်းစွမ်းအင် ဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီလို အစီအမံတွေဟာ ရေရှည် စွမ်းအင် ဖူလုံရေးအတွက် လုံလောက်မှု မရှိဘူးလို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာ ပါမောက္ခ သီထိနန် ဖွန်ဆူဒီလတ် (Thitinan Pongsudhirak) က သုံးသပ်ပါတယ်။

“ဧပြီလထဲမှာ ပြင်ဆင်မှုတွေ လုပ်မယ့် အစီအစဉ်က ထိုင်းနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်အပေါ် သိသိသာသာ ရိုက်ခတ် လာပါလိမ့်မယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ဓာတ်ငွေ့ တင်သွင်းမှု မှာ မြန်မာနိုင်ငံအပေါ် အကြီးအကျယ် မှီခို အားထားနေရတယ်ဆိုတာ တွေ့လာရပါတယ်။ ထိုင်းနိုင်ငံရဲ့ လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းကို သဘာ၀ ဓာတ်ငွေ့ကနေ ရရှိတာဖြစ်ပြီး၊ ပြည်ပက ဓာတ်ငွေ့ တင်သွင်းမှုတွေရဲ့ ၂၅ ရာခိုင်နှုန်းကတော့ မြန်မာနိုင်ငံပါ။ ဒါကြောင့်လည်း ဓာတ်ငွေ့ တင်သွင်းမှု အပိုင်းမှာ ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ စွမ်းအင် ဖူလုံရေးအတွက် စိတ်ချရတဲ့ အာမခံချက်မျိုး မရှိပါဘူး။”

ထိုင်းအစိုးရ ပြောခွင့်ရသူကတော့ ဒီနှစ်အတွက် အစိုးရ လုပ်ငန်းတွေမှာ စွမ်းအင်သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချ ဖြတ်တောက် သွားမယ်လို့ ပြောဆိုခဲ့တာပါ။ ထိုင်းစွမ်းအင်ဝန်ကြီးကလည်း ဓာတ်လှေကားတွေ၊ ကားတွေလို စွမ်းအင်ကို အသုံးပြုရတဲ့ နေရာတွေမှာ လိုအပ်တာထက် ပိုမသုံးကြဖို့နဲ့ အစိုးရဝန်ကြီး အဖွဲ့ဝင်တွေတောင် အစည်းအဝေးတွေမှာ လေအေးစက်တွေ အသုံးပြုတာကို ချွေတာတဲ့အနေနဲ့ အပေါ်အကျီၤတွေ မဝတ်တာမျိုး စံနမူနာ လုပ်သင့်တယ် လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာကတော့ အခု ကြုံရတဲ့ ပြဿနာဟာ ထိုင်းနိုင်ငံ စွမ်းအင် ဖူလုံရေးအတွက် သတိပေး နှိုးဆော်ချက် တရပ် ဖြစ်တယ်ဆိုပြီး အယ်ဒီတာ့ အာဘော်မှာ
ရေးပါတယ်။ ထိုင်းနိုင်ငံက နိုင်ငံရေး သိပ္ပံပညာ ပါမောက္ခ သီထိနန် ကတော့ ထိုင်းအစိုးရ အနေနဲ့ စွမ်းအင် အရင်းအမြစ်တွေကို တနေရာတည်းမှာ အားထားနေတာမျိုး ရှောင်ရှားရလိမ့်မယ် လို့ မြင်ပါတယ်။

“တင်သွင်းနိုင်မယ့် အရင်းအမြစ် အသစ်တွေကို ရှာဖို့ လိုပါတယ်။ မြန်မာနဲ့ လာအိုနိုင်ငံတွေအပြင် တခြား နေရာတွေကိုလည်း ဖြန့်ကျက်ထားဖို့ လိုပါတယ်။ နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်၊
ဖြစ်နိုင်မယ်ဆိုရင် နျူကလီးယား စွမ်းအင်တွေ ထုတ်လုပ်ဖို့ စပြီး စဉ်းစားကြရပါလိမ့်မယ်။ ဒါတွေကိုတော့ ထိုင်းအစိုးရရော၊ လူမှု အသိုင်းအဝိုင်း ကြားမှာရော၊ ပုဂ္ဂလိက ကဏ္ဍမှာပါ စတင် ဆွေးနွေးတာ၊ အချေအတင် ပြောကြတာမျိုးတော့ မရှိကြသေးပါဘူး။”

ထိုင်းနိုင်ငံဟာ လတ်တလော စွမ်းအင် ရရှိရေးအတွက် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့၊ လာအိုနိုင်ငံက ရေအားလျှပ်စစ်နဲ့ လောင်စာဆီကိုတော့ အရှေ့အလယ်ပိုင်း ဒေသတွေကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ သီတင်းတပတ်ကြာ ဆိုင်းငံ့ထားမယ့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကိုတော့ ပြင်သစ်ပိုင် Total၊ အမေရိကန်က Chevron၊ ထိုင်းအစိုးရပိုင် PTT နဲ့ မြန်မာရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းတို့ ပူးတွဲ အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်ကစလို့ နေ့စဉ် ပျမ်းမျှ ဓာတ်ငွေ့ ကုဗပေ သန်း ၇၈၀ လောက် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီအထဲက အများစုကိုတော့ ထိုင်းနိုင်ငံကို ရောင်းချထားတာပါ။ မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ် တွင်းက စီမံကိန်း စတင်ချိန်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုပြီး ဝေဖန်မှုတွေ လည်း အကြီးအကျယ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG