သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကူးမှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ ကင်တားနား မျှော်လင့်


နှစ်ကူးမှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ ကင်တားနား မျှော်လင့်
နှစ်ကူးမှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ ကင်တားနား မျှော်လင့်

မြန်မာအာဏာပိုင်တွေဟာ အခွင့်အလမ်းတခုအနေနဲ့ ကျရောက်နေတဲ့ မြန်မာနှစ်ဆန်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားက ပြောပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ကိုလည်း မြန်မာအာဏာပိုင်တွေထံကို သူ စာရေး တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

အခု မြန်မာနှစ်သစ်ကူးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမလား မျှော်လင့်သူတွေက မျှော်လင့်ချက်ထားကြသလို နိုင်ငံရေးပါတီအချို့ကလည်း အခုတက်လာတဲ့ အရပ်သား အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုနှစ်ကူးမှာ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားလည်း ဒီလို တောင်းဆိုတဲ့ အထဲ ပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအားဖြင့် အခုလာမယ့် နှစ်သစ်မှာ မြန်မာအစိုးရ အနေနဲ့ အခွင့်ကောင်းတခု ဆုပ်ကိုင်နေမယ်လို့ မျှော်လင့်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်အနေနဲ့ ဒီတာဝန်ကို ယူကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို တလျှောက်လုံး တောင်းဆိုခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေ အပါအဝင် မြန်မာ့အရေးအတွက် စိုးရိမ်သူ အတော်များများကလည်း တိုက်တွန်းခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုချက်တွေကို မြန်မာအာဏာပိုင်တွေ အနေနဲ့ အခု မြန်မာနှစ်ဆန်း ကျရောက်တဲ့အခါမှာ အခွင့်ကောင်းတခုအနေနဲ့ စတင် အကောင်အထည် ဖော် လွှတ်ပေးဖို့ မျှော်လင့်ထားပါတယ်။ တဖက်မှာလည်း ကျနော့် အတွေ့အကြုံအရတော့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ကလည်း သူများစကား နားထောင်တာထက် သူ့စဉ်းစား သတ်မှတ်ချက်အပေါ် တည်ပြီးတော့ ဆုံးဖြတ် လုပ်ကိုင်တတ်ပါတယ်။ စောင့်ကြည့်ရသေးတာပေါ့ဗျာ။”

၂၀၁၀ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီအချို့နဲ့ ကိုယ်စားလှယ် အချို့ဟာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေရေးကို လွှတ်တော်အတွင်း ဆောင်ရွက်သွားမယ်ဆိုပြီး ကတိကဝတ်တွေ ပြုခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ခေါ်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရေး ကိစ္စကို ကိုယ်စားလှယ်အချို့က တင်ပြခဲ့ပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်တယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေက ငြင်းပယ်တာကြောင့် လွှတ်တော်တွင်း ဆွေးနွေး မဲခွဲခွင့်မရခဲ့ပါဘူး။ ဒါကြောင့် အစိုးရသစ်ပေါ်လာတဲ့အချိန်မှာ အခုနှစ်ကူးမှာ နိုင်ငံရေးအကျဉ်းသား လွတ်ရေးကိစ္စ အစပြုလာမလား မျှော်လင့်သူတွေ ရှိလာတာပါ။

မစ္စတာကင်တာနားအနေနဲ့ကတော့ လူ့အခွင့်အရေးကိစ္စတွေ အတွက် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခွင့် အစိုးရသစ်ကို စာပို့လိုက်ပြီလို့သိရပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ တုံ့ပြန်ချက်မရသေးပါဘူး။

“တစုံတရာ အဖြေတော့ အခုအချိန်အထိ ဘာမှ မရသေးပါဘူး။ စောင့်နေတုန်းပါ။ ရှေ့အပတ်ထဲကျရင်တော့ အဖြေ သိကောင်းသိနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်အဖြေ ရမယ်လို့တော့ မျှော်လင့်ထား ပါတယ်။ ဒါကလည်း ခန့်မှန်းချက်ပါ။”

မစ္စတာကင်တာနားအနေနဲ့က ပြီးခဲ့တဲ့နှစ် လူ့အခွင့်အရေးကောင်စီ ညီလာခံပြီးကတည်းက မြန်မာနိုင်ငံကို သွားရောက်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံကာလအတွင်းမှာတော့
မြန်မာနိုင်ငံဘက်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို အစိုးရသစ်ဖွဲ့ပြီးနောက် လာရောက်ခွင့် ပေးပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနှစ်ဆန်းနောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ သူ့ကို လာရောက်ခွင့် ပေးနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

အစိုးရအနေနဲ့ကတော့ နိုင်ငံတကာကိုယ်စားလှယ်တွေ လာရောက်တိုင်း နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးအကျဉ်းသားရယ်လို့
မြန်မာအာဏာပိုင်တွေက မသတ်မှတ်ဘဲ ရာဇဝတ်ပြစ်မှုကြောင့် အကျဉ်းကျခံရသူလို့သာ သတ်မှတ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ စစ်အစိုးရကာလမှာတော့ အကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်း သက်သာခွင့် ပေးတဲ့အခါမှာ နိုင်ငံရေးကြောင့် အကျဉ်းကျသူ လွတ်တာက နည်းနည်း သာမန်ရာဇဝတ်မှုနဲ့ အကျဉ်းကျသူတွေ လွတ်တာက ပိုများခဲ့တယ်လို့ ပြောရမှာပါ။

XS
SM
MD
LG