မြန်မာနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီမို့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေးအပြောင်းအလဲတချို့ မြင်ခဲ့ရပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ထူးခြားမလာသေးတဲ့အတွက် ကျန်တဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးစု ဒေသတွေက စစ်ပွဲတွေ ရပ်ဆိုင်းဖို့အပါအဝင် အဓိက ပြဿနာတွေကို အစိုးရသစ်အဖွဲ့က သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ်အိုဟေး ကင်တားနားက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိနေပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးခဲ့ပေမဲ့ ၂၀၀ ကျော်သာ ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ရှိတယ်လို့ပြချင်ရင် ဒီနိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ထောက်ပြနေသလို အခု မစ္စတာ ကင်တားနားကလည်း ရွေးကောက်ပွဲ တစ်နှစ်ပြည့်ချိန်မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စကို သေသေချာချာ ကိုင်တွယ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့တာ တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျနော့်အနေနဲ့ အထူးအလေးပေး ပြောကြားလိုတာက မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို လေးလေးနက်နက် ဖြေရှင်းပေးဖိ့ု ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ လောလောဆယ်မှာ အခြေအနေက တော်တော်လေး စိုးရိမ်စရာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒပြနေတာ၊ တချို့နိုင်ငံရေးအကျဉ်းသားတွေ လက်ရှိမှာ အသက်ရှင်နေထိုင်ဖို့ ရုန်းကန်နေရတာတွေ တွေ့ရတာမို့ တစ်နှစ်ပြည့်တဲ့ ခုလိုအချိန်မျိုးမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်စေဖို့ အဖြေရှာဖို့ တိုက်တွန်းပါတယ်။”
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို မကြာခင်မှာ ကျင်းပဖို့ပြင်ဆင်နေတာမို့ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးမှာ ဘက်ပေါင်းစုံက ပါဝင်နိုင်အောင် ဒီ ကြားဖြတ်ရေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ အထူးသဖြင့် နိုင်ငံတကာက စောင့်ကြည့်နေတဲ့ကာလမှာ မြန်မာအစိုးရသစ်အနေနဲ့ ထင်သာမြင်သာ ပွင့်လင်းမှုရှိဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲတွေ ဘယ်တော့ကျင်းပပေးမယ်ဆိုတာ မကြေညာသေးတော့ ရက်အတိအကျ မသိရသေးပါဘူး။ အခုလို လူတွေ တစောင့်စောင့်နဲ့ဖြစ်နေတဲ့ အနေအထားမျိုးက ပြဿနာကို အဖြေရှာတဲ့နည်း မဟုတ်ပါဘူး။ ကျနော် အပါအဝင် နိုင်ငံတကာက အစစအရာရာ အကူအညီပေးဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတဲ့အခါမျိုးမှာ မြန်မာအစိုးရဘက်က ချမှတ်မယ့်ဆုံးဖြတ်ချက်တွေဟာ ထင်သာမြင်သာ ရှိဖို့လိုပါတယ်။ နိုင်ငံရေး မကစားသင့်ပါဘူး။ ဘာဖြစ်မယ်၊ ဘာတွေ လုပ်ဆောင်မယ်ဆိုတာ အခု ဘယ်သူမှ အတိအကျ မသိကြပါဘူး။ လူ့အခွင့်အရေးကို လေးစားလိုက်နာရာမှာ မြန်မာအစိုးရဘက်က ဘယ်လိုခြေလှမ်းတွေကို ယူမယ်ဆိုတာလည်း အတိအကျ မသိရသေးဘဲ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ အထူးသဖြင့် နယ်စပ်ဒေသတွေက ဆိုးရွားတဲ့အခြေအနေတွေအတွက် အဖြေရှာဖို့ အစိုးရကို တိုက်တွန်းချင်ပါတယ်။”
နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာဟာ အရင် စစ်အစိုးရလက်ထက်က ပုံစံမျိုး ဆက်ပြီး ဖြစ်နေတာကို ပြနေတာမို့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်အနေနဲ့ စစ်တပ်ကိုပါ နိုင်နိုင်နင်းနင်း ကိုင်တွယ်သင့်တယ်လို့လည်း ဆိုပါတယ်။
“နယ်စပ်ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်တွေကို အစိုးရဘက်က ပြုလုပ်နိုင်ခြင်းမရှိတာကိုက ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ စစ်တပ်က အဓိက ချုပ်ကိုင်နေတယ်လို့ မြင်ပါတယ်။ ဒါမျိုး အခြေအနေတွေဟာ ဒီမိုကရေစီနည်းအရရော၊ အရပ်သားအစိုးရအနေနဲ့ရော မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုရင် စစ်တပ်အပေါ် လွှမ်းမိုးနိုင်မှု ရှိရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံမှာ မပြောင်းလဲသေးတာကို တွေ့ရတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် လွှတ်တော်မှာရောက်နေတဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ အစိုးရကောင်းတရပ်ဖြစ်ဖို့ ကူညီလိုရင် အဲဒီလိုဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ အရပ်သားအစိုးရကို တိုက်တွန်းကြဖို့ လိုပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို စစ်တပ်က အဆုံးသတ်ပေးဖို့လိုပါတယ်။ ပြဿနာတွေက အမျိုးမျိုးရှိပေမဲ့ ကျနော့်အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုတာကတော့ နယ်စပ်မှာရှိတဲ့အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်ဖို့ပါ။ လက်ရှိမှာတော့ အဲဒီဒေသတွေဟာ မြန်မာစစ်တပ်ရဲ့ လက်ထဲမှာပဲ ရောက်နေရတာကို တွေ့ရပါတယ်။”
သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် စစ်ပေးနေတယ်လို့ ပြောခဲ့တာမို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတာကို ပြသတဲ့အတွက် ဝမ်းသာပေမဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှာ ဦးဆောင်သူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရစေဖို့အတွက် အရေးကြီးတာမို့ ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် အားလုံးကို တန်းတူလွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း မစ္စတာ ကင်တားနားက ပြောကြားခဲ့ပါတယ်။