သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားသင့်မြတ်ရေး မျှော်လင့်သလို ကြိုးပမ်းဖို့လို


အမျိုးသားသင့်မြတ်ရေး မျှော်လင့်သလို ကြိုးပမ်းဖို့လို
အမျိုးသားသင့်မြတ်ရေး မျှော်လင့်သလို ကြိုးပမ်းဖို့လို

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်လာဖို့ တဖက်မှာ မျှော်လင့်ထားသလို ဒီအတွက် လုပ်စရာတွေကိုလည်း ကိုယ်တိုင် လုပ်ဆောင်သွားရမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြောဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုအစိုးရသစ်နဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ် ဆိုတာ သမ္မတ ဦးသိန်းစိန်ကို အခုနှစ်ဆန်းမတိုင်ခင် စာရေးသားပေးပို့ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းပြန်ချက် မရသေးပါဘူး။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ရှေ့ပြေးနိမိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်လေမလား မျှော်လင့်သူတွေ နှစ်သစ် ဆုမွန်တောင်းသူတွေ ရှိကြပေမဲ့ မြန်မာနှစ်ဆန်း ၁ ရက်မှာတော့ အများရဲ့ မျှော်လင့်ချက်တွေ မပြည့်ခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဆန်း ၁ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုအချို့ ရန်ကုန်မှာရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ လက်မှတ်ထိုး လှုပ်ရှားမှုရှိခဲ့သလို ရန်ကုန်ဆင်ခြေဖုံး ဘုရားတဆူမှာလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ စုပေါင်းပြီး ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ထားသလို တဖက်မှာ ဒါတွေ အကောင်အထည်ပေါ်အောင် လက်တွေ့ပါဝင် ဆောင်ရွက်ကြဖို့လည်း လိုတယ်လို့ သတင်းထောက်တွေကို မနေ့ နှစ်ဆန်း ၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးက အထွက်မှာ ပြောခဲ့ပါတယ်။

“မျှော်လင့်တာပဲ။ ဒါပေမဲ့ အန်တီ အမြဲပြောတယ်မဟုတ်လား၊ မျှော်လင့်တယ်ဆိုတာ အလုပ်လည်း လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ မျှော်လင့်လို့မရဘူး။ ကြိုးစားရမှာပေါ့။ ကြိုးစားရင်းနဲ့ မျှော်လင့်သွားရမှာပေါ့။ မျှော်လင့်သွားရင်းနဲ့ ကြိုးစားရမှာပေါ့။”

နှစ်ဆန်း ၁ ရက်နေ့ကစတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုမှု လက်မှတ်ထိုးလှုပ်ရှားမှုဟာ အစိုးရသစ် ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှုတခုလို့ ပြောနိုင်ပါတယ်။ ဒီလှုပ်ရှားမှုမှာ အဖွဲ့ချုပ်တင်မဟုတ်ဘဲ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ ဖျက်သိမ်းခံ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေပါ စုပေါင်း ပါဝင်ထားပါတယ်။

အဝေးရောက် ညွန်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကတော့ နိုင်ငံတွင်း နိုင်ငံရေး တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ဖြစ်လာဖို့ ဆိုရင်တော့ လူထုနိုင်ငံရေး လမ်းစဉ်ဆိုတာ ခေါင်းဆောင်တွေက ချပေးဖို့လိုတယ်လို့ ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးဖို့ ဆိုတာ အဲဒီလို တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေကို ရောက်အောင် တွန်းပို့နိုင်တဲ့ လူထုနိုင်ငံရေးလမ်းစဉ် ရှိဖို့လိုတယ်။”

လူထုက လမ်းပေါ်ထွက်ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေ တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အကြမ်းဖက် ခြေမှုန်းတာတွေချည်းကိုပဲ ခံနေရတော့ အဲဒီနည်းလမ်းကရော တကယ်တမ်း အပြောင်းအလဲအတွက် အဆင်သင့် ရှိရဲ့လားခင်ဗျ။ -

“လူထု နိုင်ငံရေးလမ်းစဉ်ဆိုတာ ကျနော်တို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ တခုတည်း မဟုတ်ပါဘူး။ လူတဦးချင်းစီရဲ့ အခွင့်အရေးတွေ၊ လူတန်းစာ အလွှာတခုချင်းစီရဲ့ အခွင့်အရေးတွေ၊ အလုပ်သမား အခွင့်အရေးတွေ၊ လယ်သမား အခွင့်အရေးတွေ။ ဒါတွေ အများကြီး ချိုးဖောက်ခံနေရတာရှိတယ်။ ကျနော်တို့ ဒီမိုကရေစီရေး ဆန္ဒပြမှမဟုတ်ပါဘူး။ အဲဒီ တဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်လာတယ်။ မတရားတဲ့ အမိန့်အာဏာတွေနဲ့ ဖိနှိပ်လာတယ် ဆိုလို့ရှိရင် ဒါတွေကို တဦးချင်းမှာ ကျနော်တို့ အင်အားနည်းကောင်း နည်းပေမဲ့လို့ စုဖွဲ့မှုတွေ ရှိမယ်ဆိုရင် အင်အားကောင်းလာနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တရပ်ပါ။ ကျနော်တို့ အဆင့်ဆင့်မှာ ခေါင်းဆောင်တွေ ပျိုးထောင်ပေးဖို့ကလည်း လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။ ထိပ်ပိုင်းမှာ ကျနော်တို့ သတ္တိပြောင်တဲ့ ခေါင်းဆောင်တွေ ရှိယုံနဲ့ ကျနော်တို့ မလုံလောက်ပါဘူး။ အဆင့်ဆင့်မှာ ခေါင်းဆောင်တွေ ရှိပါတယ်။”

ဒီနေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ NLD မှာ အခုအခြေအနေက ရပ်တည်မှုဆိုင်ရာ အကန့်အသတ် ရှိပါတယ်။ ဆိုတော့ စည်းရုံးရေးဆိုင်ရာ အကန့်အသတ်လည်း ရှိပါတယ်။ ဒီအခြေအနေမှာ အခု လူထုနိုင်ငံရေး လမ်းစဉ်ဆိုတာ ပြောလာရရင် NLD ကရော အဲဒီလမ်းစဉ်အပေါ်မှာ ဦးဆောင်နိုင်တဲ့ အခြေအနေ၊ NLD အနေနဲ့ တကယ်တမ်း ဦးဆောင်မှု ပေးနိုင်ပါ့မလား။ -

“ဟုတ်ကဲ့။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါပြီ။ မြန်မာပြည် ဒီမိုကရေစီရဖို့ဆိုတာက သူတယောက်တည်း လုပ်လို့လဲ မရဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းလဲ လုပ်လို့မရပါဘူး။ သူ့အခန်းကဏ္ဍကနေ သူ ကပြဖို့လိုပါတယ်။ သူ့အလုပ်သူ လုပ်ဖို့လိုပါတယ်။ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အတွက် လုပ်ဖို့တွေရှိမယ်။ အဲဒီလုပ်ဖို့တွေအရ ပျော့ပြောင်းတဲ့နည်းဗျူဟာတွေ လုပ်ကောင်းလုပ်ရမယ်။ ဒါပေမဲ့လို့ ကျနော်တို့ လူငယ်တွေ၊ တခြား လူထုလူတန်းစားဆိုင်ရာ အစုအဖွဲ့တွေ၊ Network တွေ အများကြီး ရှိပါတယ်။ အဲဒီ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍမှာ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်သွားဖို့လိုပါတယ်။ ဘယ်သူဘယ်ဝှါက ညွှန်ကြားမှ၊ ဘယ်သူက ဦးဆောင်မှ၊ ဘယ်သူက အမိန့်ပေးမှဆိုလို့ မဖြစ်ဘူး။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာ သူ့သက်ဆိုင်ရာကဏ္ဍမှာ သူနဲ့ဆီလျော်တဲ့ နည်းပရိယာယ်တွေနဲ့ လှုပ်ရှားကြရတာဖြစ်ပါတယ်။”

ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်လို့ ပြီးခဲ့တဲ့ ထိုင်းနိုင်ငံမှာ အာဆီယံဝန်ကြီးတွေ ဆုံစဉ်မှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာကို အင်ဒိုနီးရှားဝန်ကြီးက သတင်းထောက်တွေကို ပြန်ပြောခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းမှာလည်း အမျိုးသား အကျိုးစီးပွားအတွက် လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် ဒီစကားတွေကို ဘယ်လောက် အကောင်အထည် ဖော်မလဲ၊ ဒီမိုကရေစီအတိုက်အခံတွေ ကတော့ ဒါကို သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG