သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ဖိအားပေးပြန်ခိုင်းမယ့်ကိစ္စ နိုင်ငံတကာ လက်မခံ


ဒုက္ခသည်တွေ ဖိအားပေးပြန်ခိုင်းမယ့်ကိစ္စ နိုင်ငံတကာ လက်မခံ
ဒုက္ခသည်တွေ ဖိအားပေးပြန်ခိုင်းမယ့်ကိစ္စ နိုင်ငံတကာ လက်မခံ

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်တာမျိုး ဖြစ်စေချင်တယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့နေတာတွေကို လျှော့ချစေချင်တယ်လို့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးက မကြာသေးခင်ကပဲ ပြောလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေကတော့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် လုံခြုံစိတ်ချရတဲ့အခြေအနေမှာ မရှိသေးဘူးလို့ ပြောနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ခိုက်နေကြတဲ့အခြေအနေတွေ မရှိတော့တဲ့အတွက် ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် အိမ်ပြန်ကြရေး ပြောဆိုဖို့ စပြီးစဉ်းစားသင့်ပြီလို့ ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆာမာ့တ် လွိုင်ဖာ (Samard Loyfar) က မကြာသေးခင်ကပဲ ပြောလိုက်တာပါ။ ဒ့ါအပြင် စခန်းတွေမှာ နေထိုင်နေသူတွေ အိမ်ပြန်ရေး ဆွဲဆောင် စည်းရုံးဖို့ ဥရောသမဂ္ဂ EU နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့အနေနဲ့ ဒုက္ခသည်တွေအတွက် သုံးစွဲနေတာတွေကို စတင်လျှော့ချမယ်ဆိုရင် ဒီအဖွဲ့တွေနဲ့ သူ လက်တွဲ လုပ်ဆောင်ချင်ပါတယ်လို့လည်း မစ္စတာ ဆာမာ့တ် ကဆိုပါတယ်။

ထောက်ပံ့တာကို ဖြတ်တောက်ပြီးတော့ ဒုက္ခသည်တွေအပေါ် ဖိအားပေးပြီး ပြန်စေတာမျိုးဟာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ပြန်ရတာမျိုး မဟုတ်တဲ့အကြောင်းနဲ့ UNHCR အနေနဲ့ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်စေချင်တဲ့အကြောင်း UNHCR ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးက အကြီးတန်း သတင်းပြန်ကြားရေးအရာရှိ မစ္စစ် ကစ်တီ မက်ကင်းဇီး (Kitty McKinsey) က ဗွီအိုအေကို ပြောပါတယ်။

“ထောက်ပံ့တာတွေကို လျှော့ချပြီးတော့ ဒုက္ခသည်တွေကိုဖိအားပေးတဲ့ဗျူဟာမျိုး လုံးဝမရှိဘူးလို့ ကျမ ပြောနိုင်မယ် ထင်ပါတယ်။ ဒါဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေ လုပ်ကိုင်တဲ့နည်းလမ်း မဟုတ်ပါဘူး၊ ကျမတို့ သုံးစွဲနေတာကို လျှော့ချပစ်ပြီးတော့ လူတွေကို ဖိအား ပေးတာဟာ UNHCR က လုပ်ကိုင်ဆောင်ရွက်တဲ့နည်းလမ်း လုံး၀ မဟုတ်ပါဘူး။”

ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အလှူရှင်နိုင်ငံတွေအားလုံးက ထောက်ပံ့ငွေတွေကို စနစ်တကျနဲ့ အကျိုးရှိရှိ သုံးစေချင်ပါတယ်လို့ မစ္စစ် ကစ်တီ မက်ကင်းဇီးက ပြောပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ဖာသာသူတို့ရွေးချယ်ချက်နဲ့ မြန်မာနိုင်ငံကို ပြန်တဲ့အခါမှာဖြစ်စေ၊ တတိယနိုင်ငံတခုခုမှာ ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ သွားသည်ဖြစ်စေ သူတို့ခြေထောက်ပေါ်မှာ သူတို့ ရပ်တည်နိုင်အောင်၊ သူတို့ရောက်တဲ့ နိုင်ငံအတွက် တတ်နိုင်သလောက် မျှေ၀ လုပ်ဆောင်နိုင်အောင် လိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ပေးတာမျိုးလို စီမံကိန်းတွေအပေါ် UNHCR နဲ့ တခြားအလှူရှင်နိုင်ငံတွေက မကြာသေးခင်နှစ်တွေအတွင်း ပို အာရုံစိုက် လုပ်ဆောင်လာခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ဆိုတာက သူတို့ရပ်ရွာတွေရှိတဲ့ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသတွေမှာ အခြေအနေက အရမ်းကို မတည်မငြိမ်ဖြစ်နေတုန်းပဲလို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ TBBC အဖွဲ့ရဲ့ ဒုတိယညွှန်ကြား ရေးမှူး မစ္စစ် ဆယ်လီ သွန်မ်ပ်ဆင်န် (Sally Thompson) က ပြောပါတယ်။

“စခန်းတွေထဲမှာရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ အခုအချိန်မှာ အိမ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာကို ထိုင်းအာဏာပိုင်တွေဘက်မှာ အစစ်အမှန် နားလည်မှုရှိထားတယ်လို့ ကျမထင်ပါတယ်။ ဒုက္ခသည်တွေရဲ့ အနာဂတ်အတွက် အဖြေမရှိဘဲနဲ့ သူတို့အတွက်ဝန်ဆောင်မှုတွေကို အလွယ်လေး လျှော့ချပစ်တာမျိုးဟာ တာဝန်မဲ့ရာကျပါလိမ့်မယ်။”

TBBC အဖွဲ့ဟာ နိုင်ငံ ၁၀ နိုင်ငံက အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ခု စုပေါင်းထားတဲ့အဖွဲ့ ဖြစ်ပြီး ဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ နေစရာနဲ့ စားနပ်ရိက္ခာမဟုတ်တဲ့ တခြားလိုအပ်ချက်တွေ ထောက်ပံ့ ကူညီနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးနဲ့ ဒုက္ခသည်ပဲဖြစ်ဖြစ် အိမ်ပြန်နိုင်ဖို့ဆိုတာ တကမ္ဘာလုံးမှာ တပြေးညီ စံနှုန်း သတ်မှတ်ချက် ရှိပါတယ်လို့ UNHCR က မစ္စစ် ကစ်တီ မက်ကင်းဇီးက ပြောပါတယ်။ သူစကားပြောခဲ့ဖူးသမျှ အာဖရိကတိုက်ကပဲဖြစ်ဖြစ်၊ အာရှတိုက်ကပဲ ဖြစ်ဖြစ် ဒုက္ခသည်တွေအားလုံးဟာ အမြဲတမ်း အိမ်ပြန်ချင်နေ ကြသူတွေ ဖြစ်ပါတယ်လို့လည်း သူကဆိုပါတယ်။

“တကမ္ဘာလုံးမှာကျင့်သုံးတဲ့ ကျမတို့ရဲ့စံနှုန်းကတော့ အိမ်ပြန်သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုး ဖြစ်ဖို့၊ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်တာမျိုးဖြစ်ဖို့ဆိုတာပါ။ ဥပမာအားဖြင့် မြေမြှုပ်မိုင်းတွေ မရှိရဘူး၊ ကျောင်းတွေရှိရမယ်၊ ရေရနိုင်တဲ့နေရာတွေရှိရမယ် ဆိုတာမျိုးတွေပါ။ အထူးသဖြင့်ကတော့ သူတို့ရဲ့ သာယာဝပြောမှုအခြေအနေကို စောင့်ကြပ် ကြည့်ရှုဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို အသိအမှတ်ပြု လေးစားမှု ရှိမရှိဆိုတာ သိနိုင်ဖို့အတွက် UNHCR အဖွဲ့ကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်ခွင့်ပြုရပါမယ်။ ဒါပေမဲ့ အခုအချိန်မှာ မြန်မာနိုင်ငံထဲက UNHCR ရဲ့ လုပ်ငန်းစီမံကိန်းတွေရှိတဲ့ နေရာတွေဆီတောင် ကျမတို့ သွားခွင့်မရပါဘူး။ ဒါကြောင့် အခုအချိန်ဟာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် အိမ်ပြန်ကြဖို့ သင့်တော်တဲ့ အချိန် ဖြစ်တယ်လို့ ကျမတို့ကတော့ မယူဆပါဘူး။”

ပြီးခဲ့တဲ့ မတ်လဒုတိယပတ်အတွင်း ဥရောပသမဂ္ဂ EU ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး မစ္စစ် ခရစ္စတာလီနာ ဂေါ်ဂီအဲဗာ (Kristalina Georgieva) ဟာ မယ်လဒုက္ခသည် စခန်းကို သွားရောက် ကြည့်ရှုခဲ့သလို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စစ် ခရစ္စတီး ကန်းနီ (Kristie Kenney) ဟာလည်း မတ်လကုန်ပိုင်းမှာပဲ အဲဒီ မယ်လစခန်းကို သွားရောက်ခဲ့ပါသေးတယ်။ ဒုက္ခသည်တွေအိမ်ပြန်ရေးကိစ္စဟာ မြန်မာနိုင်ငံတွင်းအခြေအနေတွေ တည်ငြိမ်ပြီး လုံခြုံစိတ်ချရမှုရှိမှ ဖြစ်နိုင်မယ်လို့ သူတို့နှစ်ယောက်စလုံးက ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံကဒုက္ခသည်တွေကို နေရပ်ရင်း အတင်းအကျပ်ပြန်ပို့တာမျိုး လုပ်မှာမဟုတ်ဘူးလို့တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်မ် (Kasit Piromya) က အာမခံပြောခဲ့တယ်လို့ သူနဲ့တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ EU ကော်မရှင်နာမင်းကြီးက ပြန်ပြောထားဖူးပါတယ်။

XS
SM
MD
LG