သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောဆို


ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောဆို
ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောဆို

ထိုင်းနိုင်ငံအတွင်း ရောက်လာကြတဲ့ ဒုက္ခသည်တွေကို အခြေအနေတွေ တည်ငြိမ်မှုမရှိမချင်း နေရပ်အတင်း ပြန်ပို့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံက ဒုက္ခသည် ၁၆၆ ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ် အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာကိစ္စနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို ကန့်ကွက်ခဲ့ပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေဘက်က အခုလို ပြောဆို လာတာပါ။ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒီကေဘီအေ တပ်တွေနဲ့ မြန်မာစစ်အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလဆန်းပိုင်းအချိန်ကစလို့ ထိုင်း-မြန်မာနယ်စပ် ဒေသတလျှောက် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာကြောင့် မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်းကို ထောင်နဲ့ ချီပြီး ထွက်ပြေးလာနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ အဲဒီ ဒုက္ခသည်တွေထဲက ၁၆၆ ဦးကို ဦးနှောက် အမြှေးယောင် ရောဂါ ကူးစက်မှာ စိုးရိမ်တဲ့အကြောင်းပြချက်နဲ့ ထိုင်းအာဏာပိုင်တွေဘက်က နှင်ထုတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေကြတဲ့ NGO အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို ဒုက္ခသည်တွေကို နေရပ်အတင်းပြန်မပို့ဖို့ ကန့်ကွက်ခဲ့ကြတာပါ။

ထိုင်းအစိုးရအနေနဲ့ကတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအခြေအနေတွေ စိတ်ချရတော့မှပဲ နေရပ်ကို ပြန်ပို့လေ့ ရှိပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန် ဝါတန်နာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ လုံခြုံရေးအခြေအနေတွေ စိတ်ချရပြီဆိုရင်၊ အခြေအနေတွေ ကောင်းမွန်ပြီဆိုရင်တော့ ဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ပြန်ပို့လေ့ရှိပါတယ်။ ထိုင်းအရာရှိတွေအနေနဲ့လည်း ဒီဒုက္ခသည်တွေကို ပြန်ပို့လို့ရှိရင် သူတို့အတွက် ဒုက္ခမရောက်နိုင်ဘူးဆိုတာ သေချာအောင် လုပ်ဆောင်ပြီးမှ ဒုက္ခသည်တွေကို ပြန်ပို့ပါတယ်။” လို့ပြောသွားတာပါ။

ဒီဇင်ဘာ ၂၅ ရက်နေ့က ဒုက္ခသည်တချို့ကို အတင်းအကျပ် ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေဘက်က စီစဉ်ခဲ့တဲ့ ကိစ္စကို မေးကြည့်တဲ့အခါမှာတော့ ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေ လုံခြုံ စိတ်ချမှု ရှိစေရမယ်ဆိုတဲ့ မူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်လို့ မစ္စတာ ပါနိတန်က ပြောပါတယ်။

“နယ်စပ်ဒေသမှာ နေထိုင်ကြသူတွေရဲ့ လုံခြုံ စိတ်ချရမှုရှိရေးဆိုတဲ့ မူဝါဒကို ထိုင်းအစိုးရအနေနဲ့ အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ တခါတလေဖြစ်တဲ့အခါ ဒီ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ထိုင်းအရာရှိတွေက ဆောင်ရွက်တာမျိုးတော့ ရှိပါတယ်။ ဒီမူဝါဒကို လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ကျင့်သုံး လာတာလည်း နှစ်ပေါင်းများစွာ ရှိနေပါပြီ။” လို့ပြောသွားတာပါ။

ဒုက္ခသည်တွေ အခုလို အတင်းအကျပ် ပြန်ပို့ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေ သိရှိနိုင်အောင် အာဏာပိုင်တွေအနေနဲ့ ကြိုးပမ်းနေပါတယ်လို့လည်း မစ္စတာ ပါနိတန်က ပြောပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်တာကြောင့် အခု မြန်မာနိုင်ငံဘက်ကရောက်လာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးမထားတဲ့အတွက် ဒီလူတွေကို ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအနေနဲ့ အသိအမှတ် မပြုပါဘူး။ ဒါပေမဲ့ လူသားချင်း စာနာတဲ့အနေနဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ချိန်ကိုက်ပြီးတော့ ထိုင်းအစိုးရအနေနဲ့ ကိုယ်ပိုင် ဒုက္ခသည်များဆိုင်ရာ မူဝါဒကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။” - လို့ ပြောသွားတာပါ။

လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဒုက္ခသည် ၁၆၆ ယောက် ပြန်ပို့တဲ့ကိစ္စ မဖြစ်ပေါ်ခင်ကတည်းက ထိုင်းအစိုးရနဲ့ UNHCR အကြား ဒုက္ခသည်တွေ ကူညီရေးဆိုင်ရာကိစ္စတွေမှာ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ အခုဖြစ်သွားတဲ့ ဒုက္ခသည်တွေ ပြန်ပို့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း UNHCR နဲ့ တိုက်ရိုက် စကား ပြောနေပြီး အခြေအနေ အဖြစ်မှန်ကို သိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေဖက်က စုံစမ်းစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဒုက္ခသည်တွေပြန်လို့ရနိုင်တဲ့အခြေအနေ မဟုတ်သေး တာကြောင့် ဒုက္ခသည်တွေကို နေရပ် အတင်းအကျပ် ပြန်မပို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထိုင်းအစိုးရကို ဝိုင်းဝန်းတောင်းဆိုနေကြတာပါ။

XS
SM
MD
LG