သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် သဘောထား


နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တနေ့မှာပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးကို လူထုကသာ ဆုံးဖြတ်ရမယ်လို့ ပြောခဲ့တာပါ။
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တနေ့မှာပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးကို လူထုကသာ ဆုံးဖြတ်ရမယ်လို့ ပြောခဲ့တာပါ။

နိုဝင်ဘာ ၂၂၊ ၂၀၁၀- စစ်အစိုးရအပေါ် ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းတွေ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

အချေအတင် ပြောစရာဆိုစရာ ဖြစ်နေရတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့၊ မြန်မာနိုင်ငံသားတွေ ဆန္ဒအတိုင်းသာ ဖြစ်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ ဆိုတာဟာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိရလိမ့်မယ်လို့ ဖမ်းဆီးရာက ပြန်လွတ်လာချင်း ဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရပ်တည်ချက် သဘောထားနဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေရဲ့ အဆိုးအကောင်းတွေအပေါ် မြန်မာ့အရေး အကဲခတ်တွေရဲ့ သုံးသပ်ချက် အမြင်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိတဲ့ အခြေအနေတွေကြောင့် မြန်မာစစ်အစိုးရ အပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို နှစ်အတော်ကြာကြာကစပြီး ပြဋ္ဌာန်းလာခဲ့တာပါ။ အထူးသဖြင့်ကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့နောက် အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှု နည်းလမ်း အမျိုးမျိုးအဖုံဖုံ ချမှတ်ထားတာ အနှစ် ၂၀ လောက် ရှိလာခဲ့တဲ့ အချိန်မှာတော့ ဒါတွေဟာ အစောပိုင်း မျှော်မှန်းထားခဲ့ကြသလို စစ်အစိုးရအပေါ် ဖိအားတွေ ဖြစ်မလာပဲ၊ လူထုကိုသာ ထိခိုက်စေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တနေ့မှာပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသင့်မသင့် ဆိုတာ လူထုအဆုံးအဖြတ်သာ ဖြစ်ရမယ်လို့ ပြောခဲ့တာပါ။
“ပြည်သူတွေကနေပြီးတော့ ခိုင်မာတဲ့ အကြောင်းရပ်တွေနဲ့ Sanctions (ပိတ်ဆို့ဒဏ်ခတ်မှု) ကို ဖျက်စေချင်ပါတယ်ဆိုရင် ဖျက်မယ်။ ခိုင်မာတဲ့ အကြောင်းရပ်တွေနဲ့ ဖြစ်ရမယ်။”

လက်တလော ပြဋ္ဌာန်းထားတဲ့ ဒဏ်ခတ်မှုတွေမှာတော့ အမေရိကန် နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အသစ်လုပ်တာတွေကို တားမြစ်တာတွေ၊ စစ်အစိုးရနဲ့ ဆက်နွယ် ပတ်သက်သူတွေ အစိုးရပိုင် လုပ်ငန်းတွေရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုမှာ လုပ်ဆောင်ခွင့် မပြုတာတွေ ပါဝင်ပါတယ်။ ဥရောပ သမဂ္ဂ (အီးယူ) ကလည်း အလားတူ ပိတ်ဆို့မှုတွေနဲ့အတူ စစ်အစိုးရကို လက်နက်ရောင်းချတာတွေ မလုပ်ဖို့၊ စတာတွေကိုပါ တားမြစ်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး စီးပွားရေး၊ သံတမန်ရေး ဒဏ်ခတ် အရေးယူမှုတွေကို လိုက်ပါ လုပ်ဆောင်လာကြတဲ့ အထဲမှာတော့ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေလည်း ပါဝင်လာခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီလုပ်ရပ်တွေဟာ တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေဖို့ အထောက်အကူ မဖြစ်ဘူးလို့ဆိုပြီး ပြန်ပြောင်းသုံးသပ်ဖို့ တိုက်တွန်းသူတွေလည်း ရှိလာပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် ကတော့ ဒီဝေဖန်ချက်တွေဟာ လက်တွေ့မကျဘူးလို့ သူ့အယူအဆကို ပြောပါတယ်။
“၁၉၉၇ မှာ ကလင်တန် လုပ်ခဲ့တဲ့ Sanctions ၂၀၀၃ မှာလုပ်ခဲ့တဲ့ Sanctions ပြီးတော့ အခု ၂၀၀၇ သံဃာတော်များ အရေးအခင်း နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ Jade Act လို့ခေါ်တဲ့ Sanctions ၂၀၀၇-၂၀၀၈ မှာ လုပ်ခဲ့တဲ့ Sanctions ပေါ့။ ပုဂ္ဂိုလ်တဦးချင်းစီ ပြစ်မှတ်ထား လုပ်ခဲ့တဲ့ ပိတ်ဆို့မှု၊ ပြီးတော့ Blanket Sanctions လို့ခေါ်တဲ့ အားလုံးကို ပိတ်ဆို့တဲ့ အရေးယူမှုပေါ့လေ။ အဲဒီမှာ ကျနော်ထင်ပါတယ် တဦးချင်းစီကို ပိတ်ဆို့တဲ့ဟာတွေ၊ စစ်အစိုးရ ဗိုလ်ချုပ်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပိတ်ဆို့တာတွေက ထိရောက်မှုတွေ ရှိပါတယ်။ ထိရောက်မှုတွေ ရှိတဲ့အတွက်ကြောင့်လည်း သူတို့က ဒီ Sanctions ကို ပြန်ပြီးတော့ ရုပ်သိမ်းဖို့ တောင်းဆိုနေတာပါ။ သူတို့က ဒါကို တကယ်လို့များ ထိရောက်မှု မရှိဘူးဆိုရင်၊ ဒါကို တောင်းဆိုစရာလည်း မလိုပါဘူး။ နောက်တခု နားလည်ဖို့က Sanctions အလုပ်မဖြစ်ဘူးလို့ ပြောတဲ့လူတွေ ကိုယ်တိုင် ပြန်ပြီး သိဖို့က အမေရိကန် အစိုးရကနေပြီးတော့မှ ချမှတ်ထားတဲ့ Sanctions တွေက ၂၀၀၈ Sanctions ဆိုရင် ဥပဒေအရပဲ ပြဋ္ဌာန်းတာပဲ ရှိပါသေးတယ်။ အဲဒီ Sanctions ကို အဓိက အကောင်အထည်ဖော်ခြင်း မရှိသေးဘူးဆိုပြီး ကျနော်တို့ သိထားပါတယ်။ ဒါကြောင့် အကောင်အထည်လည်း မဖော်ရသေးပဲနဲ့ ဘာကြောင့် Sanctions ကို အလုပ်မဖြစ်ဘူးလို့ ပြောနေကြတာလဲ ဆိုတာက ကျနော်ထင်တယ် ရယ်စရာကောင်းတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရ ကိုယ်တိုင်နဲ့ ပိတ်ဆို့ အရေးယူမှုတွေကို သဘောမတူကြသူတွေကတော့ ဒဏ်ခတ်မှုတွေဟာ အင်အားကြီးနိုင်ငံတွေက ကြီးနိုင်ငယ်ညှင်း လုပ်ရပ်အဖြစ်၊ တိုင်းပြည်တိုးတက်မှုတွေကို ထိခိုက်စေတဲ့ လုပ်ရပ်အဖြစ်နဲ့ ဒါတွေကို ရုပ်သိမ်းသင့်တဲ့ အကြောင်းလည်း ပြောဆိုနေကြတာပါ။ ဒါပေမဲ့လည်း စစ်တပ် လွှမ်းမိုးနေတဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ ပြဿနာတွေဟာ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ရုံနဲ့တောင် ပြေလည်သွားစရာ မရှိဘူးလို့ ဗြိတိန်နိုင်ငံမှာရှိတဲ့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေးတက္ကသိုလ်က အကြီးတန်း သုတေသန ပညာရှင် ဒေါက်တာ ဇာနည် ကတော့ မြင်ပါတယ်။
“အခုလက်ရှိ အနေအထားမှာတော့ ကျနော်မြင်တာက စီးပွားရေး ပိတ်ဆို့မှု ဆက်လုပ်လုပ်၊ ရုပ်သိမ်းရုပ်သိမ်း ဒီလောက်ကြီး သိပ်ပြီးတော့ ထူးခြားမှာ မဟုတ်ဘူး။ ဒါပြည်သူတွေ အနေနဲ့ ပြောတာနော်၊ ပြည်သူတွေရဲ့ စားဝတ်နေရေးတို့၊ တိုးတက်ရေးတို့၊ နိုင်ငံရေး အတွေးအခေါ် တက်လာရေးတို့။ ဘာကြောင့်ဒီလိုပြောတာလည်းဆိုတော့ ကျနော်တို့ တကယ့်ပြဿနာက ရာစုနှစ် ထက်ဝက်လောက်နီးနီးဟာ မြန်မာပြည်က ကိုလိုနီ နှစ်ထပ်ကွမ်းဖြစ်လာတယ်။ ပြည်သူကလည်း လက်ရှိ အုပ်ချုပ်နေတဲ့ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ဖိနပ်အောက်မှာ နေရတဲ့ ကိုလိုနီဘဝမှာ ရောက်နေတယ်။ နောက်ပြီး ဒီတိုင်းရင်းသားတွေ အနေနဲ့ ဆိုလို့ရှိရင်လည်း လွတ်လပ်ရေး ရကတည်းက အင်္ဂလိပ်ကိုလိုနီ ဘဝကနေပြီးတော့ ရှင်းရှင်း ပြောလို့ရှိရင်တော့ ကျနော်တို့ ဗမာလူမျိုး၊ ကျနော်လည်း ဗမာတယောက်ပါပဲ၊ ကျနော်တို့ မြန်မာပြည်နဲ့ မြန်မာစစ်တပ်ရဲ့ ကိုလိုနီလက်အောက်ကို တိုင်းရင်းသားတွေက ရောက်သွားတယ်။ အဲဒီစနစ်ကို ကျနော်တို့က အရင်းအမြစ် ပြဿနာလို့၊ ကိုလိုနီ အနေအထားလို့ မမြင်နိုင်ဘူးဆိုရင် ကျနော်တို့က သူများလုပ်တဲ့ Sanctions လုပ်တာပဲဖြစ်ဖြစ်၊ ရင်းနှီးမြုပ်နှံမှု လာတာပဲဖြစ်ဖြစ်၊ တရုတ်နဲ့ အိန္ဒိယက ထောက်ခံတာပဲဖြစ်ဖြစ် အဲဒီဟာတွေကို ကျနော်တို့က လက်ညှိုးထိုးပြီးတော့ အပြစ်တင်နေမှာပဲ။ တကယ့်ပြဿနာက နေပြည်တော်မှာ၊ တကယ့်ပြဿနာက ကျနော်တို့ တိုင်းပြည်ထဲမှာ။”

တကယ်တော့ မြန်မာစစ်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုနေပေမဲ့လည်း လက်တွေ့မှာတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေကြောင့် ဒဏ်ခတ်မှုတွေဟာလည်း တိုးလို့သာ လာနေတာပါ။ အထူးသဖြင့်ကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလထဲမှာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ခဲ့တာတွေကြောင့် နောက်ထပ် ဒဏ်ခတ်မှုတွေနဲ့သာ ထပ်ပြီး ကြုံခဲ့ရတာပါ။

စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုပြီး နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွေ ကျင်းခဲ့ပေမဲ့လည်း လွတ်လပ်ပြီး၊ တရားမျှတမှုလည်းမရှိ၊ နိုင်ငံရေး လွတ်လပ်ခွင့်တွေလည်းမရှိ ဖြစ်နေဆဲလို့ မြင်ကြတဲ့ အမေရိကန်လို ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေ အနေနဲ့ကတော့ လက်ရှိ မူဝါဒတွေမှာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG