သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်သုံ့ပန်း ၃၀ KIA လွဲှပြောင်းမည်


မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၂)။
ကချင်ပြည်နယ်အတွင်းက KIA ကချင်လွတ်မြောက်ရေး တပ်တွေနဲ့ မြန်မာတပ်တွေအကြား ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကေအိုင်အေ ဘက်က ဖမ်းဆီးထားတဲ့ မြန်မာဘက်က တပ်နဲ့ ရဲ စုစုပေါင်း စစ်သုံ့ပန်း ၃၀ ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကနေ တဆင့် ပြန်လွှတ်ပေးဖို့ စီစဉ်နေတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုယ်စားလှယ်အချို့ ကချင်ဒေသ လိုင်ဇာကို သွားရောက်ပြီး၊ ကေအိုင်အေ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဒီ အစီအစဉ် ဖြစ်လာတယ်လို့ ပြောရမှာပါ။ ကချင်ဘက်က ဖမ်းထားတဲ့ စစ်သုံ့ပန်း ၃၀ ပြန်လည် လွဲှပြောင်းဖို့ကိစ္စကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကနေ အစိုးရ အာဏာပိုင်တွေဘက်ကို အကြောင်းကြား ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ သူတို့ ကြိုးပမ်း ဆောင်ရွက်ချက်တွေထဲက ဒါဟာ အစိတ်အပိုင်းတရပ် ဖြစ်ပြီး၊ ရှေ့ဆက် နှစ်ဘက် အပစ်အခတ်တွေ အရှိန်လျော့ကျသွားမယ်လို့တော့ မျှော်လင့်ထားတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင် ကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကေအိုင်အေ ဘက်မှာ ရောက်ရှိနေတဲ့ ထိန်းသိမ်းထားတဲ့ မြန်မာ တပ်မတော်သားတွေကို ပြန်ပြီး လွှဲပြောင်းပေးဖို့ ဆိုပြီးတော့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ကျနော်တို့က ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်တွေ ဆက်ပြီး ထွက်ပေါ်လာဖို့အတွက်ပေါ့လေ၊ ဒါကို ကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ညှိနှိုင်း ဆောင်ရွက်နေပါတယ်။”

အဲဒါက ညှိနှိုင်းလို့ရတဲ့ သဘောမျိုးလား၊ ဒါမှမဟုတ် တဘက်က ကမ်းလှမ်းတာလား။ -

“ကျနော်တို့က အရင်ကတည်းက ကေအိုင်အေ လက်ထဲမှာ ထိန်းချုပ်ထားတဲ့ မြန်မာ တပ်မတော်သားတွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ ပထမ တခေါက်မှာကတည်းက သိခဲ့ရပါတယ်။ အခုကတော့ ကျနော်တို့ဆီကတဆင့် ပေါ့လေ၊ ဒီလိုမျိုး ပြန်ပြီး လွှဲပြောင်းပေးဖို့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ ဒီဘက်က တပ်မတော်ဘက်ကလည်း စနစ်တကျ ဒါကို လွှဲပြောင်းလက်ခံနိုင်ဖို့အတွက် အဲဒီမှာရှိတဲ့သူတွေရဲ့ အမည်စာရင်း၊ တပ်ရင်းတပ်မတွေရဲ့ နံမည်ပေါ့လေ၊ အကုန်လုံး အဲဒါကို ကျနော်တို့ အချက်အလက် စုဆောင်းပြီးတော့ ဒီဘက် တာဝန်ရှိသူတွေကို ဆက်ပြီး ညှိနှိုင်းသွားမှာပါ။”

အဲဒါက ဖမ်းဆီးထားတဲ့ သူက အကုန်ပဲလား။ -

“အခုဟာက ကျနော်တို့က အယောက် ၃၀ လို့ သိရတော့ အသေးစိတ်ကိုတော့ ကျနော်တို့ ကိုမြအေး တို့ ပြန်လာလာတဲ့ အခါကျတော့မှ ကျနော် ကိုမြအေး တို့နဲ့ ဆွေးနွေး ညှိနှိုင်းပြီးတော့ အခုနောက်ဆုံး သိခဲ့ရတဲ့ အချက်အလက်တွေနဲ့ ကျနော်တို့ ဒီမှာ တာဝန်ရှိသူတွေနဲ့ ဆက်ပြီးတော့ ညှိနှိုင်းသွားမှာပါ။”

အခုဟာက ကေအိုင်အေ နဲ့ မြန်မာအစိုးရကြားမှာ ရှိနေတဲ့ တင်းမာမှုကို ဘာပဲဖြစ်ဖြစ် ၈၈ က ဝင်လုပ်ပေးတော့ သုံ့ပန်းတွေ ပြန်လွတ်လာတယ်။ နောက် ရှေ့ဆက်ပြီးတော့ရော ဘယ်လောက်ထိ ကြားဝင် ဆောက်ရွက်သွားနိုင်မယ့် အလားအလာ ရှိလဲ။ -

“ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက အင်မတန် သိမ်မွေ့ပါတယ်။ နောက်တခုကလည်း ဒီ တိုင်းရင်းသား တန်းတူညီမျှရေး၊ ပြည်တွင်းစစ် ဆိုတဲ့ ကိစ္စကြီးကလည်း ကျနော်တို့ အသက်ထက် ကြီးတယ်၊ ဒီဖြစ်လာတဲ့ ကာလကြီးက။ အဲဒီတော့ အခု ကျနော်တို့ ခေတ်၊ ကျနော်တို့ အချိန်မှာ တတ်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဝင်ပြီး ဆောင်ရွက်တဲ့နေရာမှာ အတတ်နိုင်ဆုံး သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ သိဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ကျနော်တို့က ကေအိုင်အေ ဘက်က အမြင်သဘောထားတွေ၊ လူထုရဲ့ ခံစားချက်တွေ၊ နောက် မြေပြင် အခြေအနေပေါ့လေ၊ နောက်တခါ ဒေသခံပြည်သူတွေရဲ့ သူတို့ရဲ့ ဆန္ဒ၊ သဘောထားတွေ၊ နောက် တပ်မတော်ဘက်က အမြင် သဘာထားတွေ၊ အဲဒါတွေ အားလုံးကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ပိုပြီး ချောမွေ့မယ်လို့ နားလည်တယ်။ ကျနော်ကတော့ အပြစ်မဲ့ အရပ်သားတွေ ဒုက္ခရောက်တာကို ရှောင်နိုင်ဖို့ကတော့ အနိမ့်ဆုံးအဆင့်ကတော့ ကျနော်တို့ ဒီအချိန်မှာ စစ်တွေ လျှော့ရမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်နိုင်ဖို့ အတွက်ကို ကျနော်တို့ နှစ်ဘက်စလုံးကို တိုက်တွန်းသွားမှာပါ။ ယာယီ စစ်တွေ လျှော့ချတဲ့အဆင့်ကနေပြီးတော့ အပစ်အခတ် ရပ်စဲတဲ့အဆင့်၊ နိုင်ငံရေး ဆွေးနွေးတဲ့အဆင့်၊ နောက်ဆုံး ကျနော်တို့ ဆွေးနွေးတဲ့ ရလဒ်တွေကို အားလုံး ပါဝင်ပြီး ညှိနှိုင်း ဖြေရှင်းနိုင်တဲ့၊ အများပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ညီလာခံကြီး အဆင့်အထိ အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပဋိပက္ခမှာ ပါဝင်နေတဲ့ သူတွေအားလုံးက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပြီးတော့ လက်တွေ့ကျကျနဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု အနည်းဆုံး ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ ကျနော် အဓိက တိုက်တွန်း ချင်တာပါ။”

ကချင်ဘက်က စစ်သုံ့ပန်း ၃၀ ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းထားတာကို အစိုးရဘက်က လက်ခံ ရရှိထားတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကနေ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကို ဆက်သွယ် အကြောင်းကြားလာတာကြောင့်၊ အာဏာပိုင်တွေဘက်က လက်ခံဖို့ ညှိနှိုင်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း ကေအိုင်အေဘက် ဝန်ကြီးဦးအောင်မင်းကို စစ်သုံ့ပန်း ၂၀ ကျော် လွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးပြီး၊ နောက်ပိုင်းမှာ လက်တွေ့ ဖြစ်မလာခဲ့ဘူးလို့လည်း သိရပါတယ်။ ကချင်ပြည်နယ် ဘက်မှာတော့ မနေ့ကတည်းက တိုက်ပွဲအခြေအနေတွေ အတန်ငယ် လျော့ပါးလာတယ်လို့ သိရပါတယ်။
XS
SM
MD
LG