ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) ရဲ့ နောက်ဆုံး ဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အရင်ကနှစ်တွေအတိုင်းပဲ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။့
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အစိုးရ နောက်နှစ်တက်လာတဲ့အခါ ဘိန်းထုတ်လုပ်မှုကို သက်ရောက်မှုရှိစေမယ့် မူဝါဒတွေ ချမှတ်ဖို့ ကြိုးစားရာမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံရမှာဖြစ်တယ်လို့ UNODC က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့က ပေးပို့ထားတဲ့ သတင်းကို ကိုရဲခေါင်က တင်ပြထားပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) ဟာ မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအတွက် နောက်ဆုံးထုတ် စစ်တမ်းကို အင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေဟာ ဘိန်းစိုက်ပျိုးမှုရဲ့ နောက်ကွယ်က တွန်းအားတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNODC ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရှေ့တောင်အာရှရဲ့ ဘိန်းထုတ်လုပ်မှုဟာ တဖြည်းဖြည်း တိုးလာနေပြီး၊ ၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ပမာဏထက် သုံးဆကျော်လောက်အထိ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှမှာ ဘိန်းထုတ်လုပ်မှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ထုတ်လုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
UNODC ရဲ့ အရှေ့တောင်အာရှ ကိုယ်စားလှယ် Jeremy Douglas က အချို့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု တိုးနေရတဲ့ အကြောင်းရင်းကို ခုလို ပြောပြပါတယ်။
“စီးပွားရေးအခြေအနေကြောင့် ခုလို ဖြစ်ရတာပါ။ လူမှု-စီးပွားရေး စစ်တမ်းတွေအရ ဘိန်းစိုက်လို့ ဝင်ငွေ ပိုရတာရယ်၊ ဆင်းရဲမွဲတေမှုရယ် ဒီအခြေအနေ နှစ်ခုက အဓိက တွန်းအားဖြစ်နေတယ်လို့ သိရပါတယ်။ ဒါက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဆင်းရဲပြီး အခြားဝင်ငွေရှာစရာ နည်းလမ်းမရှိတဲ့ အခြေအနေမှာ ဘိန်းစိုက်တာကနေ မြင့်မားတဲ့ ဝင်ငွေတွေ ရနေကြတာပါ။ သူတို့ဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် တရားဝင်တဲ့ နည်းလမ်းနဲ့ ဝင်ငွေရှာနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့် ဘိန်းစိုက်ပျိုးဖြစ်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းက မိသားစု စားဝတ်နေရေးအတွက်ပါ။”
UNODC ရဲ့ စစ်တမ်း အစီရင်ခံစာအရ ၂၀၁၃ ခုနှစ်က မြန်မာတနိုင်ငံလုံးမှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၅၇၈၀၀ ရှိပြီး၊ ၂၀၁၄ ခုနှစ်မှာ ဟက်တာ ၅၇၆၀၀ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၄ ရာခိုင်နှုန်းကျဆင်းသွားပြီး၊ ဟက်တာ ၅၅၅၀၀ ရှိနေပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု အားလုံးရဲ့ ၉၁ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှာ ရှိပြီး၊ ပြည်နယ် တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်း၊ ပြည်နယ်အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်းနဲ့ ပြည်နယ်မြောက်ပိုင်းမှာ ၁၇ ရာခိုင်နှုန်းရှိနေတာပါ။ အစီရင်ခံစာအရ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားတာ မရှိပဲ၊ ကျန် ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ ကျဆင်းသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံမှာတော့ ဘိန်းကို နိုင်ငံမြောက်ပိုင်း Phong Sali နယ်မှာ အများဆုံး စိုက်ပျိုးပြီး ဟက်တာ ၆၀၀၀ အောက်မှာပဲ ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာနဲ့ လာအို နှစ်နိုင်ငံပေါင်း ထုတ်လုပ်မှုက တစ်ကမ္ဘာလုံး ဘိန်းထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းရှိနေပြီး၊ ကျန်အများစုကိုတော့ အာဖဂန်နစ္စတန်ကနေ ထုတ်လုပ်နေတာပါ။
မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ခုလို ပဋိပက္ခဖြစ်နေတဲ့ အခြေအနေကြောင့် အချို့ဒေသတွေမှာ ဘိန်းထုတ်လုပ်မှု နှစ်ဆတိုးလာတယ်လို့ ဒေါက်ကလပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဟာ အပစ်အခတ် အတိုက်အခိုက်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးခဲ့ကြပြီး၊ ပြီးခဲ့တဲ့အပတ်က မြန်မာ့ လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည်တပ်မတော် (SSA) တို့ဟာ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိပါဘူး။
ဘိန်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ရှာဖွေနေတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတဲ့ အဓိက အစိုးရဌာနတွေဟာ နိုင်ငံထဲမှာ သြဇာအာဏာရှိဆဲဖြစ်တဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုတွေ ရှိနေမှာပါ။ မြန်မာနိုင်ငံ အစိုးရထဲက ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်သူတွေအနေနဲ့ စဉ်းစားရမှာက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ အခြား အစိုးရဌာနတွေမှာ သူမကို ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့်ပေးမလဲ ဆိုတာကိုပါ။”
ဒေသတွင်းမှာ ဘိန်းနဲ့ ဟီးရိုးအင်း ရောင်းဝယ်တဲ့ ဈေးကွက်ဟာ ဒေါ်လာ ၂၀ ဘီလီယံလောက်အထိ တန်ဖိုးရှိပြီး၊ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က ဝယ်လိုအားကို အမှီပြုနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကုလသမဂ္ဂနဲ့ အလှူရှင်နိုင်ငံတွေဟာ ဘိန်းစိုက်တောင်သူတွေအတွက် အခြားဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေ ဖန်တီးပေးဖို့ ကြိုးစားနေစဉ်မှာပဲ၊ မက်သာဖက်တမင်းနဲ့ အခြား ဓာတုဗေဒနည်းနဲ့ ချက်လုပ်တဲ့ စိတ်ကြွရူးသွပ်ဆေး သုံးစွဲတာလိုမျိုး နောက်ထပ် စိန်ခေါ်မှုအသစ်တွေ ပေါ်ထွက်လာနေတယ်လို့ UNODC အဖွဲ့က ဒေါက်ကလပ်က ပြောပြခဲ့ပါတယ်။