မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာလ ၇ ရက်နေ့မှာလုပ်မယ့် ရွေးကောက်ပွဲတွေဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဖြစ်တောင့်ဖြစ်ခဲ လုပ်မှာမိုလို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံးပါဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဆက်ပြီး ရှိနေဦးမယ်လို့ နိုင်ငံတကာက လေ့လာရေးအဖွဲ့တခုနဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တဖွဲ့တို့က ဆိုလိုက်ပါတယ်။ TNI လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာ သုတေသနနဲ့ မူဝါဒလေ့လာရေး အကြံပေးအဖွဲ့ Burma Centrum Netherlands (BCN) လို့ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် နယ်သာလန်နိုင်ငံမှာ အခြေစိုက်နေတဲ့အဖွဲ့တို့ကတော့ မြန်မာ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင် မနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်မှုမရှိတာ ဘာကြောင့်လဲလို့ ပြောထားတာကို ကိုဝင်းမင်းက တင်ပြထားပါတယ်။
ဒီလို အားလုံး ပါဝင်မှုမရတာဟာ အဓိက အချက်ကြီး ၃ ချက်ကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာက ရှင်းပြထားပါတယ်။ အဲဒါတွေကတော့ ပါတီစာရင်းသွင်းမှုဆိုင်ရာ တင်းကျပ်တဲ့စည်းကမ်းတွေ၊ အမတ်လောင်း စာရင်းသွင်းဖို့ ကုန်ကျစရိတ် ကြီးမားမှုနဲ့ စည်းရုံးမှုကာလ တိုတောင်းလွန်းတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကြီး ၃ ချက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ပြီး စစ်အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အပြတ်အသတ် တပန်းသာသွားအောင် လုပ်ပေးလိုက်တယ်လို့ ပါတီများစွာက မကျေမနပ် ပြောကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို လုပ်လိုက်တာကြောင့် အစိုးရပါတီက တနိုင်ငံလုံးအပြည့် အမတ်နေရာ ၁,၂၆၃ ခုမှာ စာရင်းတင်သွင်းခဲ့ပါတယ်။
၁၉၈၈ ခုနှစ် မတိုင်ခင် အစိုးရဟောင်းရဲ့ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အပြည့်နီးပါး အမတ် ၁,၀၀၀ နီးပါး စာရင်းတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၀င်ပြိုင်တဲ့ပါတီပေါင်း ၃၂ ခုထဲက တ၀က်ကျော်ကျော်ဟာ အမတ် ၁၁ ဦး၊ ဒါမှမဟုတ် ၁၁ ဦးထက်နည်းပြီး စာရင်းသွင်းနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင်တော့ ၁ ရာခိုင်နှုန်းထက် နည်းပါတယ်။
အမတ်နေရာ ၁၀ ရာခိုင်နှုန်းကျော် ၀င်ပြိုင်နိုင်တာဟာ ပါတီ လေးခုပဲ ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အစိုးရနဲ့ အစိုးရနဲ့ ပတ်သက်နေတဲ့ပါတီတွေဘက်က အခုလို အပြတ်အသတ် အသာရသွားအောင် လုပ်လိုက်တာကြောင့် ရွေးကောက်ပွဲနေ့မှာ တရားမျှတရင်တောင်မှ ဒီအစိုးရပါတီတွေကပဲ နောင်အစိုးရကို ထိန်းချုပ်သွားမှာပါလို့ ဒီအစီရင်ခံစာက ခန့်မှန်းထားပါတယ်။
ဒီတင်းကျပ်တဲ့ ဥပဒေတွေကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ခုလို လုပ်လိုက်တာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်တွေ အနေနဲ့ အနိုင်ရဖို့ အားနည်းသွားနိုင်စေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
နောက်တခု အစီရင်ခံစာမှာ ဖော်ပြထားတာက တိုင်းရင်းသားပါတီတချို့ကို ပါဝင်ခွင့်မပြုတာ အထူးသဖြင့် ကချင်ပါတီတွေကို ပါတီအနေနဲ့ရော၊ တဦးချင်းအမတ်တွေ အနေနဲ့ပါ ပါဝင်ခွင့်မပြုတာနဲ့ တိုင်းရင်းသား နယ်မြေအများစုမှာ ရွေးကောက်ပွဲတွေ မလုပ်နိုင်တာကြောင့် ဒီရွေးကောက်ပွဲဟာ တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ဒါ့အပြင် နိုင်ငံရေးအရ မဆွေးနွေးဘဲ အတင်းအကျပ် နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ပဲ လုပ်နေတဲ့အတွက် တင်းမာမှုတွေ ပိုများလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။