သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာထွန်းရှင် ရှေ့နေချုပ်အဖြစ် အရွေးခံရ


ဒေါက်တာထွန်းရှင် ရှေ့နေချုပ်အဖြစ် အရွေးခံရ
ဒေါက်တာထွန်းရှင် ရှေ့နေချုပ်အဖြစ် အရွေးခံရ

မြန်မာနိုင်ငံမှာ လက်ရှိဒုတိယရှေ့နေချုပ် တာဝန်ယူထားသူ ဒေါက်တာထွန်းရှင်ကို ပြည်ထောင်စုရှေ့နေချုပ် အဖြစ် ခန့်အပ်ဖို့အတွက် ရွေးချယ်ခံသမ္မတက အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဒေါက်တာထွန်းရှင် ဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာမှာ အပြင်းအထန် ခုခံကာကွယ်ပြောဆိုသူ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုအလားအလာ ဘယ်လိုမျှော်လင့်လို့ ရနိုင်ပါသလဲ။ ဒီကနေ့ လွှတ်တော်မှာပဲ မနေ့တုန်းက အဆိုတင်သွင်းခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်ဖို့ကိုလည်း အတည်ပြုလိုက်ပါပြီ။ အပြည့်စုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒေါက်တာထွန်းရှင်ဟာ လက်ရှိမှာ ဒုတိယရှေ့နေချုပ်တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်မှာ ပါခဲ့သလို မြန်မာစစ်အစိုးရဖွဲ့စည်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မတီ မှာလည်း အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစမှာ မနေ့တုန်းက အမည်စာရင်းတင်သွင်းထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကနေ ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပြီး တဲ့နောက် ဒေါက်တာထွန်းရှင်ကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်ထားဖို့ ရွေးကောက်ခံသမ္မတက အမည် စာရင်း တင်သွင်းလိုက်တာပါ။

“ဒီနေ့ နိုင်ငံတော်သမ္မတတွေ ထပ်တင်တာကတော့ ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ်ဖို့ ဒေါက်တာ ထွန်းရှင်ကို ထပ်တင်လိုကတယ်။ အဲဒါကို မနက်ဖြန်ညနေ စနေနေ့မှာ ကန့်ကွက်လွှာအပြီးတင်၊ တနင်္လာနေ့ ၁၂ နာရီမှာ အစည်းအဝေးပြန်စမယ်။ တကယ်လို့ ကန့်ကွက်တဲ့သူမရှိရင် အဲဒီနေ့မှာ အတည်ပြုမယ်ပေါ့။ ဒါပဲခင်ဗျ။ ၁၁ နာရီ ၁၅ မှာ အစည်းအဝေးပြီးပါတယ်။”

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်တွေတုန်းက တွေ့ဆုံပွဲတွေမှာ ဒေါက်တာထွန်းရှင်ဟာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့တဦးအဖြစ် ပါခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ နောက်ဆုံးပတ်က ဂျနီဗာမှာလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေက သုံးသပ်ကြတဲ့ကိစ္စမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီးတော့ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ UPR ခေါ် နိုင်ငံတခုချင်းစီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ပြန်လည်သုံးသပ်တဲ့ ညီလာခံမှာ

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး သူက အပြင်းအထန် ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို အာမခံချက်ပေးထားတယ်လို့ သူကဆိုပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီညီလာခံမှာ တင်ပြဖို့ လာရောက်ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အရ မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ ရပိုင်ခွင့်တွေအကြောင်း တင်ပြဖို့ဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေးအပိုင်းဖြစ်တဲ့ အပိုင်း (၈) မှာ အခြေခံလူ့အခွင့်အရေးမူတွေက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ တန်းတူပေးထားပါတယ်။ တရားဥပဒေရေး အရလည်း ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိဖို့ အာမခံချက် ပေးထားပါတယ်။”

အဲဒီ လူ့အခွင့်အရေးကောင်စီမှာ သုံးသပ်တဲ့ပွဲကို မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပြီး မြန်မာစစ်အစိုး ရရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ဒေါက်တာထွန်းရှင်က ခုခံကာကွယ် ပြောဆိုခဲ့ချိန်မှာ ရှိနေသူတွေထဲ လူ့အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းလည်း အပါအဝင်ဖြစ်ပါတယ်။

ဒေါက်တာထွန်းရှင်ဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးအခြေအနေ တကယ်တမ်းတိုးတက်လာရေး ပြောဆိုခဲ့တာမဟုတ်ဘဲ အုပ်ချုပ်သူ စစ်အစိုးရဘက်ကနေ ခုခံကာကွယ်သွားတာက အတော်စိုးရိမ်စရာ ကောင်းတယ်လို့ ကိုအောင်မျိုးမင်းက ပြောပါတယ်။ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် တရားရေးမဏ္ဍိုင်ကနေ ကူညီ လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့သူက အာဏာရှိသူကို အကာအကွယ်ပေးနေတဲ့ အတွက် ဒီလိုပုဂ္ဂိုလ်မျိုး ရှေ့နေချုပ်ဖြစ်လာတာဟာ လူ့အခွင့်အရေးအခြေအနေ ပိုကောင်းလာစရာမရှိဘဲ ပိုဆိုးလာဖို့ပဲရှိတယ်လို့ ကိုအောင်မျိုးမင်းကမြင်ပါတယ်။

“တကယ်လို့များ လူတယောက်က လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ မြန်မာပြည်ရဲ့တရားဥပဒေကို အကာအကွယ်ယူပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြန်လည်ပြီးတော့ တုံ့ပြန်မယ်ဆိုရင် ဒီတရားရေးမဏ္ဍိုင်က ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒီမဏ္ဍိုင်ကောင်းအောင်လုပ်မယ့် တာဝန်အရှိဆုံးသူ ကလည်း လူ့အခွင့်အရေးကိစ္စကို ကာကွယ်မယ့်သူမဟုတ်ဘဲနဲ့ စစ်အစိုးရဘက်ကနေ ခုခံပြောဆိုမယ့်သူ ဖြစ်မယ်ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ဘယ်လိုမှ ကောင်းနိုင်တဲ့ အခြေအနေလည်း မဟုတ်ဘူး။ အခုလက်ရှိဖြစ်နေတဲ့ တရားစီရင်မှုတွေ၊ ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်ဆိုတဲ့ အချက်တွေ၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေက တကယ် အဂတိလိုက်စားမှုတွေ များနေတယ်၊ လူ့အခွင့်အရေး ကာကွယ်မှုမရှိဘူးဆိုတဲ့ အခြေအနေထက် ပိုမိုဆိုးရွားသွားတဲ့ဟာကို တရားဝင်လုပ်ဆောင်သွားမယ့် အခြေအနေမျိုး ဖြစ်နေတာတွေ့ရပါတယ်။”

အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြုပေးခဲ့ပြီးပြီဖြစ်တဲ့ အခြေခံဥပဒေ တရားခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့နဲ့ အခု ဒေါက်တာထွန်းရှင်တို့ အားလုံးဟာ တခြား စစ်ဘက် အရပ်ဘက် ထိပ်တန်းခေါင်းဆောင် အများအပြားနဲ့အတူ ဥရောပသမဂ္ဂ EU က ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအပြောင်းအလဲ ဘာမှမရှိဘဲ နေရာတွေသာ ပြောင်းလဲသွားပြီး ပုံစံလေး အနည်းငယ်ပြောင်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ထူးးခြားတိုးတက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်သူမရှိသလောက်ပါပဲ။

XS
SM
MD
LG