သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေးအတွက် အချိန်မဆွဲဖို့ ဘန်ကီမွန်းတိုက်တွန်း


မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲ) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြစဉ်။ (နိုဝင်ဘာလ ၁၉၊၂၀၁၁)
မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲ) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြစဉ်။ (နိုဝင်ဘာလ ၁၉၊၂၀၁၁)

မြန်မာနိုင်ငံဟာ လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမှာကြောင့် ပိုပြီးကြီးမား လာနေတဲ့ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ပြုပြင်ပြောင်းလဲရေးတွေ အမြန်စသင့်ပြီလို့ ဒီကနေ့မနက် ဘာလီကျွန်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ သူ့ကို မြန်မာပြည်လာဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်အပေါ်မှာလည်း ဖြစ်နိုင်သမျှ မကြာခင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးသိန်းစိန်ကို သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် ဒီကနေ့မနက်တွေ့ပြီး သီးသန့်ပြောရာမှာ ခုလို အပြောင်းအလဲကို အချိန်မဆွဲဘဲလုပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် သူ့ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၄ အထိ စောင့်နေဖို့ မလိုအပ်ပါဘူး။ အဲဒီမတိုင်ခင်ကတည်းက သူတို့နိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အားလုံးကို စလုပ်သင့်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပိုအားကောင်းအောင် လုပ်သင့်တယ်။ အဲဒီနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေကို ဖန်တီးပေးသင့်ပါတယ်။”

မစ္စတာ ဘန်ကီမွန်းနဲ့ ဦးသိန်းစိန်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ လုပ်ခဲ့တဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးအစည်းအဝေး နောက်ဆက်တွဲဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးညီလာခံရဲ့ ပြင်ပမှာ နှစ်ဘက် သီးသန့် ဆွေးနွေးခဲ့ကြတာပါ။ ဒီအာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်တုန်းက လက်လွှတ်ခဲ့ရတဲ့ အာဆီယံ ဥက္ကဋ္ဌလုပ်ဖို့ အခွင့်အလမ်းကို ပြန်ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပုံမှန်အက္ခရာစဉ်အရ ၂၀၁၆ ခုနှစ်မှာ ဥက္ကဋ္ဌလုပ်ရမယ့်အစား ၂၀၁၀ ရွေးကောက်ပွဲကတက်လာတဲ့ သမ္မတ ဦးသိန်းစိန်က နောက် ရွေးကောက်ပွဲမတိုင်ခင်၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ဥက္ကဋ္ဌလုပ်ခွင့်ပြုဖို့ တောင်းဆိုလာတဲ့အပေါ် အာဆီယံဘက်က လိုက်လျောပေးခဲ့တာပါ။

မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေးတွေ စလုပ်လာတဲ့အပေါ် အာဆီယံဘက်က သံတမန်ရေးအရ အခုလို အသိအမှတ်ပြုပေးခဲ့တာပါ။ ဒါပေမဲ့လည်း မစ္စတာ ဘန်ကီမွန်းကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ ရှိလာချိန်မှာ အစပျိုးဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ပဲ မလုပ်လောက်တော့ဘူး၊ နိုင်ငံတကာ ဘက်ကလည်း အရင်ထက် မျှော်လင့်ချက်တွေ ပိုများလာနေတာကြောင့် မြန်မာဘက်က နောက်ထပ် တိုးတက်မှုကြီးကြီးမားမားတွေ ဖြစ်လာဖို့ ဆက်လုပ်ပြသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။

“၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အပေါ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားချက်တွေ အများကြီးရှိလာတာမို့ သူ့အနေနဲ့ ဒါတွေကို ဖြည့်ဆည်းပေးသင့်ပါတယ်။”

မစ္စတာ ဘန်ကီမွန်းအနေနဲ့ အခုလို တိုက်တွန်းခဲ့တာအပြင် သမ္မတ ဦးသိန်းစိန်ဘက်က မြန်မာပြည်ကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တာကိုလည်း အမိအရ ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး မကြာခင်ကာလမှာ သွားလည်ဖို့ ပြင်ဆင်နေတယ်လို့ ဆက်ပြောပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို အခုမှစပြီး စီစဉ်ရတာမိုလို့ သွားဖို့အတွက်က လပိုင်းတော့ ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။

မကြာခင်လပိုင်းတွေအတွင်း ဖြစ်လာမယ့် မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို ပိတ်မထားဖို့ ကိုယ်တိုင်သွားပြီး ဖျောင်းဖျခဲ့တဲ့ ခရီးစဉ်အပြီးမှာ ဒုတိယခရီးစဉ် ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လာမယ့်ခရီးစဉ်ဟာ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေးတွေ စလုပ်လာပြီး နိုင်ငံတကာဘက်က ဖိအားတွေ လျော့ကျကာ အထီးကျန်ဖြစ်နေတာကနေ လွတ်မြောက်ဖို့ ကြိုးစားနေချိန်၊ မြန်မာအပေါ် အပြင်းအထန် ဖိအားပေးထားတဲ့ အမေရိကန်ဘက်ကလည်း တရုတ်နိုင်ငံရဲ့ အင်အားကြီးမားမှုကို ရင်ဆိုင်ဖို့ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေနဲ့ စစ်ရေး သေနင်္ဂဗျူဟာအရ ဆက်ဆံရေး ပိုအားကောင်းလာအောင်လုပ်ဖို့ ပြောင်းလဲ ကြိုးစားလာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

XS
SM
MD
LG