ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မကြာခင်လပိုင်းတွေအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး အဲဒီအတွက် မြန်မာအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအကြား ညှိနှိုင်းပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုအချို့ မြင်လာရတာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆက်ဆံမှုတွေ၊ ထောက်ခံအားပေးမှုတွေ လုပ်လာချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာပြည်ကို သွားရောက်ဖို့ ဖြစ်လာတာပါ။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
မစ္စတာဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အခု ဒီတခါ သွားဖြစ်မယ်ဆိုရင် သုံးကြိမ်မြောက် မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတခေါက် သူ သွားရောက်မယ့် အခြေအနေကတော့ အရင်အခြေအနေတွေနဲ့ မတူပါဘူး။ တစုံတရာ နိုင်ငံရေး ပြောင်းလဲမှုတွေအောက်မှာ သူတွေ့လိုသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန် တွေ့ဆုံခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။ အတွင်းရေးမှူးချုပ် သွားရောက်နိုင်ဖို့အတွက် စတင်ပြင်ဆင်နေပြီလို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာတင်နာဆားကီး (Martin Nesirky) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“သိပ်မကြာခင် ဖြစ်နိုင်သမျှ မြန်မြန် မြန်မာပြည်ကို သွားရောက်ဖို့ရှိပါတယ်။ အခုလာမယ့် နှစ်ဆန်းပိုင်းလောက် ဖြစ်နိုင်ပါတယ်။ ဒီအတွက် မြန်မာအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအကြား ကျေနပ်လောက်အောင် ညှိနှိုင်း ဆောင်ရွက်ပြီးရင် မြန်မြန်ဆန်ဆန် သွားရောက်မှာဖြစ်ပါတယ်။”
မစ္စတာဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ပြီးခဲ့တဲ့လကပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီက အာဆီယံ-ကုလသမဂ္ဂ ပူးတွဲအစည်းအဝေးမှာ တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ဥက္ကဋ္ဌ ပေးဖို့အတွက် အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာဘန်ကီမွန်းက ကြိုဆိုခဲ့ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေကြောင့် အားတတ်မိပြီး သူ့အနေနဲ့ မြန်မာပြည်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး သွားရောက်လိုတယ်လို့ အဲဒီကတည်းက ပြောဆိုခဲ့တဲ့အကြောင်း မစ္စတာမာတင်က ပြောပါတယ်။ အဲဒီ ဘာလီအစည်းအဝေးမှာပဲ သမ္မတဦးသိန်းစိန် ကလည်း မြန်မာပြည်လာရောက်ဖို့အတွက် မစ္စတာဘန်ကီမွန်းကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန်သွားရောက်လိုတယ် ဆိုတာကို သူ ဘာလီမှာ ရှိစဉ်ကတည်းက ထုတ်ပြောခဲ့ပြီးသားပါ။ ဒါပေမဲ့ ဘယ်တော့လဲဆိုတာ အတိအကျ မပြောခဲ့ပါဘူး။”
မစ္စတာဘန်ကီမွန်းဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ မြန်မာပြည်ကို သွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် တုန်းကတော့ နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အဓိက သွားရောက်တာဖြစ်ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လို ကြားဝင်ညှိနှိုင်းနိုင်မလဲ ဆိုပြီး သွားခဲ့တာပါ။ ဒါပေမဲ့ နှစ်ခေါက်စလုံးမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေ အရာမရောက်ဘူးဆိုပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံအရေး ကိစ္စဟာ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမှုထဲမှာ စာရင်းဝင်ထားတာမို့ မကြာခဏဆိုသလို မြန်မာ့အရေးအတွက် အတွင်းရေးမှူးချုပ်ကဦးဆောင်ပြီး လုံခြုံရေးကောင်စီထဲမှာရော၊ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများမှာပါ ဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မကြာမကြာ ပြောဆိုတာမို့ လာမယ့်ခရီးစဉ်မှာလည်း ဒီကိစ္စအတွက် ပြောဆိုဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
“အတွင်းရေးမှူးချုပ်ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ လိုမယ်ဆိုတာကို အတွင်းရေးမှူးချုပ်အနေနဲ့ ထပ်ခါ ထပ်ခါ တောင်းဆိုခဲ့ပါတယ်။”
နိုင်ငံခြားရေးဝန်ကြီးကလင်တန် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဟာလည်း မြန်မာအတွက် အရေးပါတဲ့ အခြေအနေဖြစ်ပြီး၊ ဒါဟာ ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာစေဖို့ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာတင်က ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေအတွက် အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ဟာ မကြာသေးခင်ကပဲ မြန်မာပြည်ကို အသီးသီး သွားရောက်နိုင် ခဲ့ကြပါတယ်။