သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာကို ကုလတောင်းဆို


အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ပြီးခဲ့တဲ့သီတင်းပတ်က ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ အမှုမှန်ပေါ်အောင် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက ဇန်နဝါရီလ ၂၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee အပေါ် ဦးဝီရသူရဲ့ ရိုင်းစိုင်းတဲ့ ပြောဆိုချက်တွေကိုလည်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကုလအထူးကိုယ်စားလှယ်က ပြစ်တင်ရှုတ်ချ လိုက်ပြီး မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့အတူ ခွဲခြားဆက်ဆံမှုမရှိတဲ့ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ မြန်မာအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခုလို အပြစ်ကင်းစင်တဲ့ တိုင်းရင်းသူအမျိုးသမီးငယ် ၂ ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အမှုအစီရင်ခံစာအပေါ်မှာ အခြေအနေတွေကို အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Zainab Hawa Bangura က ဗွီအိုအေကို ပြောပါတယ်။

“ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျမတို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေ ပြုစုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းကြားရတော့ ကျမအနေနဲ့ ကြေညာချက်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့သူတွေက အဓမ္မပြုကျင့်တယ်ဆိုတာ လုံး၀ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်းမှာ တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတာ ကျမတို့ကြားရတဲ့အတွက်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ဒီအချက်ကို နိုင်ငံတကာ နိုးကြားမှုရှိစေဖို့ မီးမောင်းထိုးပြဖို့ တာဝန်ရှိတာလည်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အဓိက တာဝန်ရှိတာဖြစ်တဲ့အကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ အစိုးရကို ကျမ တိုက်တွန်းလိုပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ညက မြန်မာစစ်တပ် ခမရ ၅၀၃ ရဲ့ စစ်ကြောင်းတကြောင်း စခန်းချတဲ့နေရာအနီး ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒီအမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဦးဝီရသူရဲ့ ရိုင်းစိုင်းပြောဆိုချက်တွေကို သူ့အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း Zainab Hawa Bangura က ပြောပါတယ်။

“ဦးဝီရသူက ဒါကို လူသိရှင်ကြားပြောခဲ့တာပါ။ နောက်ကွယ်မှာပြောတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး မဟာမင်းကြီးကလည်း ဒါကို ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်ကို ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ကျမတို့ ကုလသမဂ္ဂမှာရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအနေနဲ့ ဒီလို အထူးစုံစမ်းစစ်ဆေးရေးမှူးကိုပြောတာ၊ အမျိုးသမီးတဦးအပေါ် အခုလို ရင့်ရင့်သီးသီး သုံးနှုန်းပြောဆိုတာဟာ ဂုဏ်သိက္ခာရှိတဲ့ ဘာသာရေးပုဂ္ဂိုလ်အနေနဲ့ ဒီလို နိမ့်ကျတဲ့ အသုံးအနှုန်းတွေကို အမျိုးသမီးတွေအပေါ် သုံးနှုန်းတာတွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ကျမ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃ နှစ်တာကာလနဲ့ နှစ် ၂၀ ကျော် လူ့အခွင့်အရေး လုပ်ဆောင်ခဲ့သူ တဦးအနေနဲ့ ဒီလိုမျိုးပြောဆိုမှုတွေကို မကြုံတွေ့ခဲ့ရပါဘူး။ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေကို အခုလို ရင့်သီးစွာပြောဆိုတာကို ကျမတို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး။”

ဒါ့အပြင် အခုလို ရိုင်းစိုင်းစော်ကားတဲ့ ပြောဆိုချက်မျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းသာမက ပြည်တွင်းကပါ လက်မခံဘူးဆိုတာ ဦးဝီရသူသိအောင်ပြောဖို့ မြန်မာအစိုးရရော၊ ဘာသာရေးခေါင်းဆောင်တွေမှာပါ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ တခြားဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒါဟာ မသင့်တော်တဲ့ ပြောဆိုမှုလို့ နားလည်သဘောပေါက်ပြီး အခုလို ရင့်သီးစွာပြောဆိုတဲ့ ဘာသာရေးပုဂ္ဂိုလ်ကို ဝိုင်းကြဉ်ကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဘာသာရဟန်းတပါး မဟုတ်ဘူးဆိုတာကို ပြသဖို့ လိုပါတယ်။ ဒါ အရေးကြီးပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို ကျမတို့ထုတ်ပြီး ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြဖို့နဲ့ ဆရာမလေး ၂ ဦး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။”

လာမယ့် မတ်လမှာပြုလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစီရင်ခံစာအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ရရှိထားတဲ့အကြောင်းလည်း သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ အစီရင်ခံစာကို ရေးသားနေပြီး အချက်အလက်တွေ တိကျခိုင်မာအောင်လည်း မြန်မာအစိုးရနဲ့ ဆွေးနွေး သွားမှာဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Zainab Hawa Bangura က ဗွီအိုအေ ကို ပြောပါတယ်။

XS
SM
MD
LG