မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့ဆက် ဘယ်လို တုံ့ပြန်ခြေလှမ်း လှမ်းသွားမလဲ ဆိုတာတွေကို မြန်မာ့အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေကို ရှင်းပြဖို့အတွက် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ဟာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်တာဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချဉ်းကပ်ဆောင်ရွက်ရာမှာ မြန်မာ့အိမ်နီးချင်းတွေနဲ့ပါ ပူးတွဲဆောင်ရွက်လိုကြောင်း ဖော်ပြတဲ့ ခရီးစဉ်တစ်ခုလို့ ယူဆရမှာပါ။ ကိုသားညွှန့်ဦးက အစီရင်ခံထားပါတယ်။
အမေရိကန်ပြည်ထာင်စုအနေနဲ့ မြန်မာ့အရေး ဆောင်ရွက်တဲ့နေရာတွေမှာ ဒေသတွင်းက မိတ်ဆွေ နိုင်ငံတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အရင်ပြောထားတဲ့အတိုင်း ရှေ့ဆက် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်တုံ့ပြန်သွားမလဲ ဆိုတာ အခု မစ္စတာဒဲရက်မစ်ချဲလ် ခရီးစဉ်ကနေ ညှိနှိုင်းအသိပေးလိုတဲ့သဘော ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်ဟာ ဒီခရီးစဉ်အတွင်းကနေ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားအစိုးရတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး မြန်မာ့နိုင်ငံအရေးကို ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဦးဆောင်လုပ်သွားနိုင်မယ့် အခွင့်အလမ်းရရှိမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယားနျူလန် (Vitoria Nuland) က ပြောသွားပါတယ်။
“ဘာတွေ ဆောင်ရွက်သွားမလဲဆိုတာ ကြိုဆွေးနွေးပြီးသားတော့ရှိပါတယ်။ ဒါပေမဲ့ မသွားခင် ဆုံးဖြတ်တာ မရှိခဲ့ပါဘူး။ မြန်မာပြည်ရောက်တော့မှ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေ အကောင်အထည်ဖော် တုံ့ပြန်မလဲဆိုတာကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အခု အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ဟာ ဒေသတွင်းမှာရှိတဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ သွားရောက်တွေ့ဆုံပြီး အမေရိကန်ဘက်က ဒီခြေလှမ်းတွေကို ဘာကြောင့်လုပ်တယ်၊ ဒီအတွက်လဲ ဘယ်လို မျှော်လင့်ထားတယ် ဆိုတာတွေကို ရှင်းပြရင်း မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆုံးဖြတ်ပြီးသား မြန်မာ့အရေး ခြေလှမ်းတွေ ဘာလဲဆိုတာ မပြောပေမဲ့လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာပြည်မှာ ပြောသွားခဲ့စဉ် အကူအညီ အထောက်အပံ့အချို့ ပေးမယ်ဆိုတဲ့ ကိစ္စတွေအပေါ်မှာလည်း မစ္စတာဒဲရက်မစ်ချဲလ်အနေနဲ့ ထည့်သွင်း ဆွေးနွေး ရှင်းပြဖွယ် ရှိပါတယ်။
မြန်မာ့အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ဆက်ဆံရေးပိုင်းမှာတော့ မြန်မာကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံရေး ထိပ်တိုက်တွေ့စရာ မရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက ယူဆပါတယ်။ အမေရိကန်အနေနဲ့ တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်တာကို မြင်တွေ့လိုသလိုပဲ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားအမြင် မူဝါဒတွေကိုလည်း တရုတ်ကို ပွင့်ပွင့်လင်းလင်း အသိပေး ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးပြောခွင့်ရသူက ပြောပါတယ်။
အဓိကအချက်ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ အနာဂတ်နိုင်ငံရေးကို ပိုပြီး အလေးပေးပြီး တိုးတက်လာတဲ့ အခြေအနေ တစ်ခုချင်းအတွက် ခြေလှမ်းတစ်လှမ်းချင်း တုံ့ပြန်သွားမယ်ဆိုတဲ့ သဘောထား ရှိတယ်လို့ နိုင်ငံခြားရေးပြောခွင့်ရသူ ဗစ်တိုးရီးယားနျူလန်က ပြောပါတယ်။
“မြန်မာပြည်ရဲ့ ဒီမိုကရေစီအနာဂတ်ကို ရှုမြင်လိုပါတယ်။ လွတ်လပ်ပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲတွေမှာ မြန်မာပြည်သူတွေ ပါဝင်ပတ်သက်ခွင့်ရတာကို မြင်လိုပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်လိုရင် ပါဝင်ခွင့်ရတာကို မြင်လိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံခြားရေးဝန်ကြီးကလင်တန် ပြောခဲ့သလိုပါပဲ။ တစ်ယောက်ဆိုတစ်ယောက် လွှတ်တာဟာ အရေးကြီးပါတယ်။ ဒုက္ခသည်တွေ နေရပ်ကို ပြန်လာနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။”
မစ္စတာဒဲရက်မစ်ချဲလ်ဟာ ပြီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ အနီးကပ်ပါသွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံခြားရေးဝန်ကြီးကလင်တန် ခရီးစဉ်ကိစ္စကိုလည်း မြန်မာအိမ်နီးချင်းမိတ်ဆွေ နိုင်ငံတွေကို ရှင်းပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အင်ဒိုနီးရှား ဘာလီကျွန်း အာဆီယံအစည်းအဝေး လာရောက်စဉ်မှာ သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကို မြန်မာပြည်ကို စေလွှတ်မယ်ဆိုတဲ့အကြောင်းနဲ့ ဘာကြောင့် အခုလို သွားရောက်မယ် ဆိုတာကိုတော့ သမ္မတအိုဘားမားကိုယ်တိုင် အဲဒီမှာ တရားဝင်ရှင်းလင်းခဲ့ဖူးပါတယ်။