သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး တရုတ်-အမေရိကန် ပူးပေါင်းကူညီမည်


မြန်မာတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး တရုတ်-အမေရိကန် ပူးပေါင်းကူညီမည်
မြန်မာတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး တရုတ်-အမေရိကန် ပူးပေါင်းကူညီမည်

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံအတွက်ပါ တူညီတဲ့ စိတ်ဝင်စားမှုတွေ ရှိထားပြီး ဒီအပေါ်မှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ပြောဆိုလိုက်ပါတယ်။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ် ဟာ မနေ့က သုံးနိုင်ငံ အာရှခရီးစဉ်ကို တရုတ်နိုင်ငံမှာ အဆုံးသတ်လိုက်ပြီး သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာတွေကို မနေ့က တရုတ်နိုင်ငံ ဘေဂျင်းမှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ အစဉ်အလာသဘောအရ ဆိုရင်တော့ အမေရိကန်နဲ့ တရုတ်အကြားမှာ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောခဲဆိုခဲရှိပေမဲ့ အခု နှစ်နိုင်ငံစလုံးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တူညီတဲ့ စိတ်ဝင်စားချက်တွေ ရှိနေတယ် ဆိုတာကို ဒီရောက်ပြီး ရက်ပိုင်းအတွင်းမှာ တွေ့ရတယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ နှစ်နိုင်ငံစလုံးက စိတ်ဝင်စားသလိုပဲ တရားမဝင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုနဲ့ ကျန်းမာရေး ပြဿနာလိုကိစ္စရပ်တွေမှာ နှစ်ဘက် စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံထဲက ကိစ္စတွေတင်မကဘဲနဲ့ နယ်စပ်အခြေအနေမှာပါ အကဲစမ်းမှုတချို့ ရှိနေတယ်ဆိုတာကို အမေရိကန်ရော တရုတ်ဘက်ကပါ မြင်ထားပြီးတော့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံတွင်းက အစုအဖွဲ့အားလုံးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် ဟာ တရုတ် နိုင်ငံခြားရေးဌာနက အရာရှိတွေ၊ တရုတ်နိုင်ငံတွင်း မူဝါဒရေးဆွဲရာမှာ အရေးပါတဲ့ ပညာရှင်တွေ၊ အခြားလေ့လာသူတွေကိုပါ တွေ့ဆုံခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်ရှိ မြန်မာ့အရေးချည်းကပ်မှုနဲ့ သဘောထားအမြင်တွေကို ရှင်းပြခဲ့ပါတယ်။

တဘက်မှာ အမေရိကန်ဘက်က မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ဆက်ဆံလာတာကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်လာမလားဆိုပြီး စိုးရိမ်မှုတွေ ယူဆမှုတွေ ရှိတာကိုတော့ မစ္စတာမစ်ချဲလ်က ပယ်ချခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ဆက်ဆံတာဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မသင့်မမြတ်ဖြစ်မှာကို မလိုလားသလို ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ရှိစေဖို့သာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မစ္စတာမစ်ချဲလ်ဟာ တရုတ်အပြင် ဂျပန် တောင်ကိုရီယားတွေကိုပါ သွားရောက်ပြီး အဲဒီက အာဏာပိုင်တွေနဲ့ မြန်မာ့အရေးကို ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အပြုသဘော တိုးတက်မှုတွေ မြင်လာရတာကြောင့် ဒီအပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က ဘယ်လို ကူညီ ဆောင်ရွက်မယ်၊ အခြားနိုင်ငံတွေကရော ဘယ်လို ကူညီနိုင်မယ် ဆိုတာကို အလေးပေးဆွေးနွေးပြီး အပြန်အလှန် ပူးပေါင်း လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုဟာ သူ့ခရီးစဉ်ရည်မှန်းချက် ဖြစ်တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။

မစ္စတာမစ်ချဲလ်အနေနဲ့ အခုခရီးစဉ်အပြီး နောက်ပိုင်းမှာ မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အခု အိန္ဒိယနိုင်ငံကိုတော့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ် (William Burns) ရောက်ရှိနေပြီး မနေ့က ဆွေးနွေးပွဲတစ်ခုမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထည်သွင်း ပြောခဲ့ပါသေးတယ်။

တလောတုန်းက အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ရာအို (Rao) က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့တာကို အိန္ဒိယရဲ့ မြန်မာ့အရေး အရေးပါတဲ့ခြေလှမ်း တစ်ရပ်အနေနဲ့ မစ္စတာဘန်းစ်က ထောက်ခံ ပြောဆိုသွားပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ရှိတဲ့ သမိုင်းရှည်ကြာတဲ့ ချစ်ကြည်ရင်းနှီးမှုကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ခိုင်မာတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး အားပေး ဆောင်ရွက်သွားတာကို မျှော်လင့်တယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ် က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG