အမေရိကန်အစိုးရက အမေရိကန်နိုင်ငံခြားရေးဆိုင်ရာ အကြံပေးတဦးဖြစ်တဲ့ မစ္စတာ ဒဲရက်မစ်ရှဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာခင် ခန့်အပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကွယ်လွန်သူ အမေရိကန်အောက်လွှတ်တော်အမတ် တွမ်လန်းတို့စ် ဦးဆောင် တင်သွင်း တဲ့ Jade Act ဥပဒေအရ အမေရိကန်လွှတ်တော်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ် ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ မအေးသန္တာကျော်က အပြည့်စုံတင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ့်သူဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးပြီး တရုတ်၊ အိန္ဒိယ အပါအဝင် ဒေသတွင်း အရေးပါတဲ့ အစိုးရတွေနဲ့လည်းသိတဲ့ သူလုပ်ဆောင်ရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ယထာဘူတကျကျနဲ့ ဗျူဟာမြောက် အမြင်ရှိသူဖြစ်တယ်လို့ ပထမအခေါက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ ခန့်အပ်ခံရဖို့ လျာထားခံရသူ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အာရှရေးရာ အဆင့်မြင့် ညွန်ကြားရေးမှူး မိုက် ဂရင်းက ပြောပါတယ်။
အခုလို အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံ အထူး ကိုယ်စားလှယ်အဖြစ်နဲ့ သတ်သတ်မှတ်မှတ် အဆင့်မြင့်အရာရှိတဦးကို ခန့်အပ်မှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေး ကြိုးစားမှုအတွက် အထူးအရေးပါ ပါတယ်လို့ အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာတာဝန်ရှိသူ ဒေါက်တာသောင်းထွန်းက သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ထွက်ပေါ်လာတဲ့ ရလဒ်အခြေခံအပေါ်က အစိုးရသစ်ဖွဲ့လိုက်တယ် ဆိုပေမဲ့လို့ အစိုးရတို့လို ပါလီမန်တို့လို အဆောက်အအုံတွေ အပြောင်းအလဲဟာ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဖြစ်တယ်လို့ အမေရိကန်က မယူဆဘူး။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်အောင် အမေရိကန်က ဆက်ပြီး နည်းလမ်းတွေ ရှာမယ်၊ ရှာချင်တဲ့ ဆန္ဒရှိတယ် ဆိုတာကို ဒါ ထင်ဟပ်ပါတယ်။ အခု ကွန်ဂရက်ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဥပဒေတွေ ချထားတယ်။ အဲဒီထဲ သူတို့အထူးပြုပြီး တောင်းဆိုထားတာက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ special envoy (အထူး ကိုယ်စားလှယ်) ခန့်ဖို့သဘောပါ။ ဘာကြောင့် special envoy လိုသလဲဆိုတော့ တဦးတယောက်ကို special envoy ထားခြင်းအားဖြင့် မြန်မာပြည်အတွက် အချိန်ပြည့်ပေးနိုင်တဲ့သဘောပေါ့။ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ပတ်သက်နေတဲ့ ဇာတ်ကောင်တွေ အကုန်လုံးတွေ့ဆုံ ထိတွေ့ဖို့လိုပါတယ်။
အဲဒီအပိုင်းမှာ အခု အစိုးရသစ်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ လိုသလို ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေကိုလည်း တွေ့ဆုံဖို့လိုတယ်။ ယူအန်တို့၊ အီးယူတို့ အခြားအိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ အာဆီယံ စတဲ့ နိုင်ငံပေါင်းစုံက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဟန်ချက်ညီတဲ့
နိုင်ငံတကာ ချဉ်းကပ်မှုတွေ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒီထက်လည်း ပိုပြီးတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်ကိစ္စကို ထဲထဲဝင်ဝင် လုပ်ဆောင်ဖို့လိုမယ်လို့ ကျနော်တို့ မြင်ပါတယ်။”
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပိတ်ဆို့ အရေးယူရေး ရပ်တည်ချက်စာတမ်းကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ၄ ယောက်ကလည်း ပိတ်ဆို့အရေးယူတာ ပိုပြီးထိရောက်ဖို့ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် အမြန်ခန့်ထားဖို့လိုမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လ ၂၉ ရက်နေ့ကပဲ တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရမယ့် မစ္စတာ ဒဲရက်မစ်ရှဲလ် (Derek Mitchell) ဟာ လောလောဆယ်မှာတော့ အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီး ရာထူးကို ယူထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနဲ့အာရှဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ တွေကြောင့် ဒီရာထူးအတွက် အထူးသင့်လျော်သူလို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မြင်ကြပါတယ်။
“ဒဲရက်မစ်ရှဲလ်ဟာ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ ကာလအတော်ကြာ ပတ်သက် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ အဲဒီအပြင် ကာ့တ် ကန့်ဘဲလ် (Kurt Campbell) နဲ့ ပူးတွဲပြီးတော့ လုပ်ဆောင်ခဲ့တာ၊ နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်။ သမ္မတဘုရ်ှ လက်ထက်မှာ envoy ခန့်အပ်ခံရမယ့် သတင်းထွက်လာတဲ့ မိုက် ဂရင်း (Mike Green) နဲ့လည်း မြန်မာပြည်နဲ့ပတ်သက်လို့ သုတေသနတွေ ရေးသားမှုတွေ လုပ်နေတဲ့သူဖြစ်တာမို့ မြန်မာပြည်ကိစ္စနဲ့ပတ်သက်လို့ အတော် နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီးသား ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ တစုံတရာ ထိထိရောက်ရောက် သံတမန်ရေးရာ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားရဲ့ မြန်မာပြည်ဆိုင်ရာ လက်ရှိ မူဝါဒဖြစ်တဲ့ တဘက်မှာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ထားသလို တဘက်မှာလည်း သံတမန်ရေးအရ ခန့်အပ်မှုနဲ့ နိုင်ငံရေးအရ အဖြေရှာမှုတွေကို မစ္စတာ ဒဲရက် က ဆုပ်ကိုင်ထားတယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။