သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန် အထူးကိုယ်စားလှယ် အဆိုပြုမှု USCB ကြိုဆို


မြန်မာ့အရေး အမေရိကန် အထူးကိုယ်စားလှယ် အဆိုပြုမှု USCB ကြိုဆို
မြန်မာ့အရေး အမေရိကန် အထူးကိုယ်စားလှယ် အဆိုပြုမှု USCB ကြိုဆို

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သမ္မတအိုဘားမား အဆိုတင်သွင်း ထားသူ ဒဲရက်မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာနိုင်ငံအပြင် ဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ နှံ့စပ်နားလည်သူဖြစ်တာမို့ သမ္မတ အိုဘားမားရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) က ကြိုဆိုလိုက်ပါတယ်။ ဒီလို ခန့်အပ်မှုကြောင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးဟာ အဆင့်တဆင့် မြင့်လာတယ်လို့လည်း ယူဆကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ကိစ္စမှာ အချိန်ကာလ ၂နှစ် လောက် ကြန့်ကြာနေခဲ့ပြီးမှ အခုနောက်ဆုံး လက်ရှိ အာရှပစိဖိတ်လုံခြုံရေးဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဒဲရက်မစ်ချဲလ်ကို ပြီးခဲ့တဲ့အပတ်က သမ္မတ အိုဘားမားက လွှတ်တော်ကို အဆိုပြု တင်သွင်းလိုက်တာပါ။ အထူးကိုယ်စားလှယ်အနေနဲ့ အဓိက တာဝန်ယူ ဆောင်ရွက်ရမယ့်ကိစ္စရပ် ၃ရပ် ရှိတယ်လို့ အရှေ့အာရှဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းက ပြီးခဲ့တဲ့ ဝါရှင်တန်ဒီစီ မြန်မာ့အရေးဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။

“ပထမ အချက်ကတော့ မြန်မာနိုင်ငံထဲက အစိုးရအဖွဲ့၊ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ထိစပ် လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့အရေး မူဝါဒတွေကို ရှေ့ဆက် ဆောင်ရွက်နိုင်အောင် အမေရိကန်အစိုးရ အေဂျင်စီတွေအကြား ဆက်စပ်ပြီး ဦးဆောင် လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ တတိယအချက်ကတော့ မြန်မာ့အရေးအတွက် နိုင်ငံတကာ အစိုးရ တွေနဲ့ ထိစပ်လုပ်ကိုင်သွားဖို့ပါ။ အဓိကကတော့ အီးယူ ဥရောပသမဂ္ဂ၊ ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ် အပါအဝင် အရှေ့မြောက်ပိုင်း အာရှနိုင်ငံတွေ မြန်မာအရေး ဆက်ဆံ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”

အခုလို သီးခြား ကိုယ်စားလှယ် ထားခြင်းအားဖြင့် အမေရိကန်မူဝါဒ အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာနိုင်ငံအရေးကို သီးခြား အချိန်ယူ ဆောင်ရွက်နိုင်မယ့်သူ ရှိလာမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန် မူဝါဒထဲ မြန်မာ့အရေးဆောင်ရွက်မှုမှာ အဆင့်တဆင့် မြင့်လာတယ်လို့ ယူဆရတဲ့အကြောင်း USCB အဖွဲ့ရဲ့အမှုဆောင် ညွန်ကြားရေးမှူး ကိုအောင်ဒင်က ပြောပါတယ်။

“အခုလို အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ဆုံးဖြတ်တာကို ကျနော်တို့က ကြိုဆိုပါတယ်။ သူ ရွေးချယ်တဲ့ပုဂ္ဂိုလ် ဒဲရက်မစ်ချဲလ် ကလည်း ကျနော်တို့အနေနဲ့ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်ပေါ့နော်။”

သူနဲ့ပတ်သက်တဲ့ အကြောင်းတွေ ဘယ်လိုများ သိထားလဲခင်ဗျ။ ဆိုလိုတာက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ ဘယ်လောက် နှံ့နှံ့စပ်စပ် သိပါသလဲ။ မြန်မာအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ရောပေါ့။ -

“သူက ၁၉၉၃ လောက်ကစပြီးတော့ ၁၉၉၇-၉၈ လောက်အထိ NDI လို့ခေါ်တဲ့ National Democratic Institute မှာ senior program officer ပေါ့နော်။ အာရှဒေသဆိုင်ရာ အတွက်လုပ်ဖူးတယ်။ အာရှတိုက်နဲ့ ပတ်သက်တဲ့ ဒီမိုကရေစီ ပရိုဂရမ်တွေကို သူက ကြီးကြပ်တာဝန်ယူရတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အဲဒီကာလမှာလည်း ၁၉၉၆-၉၇ ခုနှစ်လောက် ဖြစ်မယ်ထင်တယ်။ မြန်မာနိုင်ငံကို NDI ကိုယ်စားလှယ် အဖွဲ့ သွားတုန်းက သူပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့တယ်။ NDI ကနေပြီးတော့ မြန်မာ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတဲ့နေရာမှာ သူ့က ဦးဆောင် တာဝန်ယူ ရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်း အတော်များများနဲ့လဲ သူက တိုက်ရိုက်ပတ်သက်မှု ရှိပါတယ်။”

အရင်သမ္မတဘုရှ် လက်ထက်တုန်းကတော့ မိုက်ကယ် ဂရင်းကို သူတို့အဆိုပြုမယ်ဆိုပြီးတော့ သတင်းထွက်ခဲ့ ပါတယ်။ အခုတော့ ဒဲရက်မစ်ချဲလ် ကို အဆိုပြုထားတာနဲ့ပတ်သက်လို့ တကယ့် အမေရိကန် နိုင်ငံရေးပါတီ ၂ ရပ် စလုံးက လွှတ်တော်ထဲမှာ ဘယ်လို သဘောထားရှိမယ်ထင်ပါလဲ။ -

“သူ့အနေနဲ့က ကျနော် မြင်တာကတော့ ဆီးနိတ်မှာ ရီပါပလစ်ကန် ပါတီကရော၊ ဒီမိုကရက်ပါတီကရော နှစ်ဘက်စလုံးက ထောက်ခံတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ သူက တကယ်ကတော့ ဒီမိုကရက်ပါတီနဲ့ ပိုပြီး နီးစပ်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ သို့သော်လည်း တနေ့က ရီပါပလစ်ကန်ပါတီရဲ့ ခေါင်းဆောင် ဆီနိတ်တာ မစ်ချ် မက်ကောနဲလ် ကိုယ်နှိုက်ကိုက ဒဲရက်မစ်ချဲလ်ကို ခန့်အပ်တဲ့ကိစ္စ အပေါ်မှာ ကြိုဆိုတယ်ဆိုတဲ့အခါကျတာ့ သူ့အပေါ်မှာ ပါတီ ၂ ရပ်စလုံးက ထောက်ခံလိမ့်မယ်လို့ ကျနော်တို့ကတော့ ယုံကြည် မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ မြန်မာနိုင်ငံကိစ္စကို အဓိက ကိုင်တွယ်တာက လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့ကန့်ဘဲလ် ပေါ။ ဒါပေမဲ့ ကာ့ကန့်ဘဲလ် ကိုယ်နှိုက်က အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တခုလုံးကို တာဝန်ယူရတဲ့အခါကျတော့ သူ ကိုင်တွယ်ရတဲ့ နိုင်ငံပေါင်းက ၃၀ ကျော် ရှိပါတယ်။ ဆိုတော့ အခုလိုမျိုး မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ရှိလာပြီဆိုရင် မြန်မာနိုင်ငံ အရေးကိစ္စကို နေ့တိုင်းနေ့တိုင်း တာဝန်ယူ ဆောင်ရွက်ပြီးတော့ အရေးကြုံရင်ကြုံသလို ချက်ချင်း တုံ့ပြန်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တယောက် ရှိလာခြင်းအားဖြင့် ဒါက အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံ အရေးကိစ္စက အဆင့်တဆင့် မြင့်လာတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးဆောင်ရွက်ဖို့ အထူး ကိုယ်စားလှယ် ထားရှိရေးကိစ္စကို ၂၀၀၈ ခုနှစ် JADE ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ အခု သမ္မတအိုဘားမား အဆိုပြုထားသူကိုတော့ လွှတ်တော် ကနေ ကြားနာစစ်ဆေးပြီး နောက်ဆုံး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG